DVB Logo
Home
မြန်မာသတင်း
တိုင်းစစ်ဌာနချုပ် ၈ ခုတွင်  တန်းပြည့်စစ်မှုထမ်းရန် စစ်ခေါင်းဆောင် အမိန့်ပေး
DVB
·
May 31, 2024
တိုင်းစစ်ဌာနချုပ် ၈ ခုတွင်  တန်းပြည့်စစ်မှုထမ်းရန် စစ်ခေါင်းဆောင် အမိန့်ပေး
Donate to DVB

နယ်ခြားစောင့်တပ်နဲ့ ရဲတွေအပါအဝင် တိုင်းစစ်ဌာနချုပ် ၈ ခုမှာ တန်းပြည့်စစ်မှုထမ်းဖို့ စစ်ခေါင်းဆောင်က ကြေညာလိုက်တာဟာ တပ်ပြေးသူတွေမရှိအောင်လုပ်တာလို့ စစ်တပ် သတင်းအရင်းမြစ်တွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က သူတို့ရဲ့ တိုင်းစစ်ဌာနချုပ် ၈  ခုမှာ တန်းပြည့်စစ်မှုထမ်းချိန် အဖြစ် ကြေညာလိုက်ပြီး စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်နဲ့ ရဲတပ်ဖွဲ့တွေပါ ပါဝင်တယ်လို့ သတင်းရရှိပါတယ်။

တိုင်းရင်းသားတော်လှန်ရေးတပ်တွေ အပြင် PDFတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပြီး နယ်မြေတွေ ဆုံးရှုံးနေရတဲ့ ရခိုင် ၊ ရှမ်းမြောက် ၊ ကချင် ၊ စစ်ကိုင်း ဒေသတွေအပြင် ရှမ်းတောင် ၊ မွန်၊ မန္တလေးနဲ့ ပဲခူးတို့က တိုင်းစစ်ဌာနချုပ်တွေမှာ တန်းပြည့်စစ်မှုထမ်းချိန် အဖြစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခု မေလထဲမှာ ကြေညာခဲ့တာပါ။

အရင် ရှေ့တန်းထွက်ရတဲ့ စစ်သည်တွေကိုသာ တန်းပြည့်စစ်မှုထမ်းချိန်အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပြီး အခုလို ပြောင်းလဲလိုက်တာကြောင့် ခွင့်မဲ့ပျက်ကွက်ဖြစ်တဲ့ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်တွေဟာ ထောင်ဒဏ် ၂၀  ဒါမှမဟုတ် သေဒဏ်ချခံရတော့မှာပါ။ အရင်ကတော့ ခွင့်မဲ့ပျက်ကွက်ဖြစ်တဲ့ စစ်သားဟာ  ၃ နှစ်သာ ထောင်ကျခံရမှာဖြစ်ပါတယ်။ တန်းပြည့်စစ်မှုထမ်းကို သတ်မှတ်လိုက်တာဟာ စစ်ဌာနချုပ်တွေမှာ  တပ်ပြေးသူတွေ မရှိအောင် ဆင့်ကဲတာဝန်ခံမှုနဲ့ ထိန်းချုပ်လိုက်တာဖြစ်တယ်လို့ စစ်တပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

“ရာထူးတိုးလည်းမပြောင်းရ၊ ဒီနေရာနေ ဒီနေရာမှာသေဆိုတဲ့ပုံစံ၊ တပ်တွေက ပန်းနေပြီ။ မချိန်းပေးပဲ ဒီအမိန့်ကြီးထုတ်တာ အလားအလာမကောင်းဘူး။ ဘယ်လိုဖြစ်ကြမလဲဆိုတာ စောင့်ကြည့်ရမှာပဲ။”

စစ်ကောင်စီမှာ လက်အောက်ခံ တိုင်းစစ်ဌာနချုပ် ၁၄ ခု ရှိပြီး တဝက်ကျော်မှာ တန်းပြည့်စစ်မှုထမ်းချိန်အဖြစ် သတ်မှတ်ခဲ့တာပါ။

အချိန်တိုင်းမှာ စစ်ရေးအသင့်ပြင်ဖို့ ဆိုတဲ့ အဓိပ္ပါယ်ကို ရောက်တယ်လို့ပြောနိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အကျအဆုံးများလာတဲ့အတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် အစိုးရိမ်လွန်လာတာကို တွေ့ရတယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

နေရာအနှံ့အပြားမှာ လက်နက်ချတာ ထွက်ပြေးတာတွေအတွက် ဖြစ်နေပြီး တန်းပြည့်စစ်မှုထမ်းသတ်မှတ်လိုက်တဲ့အတွက်  အခု  ပြစ်ဒဏ်က ၂ ဆဖြစ်သွားပြီး သူ့လူတွေကို ခြောက်လှန့်တဲ့သဘောလို့လည်း   ဆက်ပြောပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်က “ အခုသတ်မှတ်တဲ့ တိုင်းစစ်ဌာနချုပ်နယ်မြေ ၈ ခုမှာ စစ်ရေး သတိရှိရမယ်။ နောက်တန်းဌာနချုပ်မှာနေရင်လည်း စစ်ဆင်ရေးထွက်နေရသလိုပဲ ရန်သူနဲ့ ရင်ဆိုင်နေရတယ်။ ရုံးလုပ်ငန်းလုပ်ရင်လည်း ရန်သူနဲ့ရင်ဆိုင်နေရတယ်ဆိုတဲ့ အဓိပ္ပါယ် ရောက်သွားတာပေါ့။ ဒီတခါအမိန့်ထုတ်တာက မင်းအောင်လှိုင်ဆိုတော့ သူကိုယ်တိုင် အစိုးရိမ်လွန်လာတယ်ဆိုတာ ပြောလို့ရပါတယ်။ သူ့မှာတိုင်းစစ်ဌာနချုပ် ၁၄ ခုရှိတာမှာ ၈ ခု ဆိုတော့ တဝက်ကျော်လောက် စစ်တပ်ထိန်းချုပ်နယ်မြေ တဝက်ကျော်လုံး လုံးဝထပ်ပြီး မဆုံးရှုံးရအောင်နဲ့ တိုင်ရင်းသားတော်လှန်ရေးအဖွဲ့တွေ တော်လှန်ရေးတပ်တွေ တိုက်ခိုက်တာ  ထိရောက်တယ်လို့  ပြောလို့ရပါတယ်”လို့ သုံးသပ်ပါတယ်။

နိုင်ငံတဝန်း နေရာအနှံ့က တိုက်ပွဲတွေမှာ အရေးနိမ့် လူအင်အားပြုန်းတီးလာတဲ့ စစ်ကောင်စီဟာ တပ်သားသစ်တွေ စုဆောင်းဖို့အတွက် ၂၀၂၄ ခုနှစ်ထဲမှာ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အရန်တပ်ဖွဲ့ ဥပဒေတွေကို လုပ်လာပြီး လူသစ်တွေကို အတင်းအကျပ် စုဆောင်းလာပါတယ်။

မြတ်ကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013