DVB Logo
Home
မြန်မာသတင်း
ဗိုလ်မှူးစောမုတ်သုန် အပေါ်  ထိုင်းက ထုတ်ထားတဲ့ ဖမ်းဝရမ်း အလုပ်ဖြစ်နိုင်သလား 
အောင်ခန့်
·
July 30, 2026
Photo: DVB
Photo: DVB
Donate to DVB

စစ်အာဏာရှင်တပ်လက်အောက်ခံ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF) တပ်နယ် ၄ တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန်ကို နိုင်ငံဖြတ်ကျော် လူကုန်ကူးမှု စွပ်စွဲချက်တွေနဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့ပေမဲ့ လက်တွေ့ဖမ်းဆီးဖို့ မလွယ်ဘူးလို့ BGF တပ်ဖွဲ့ အသိုက်အဝန်းက ပြောပါတယ်။ 

ဗိုလ်မှူးစောမုတ်သုန်ကို နိုင်ငံဖြတ်ကျော် လူကုန်ကူးမှု၊ ရာဇဝတ်ကျူးလွန်မှုနဲ့ ထိုင်းနိုင်ငံ အထူးမှုခင်းစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (DSI) နဲ့ ရာဇဝတ်မှုဆိုင်ရာတရားရုံးတို့က ဇူလိုင် ၂၇ ရက်နေ့က  ဖမ်းဝရမ်းထုတ်ခဲ့တာပါ။

ဗိုလ်မှူး စောမုတ်သုန်ဟာ လူကုန်ကူးမှု ကျူးလွန်တဲ့၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကျူးလွန်ထားတဲ့ နိုင်ငံခြားသားတွေကို နိုင်ငံပြင်ပကို ခေါ်ဆောင်တာ၊ စေလွှတ်တာ၊ တရားဥပဒေစိုးမိုးမှုအောက်မှ လွတ်ကင်းအောင် ကူညီတာ၊ ပုန်းခိုရာ နေရာစီစဉ်ပေးတာ စတဲ့ပြစ်မှုတွေ ကျူးလွန်ထားတယ်လို့လည်း ဝရမ်းထုတ်တဲ့စာမှာ ဖော်ပြထားပါတယ်။

BGF တပ်မှူးတယောက်က “သူတို့ကတော့ ဖမ်းဝရမ်းထုတ်ပဲ ရမှာပေါ့။ လာဝင်ဖို့လို့ ဝင်ဖမ်းလို့ မရဘူး။ ဝင်ဖမ်းရင်တော့ ဟိုမှာက အဖမ်းဘယ်ခံမလဲ။ တစ်အချက်က သူ(ထိုင်း) လာဝင်ဖမ်းရင် နိုင်ငံတော်က ခွင့်ပြုပေးမှ လာဖမ်းလို့ရမှာပေါ့။ ဗိုလ်မှူးကြီးမုတ်သုန်က ယိုးဒယား(ထိုင်း) ဘက်သွားရင်တော့ ဖမ်းလို့ရတာပေါ့။  ယိုးဒယားဘက်ကို မသွားရင် ဘယ်ဖမ်းလို့ရမလဲ။ ဝရမ်းပဲ ထုတ်ထုတ် ဘယ်လိုပဲထုတ်ထုတ် ဖမ်းမရဘူး ထင်တယ်။ လာဖမ်းဖို့ ဝင်လာရင် လက်နက်ခဲယမ်းနဲ့ပါမှ ဖမ်းလို့ရမယ်။ ဗိုလ်မှူးကြီးမုတ်သုန်တို့ကလည်း သူတို့ တပ်ရင်းရှိတယ်လေ။ တပ်ရင်းရှိတော့ သူတို့ ဘယ်လိုလုပ် ဖမ်းလို့ရမလဲ။ အမိန့်ပဲ ထုတ်လို့ရမယ်။ လာဖမ်းလို့မလွယ်ဘူး ကျနော် ထင်တယ်”လို့ ပြောပါတယ်။

အဆိုပါ ဖမ်းဝရမ်းထုတ်ပြန်ချက်အရ စောမုတ်သုန်က ထိုင်းနိုင်ငံအတွင်းကို တရားမဝင် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုရာဇဝတ်မှု ကျူးလွန်တယ်လို့ ယုံကြည်လောက်တဲ့ အထောက်အထားတွေ ရရှိထားတာကြောင့်  ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ ထုတ်ပြန်တာလို့ ဆိုပါတယ်။

ကရင်နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသူတယောက်က “မအလ အပေါ်မှာ အာရုံရောက်နေတဲ့ FBI တို့ ဒီကျားဖြန့်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတဲ့ ကိစ္စတွေ၊ ပြီးတော့ မဲဆောက်မှာ ဒေတာစင်တာ လာဆောက်ထားပြီဆိုတဲ့ကိစ္စတွေ ကြည့်မယ်ဆိုလို့ရှိရင် မအလကလည်း ဒါဟာ လက်ဝါးချင်း ရိုက်ပြီးတော့မှ ထိုးကျွေးတယ်လို့ ယူဆလို့ရတယ်။ ထိုင်းအစိုးရနဲ့ ဒီဘက်က မြန်မာဝန်ကြီးနဲ့ တိုင်ပင်ပြီးတော့မှ ထိုးကျွေးတယ်လို့ ကျနော်တို့က ယေဘုယျ သုံးသပ်တယ်။ လောလောဆယ်ကတော့ ကျနော်တို့ ဆက်လက်စောင့်ကြည့်ရမဲ့ အနေအထားမှာရှိနေတယ်။ DKBA ကို မထုတ်ဘဲနဲ့ BGF သူတို့ (စစ်တပ်) ဘက်ကို လိုက်ပါကူညီဆောင်ရွက်ပေးတဲ့ စောမုတ်သုန်ကို လူကုန်ကူးမှုနဲ့ ခေါင်းစဉ်တပ်ပြီး ဖမ်းဝရမ်းထုတ်တယ်ဆိုတော့ ဒါ နိုင်ငံရေးသမားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အရမ်းသတိထားရမဲ့ နိုင်ငံရေးကစားကွက်တခု ဖြစ်တယ်” လို့ ပြောပါတယ်။

စောမုတ်သုန်အပေါ် စွဲဆိုချက်တွေဟာ ထောင်ဒဏ် ၃ နှစ်ထက်မနည်း ကျခံရနိုင်တဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေ ဖြစ်ပြီး တရားခံအနေနဲ့ ထွက်ပြေးတိမ်းရှောင်နိုင်ခြေရှိတာ (ဒါမှမဟုတ်) သက်သေအထောက်အထားတွေကို ဖျောက်ဖျက်တာ၊  နှောင့်ယှက်တာတွေ  ပြုလုပ်နိုင်ခြေရှိတဲ့အတွက်  ဖမ်းဝရမ်းထုတ်ပြန်ရတာလို့ ဆိုထားပါတယ်။

လက်ရှိမှာလည်း မြဝတီမြို့တောင်ဘက် ဝေါလေဗျူဟာမကျရေး၊ ဝေါလေလမ်းပိုင်းနဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်တပ်ဘက်ကနေ (BGF) ဗိုလ်မှူးစောမုတ်သုန် လက်အောက်ခံတပ်ဖွဲ့တွေက ကူညီထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013