DVB Logo
Home
မြန်မာသတင်း
ရွှေဘိုရွာကို စစ်တပ်မီးရှို့သဖြင့် အိမ် ၆၆ လုံးဆုံးရှုံး၊ လက်နက်ကြီးကြောင့် ဆီဆိုင်ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးနေရ
DVB
·
May 31, 2024
ရွှေဘိုရွာကို စစ်တပ်မီးရှို့သဖြင့် အိမ် ၆၆ လုံးဆုံးရှုံး၊ လက်နက်ကြီးကြောင့် ဆီဆိုင်ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးနေရ
1 / 7
Donate to DVB

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်မှာ ပျူစောထီးစစ်ကြောင်းက ရွှေဘိုကျေးရွာကို မီးရှို့ဖျက်ဆီးပြီး စိတ်မနှံ့သူတဦးကို ခေါင်းဖြတ်သတ်သွားတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။

မေ ၃၀ ရက် မနက် ၄ နာရီဝန်းကျင်မှာ ဂန့်ဂေါမြောက်ပိုင်း ပျူစောထီး ၇ ရွာနဲ့ ကလေးနယ် တောင်ပိုင်း ပျူရွာတွေက ပျူစောထီး အင်အား ၃၀၀ ကျော်က ဂန့်ဂေါမြို့နယ် သင်တော၊ ရေသာ၊ ရွှေဘိုကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မနက် ၇ နာရီခန့်ကစပြီး ထိတွေ့တိုက်ခိုက်မှု ၂ နာရီကျော် ဖြစ်ပွားကာ ၁၀ နာရီခန့်မှာ ရွှေဘိုကျေးရွာကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

မီးရှို့ခံရမှုကြောင့် ရွှေဘို​ကျေးရွာက လူနေအိမ် ၆၆ လုံး မီးလောင်ကျွမ်းခဲ့ပြီး ပစ္စည်းတွေလည်း ခိုးယူသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုကျေးရွာမှ စိတ်ကျန်းမာရေးမကောင်းတဲ့ အသက် ၂၅ နှစ်အရွယ် ကိုဇင်မျိုးဝင်းကို ခေါင်းဖြတ်သတ်သွားတယ်လို့ ဂန့်ဂေါမြို့နယ် ပအဖ တာဝန်ရှိသူက ပြောပါတယ်။ 

“၇ နာရီလောက်မှာ သင်တောရွာကိုဖြတ်ပြီး ရွှေဘိုအဝင်မှာ ထိတွေ့မှုရှိတယ်။ ၁၀ နာရီလောက်ကျတော့ ရွှေဘိုရွာကိုဝင်ပြီး မီးထပ်ရှို့တယ်ပေါ့။ မီးရှို့ခံရတဲ့ အိမ်ခြေကတော့ သတင်းပေးချက်အရ ၆၆ လုံး မီးရှို့ခံရတယ်။ စိတ်ကျန်းမာရေး ချို့တဲ့နေတဲ့ ပြည်သူတဦးကို ရက်ရက်စက်စက် သတ်သွားတယ်။ ခေါင်းဖြတ်တယ်၊ အူတွေကိုထုတ်ခဲ့တယ်။ စစ်ကြောင်းက ၂ နာရီခွဲ ၃ နာရီဝန်းကျင်မှာ ပြန်ပြီးဆုတ်သွားတယ်။” 

ဂန့်ဂေါမြို့နယ် ရွှေဘိုကျေးရွာဟာ အခုအကြိမ်နဲ့ဆို မီးရှို့ခံရတာ ၄ ကြိမ်မြောက်ရှိပြီလို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပန်ရံရွာနဲ့ ထမ်းယံတိုင်ရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် ဒေသခံ ၁,၀၀၀ ကျော် တောထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မေ ၂၉ ရက် ညဘက်မှာ စစ်တပ်နဲ့ PNO ပြည်သူ့စစ်က ပင်မူးကျေးရွာမှာ လက်နက်ကြီးအထိုင်ချပြီး ရည်ရွယ်ချက်ရှိရှိ ပအိုဝ်းတိုင်းရင်းသားကျေးရွာ တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ နေအိမ်ပျက်စီးမှုလည်း ရှိတယ်လို့ ပြောပါတယ်။

PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “လက်နက်ကြီးတွေနဲ့ ပစ်ခတ် ဖျက်ဆီးတယ်ဆိုတာ ဒီလိုလုပ်ရပ်တွေက အကြမ်းဖက်သမားတွေလုပ်တဲ့ လုပ်ရပ်ပဲဖြစ်တယ်။ ပြည်သူလူထုအိမ်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီးတယ်ဆိုတာ ပြည်သူလူထုကို လက်နက်နဲ့ အကြမ်းဖက်တာ” လို့ ပြောပါတယ်။

ဆီဆိုင်မြို့နယ် ဖက်နမ်းကျေးရွာအနီးမှာလည်း ခရီးသွားလာနေတဲ့ သာမန် အရပ်သား ပြည်သူတဦးကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးခဲ့ပြီး သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

“သတ်ဖြတ်ခံရတဲ့ ခရီးသွားက သူတို့ဖမ်းပြီး စစ်ဆေးတယ်။ ပြီးတော့ သတ်သွားတယ်ပေါ့လေ။ အဲဒီ သတ်ခံရတဲ့သူကတော့ ဘယ်ကလဲဆိုတာတော့ စုံစမ်းနေတုန်းပဲ” လို့ ခွန်ရိန်းယံက ဆက်ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားတဲ့ ၄ လကျော်အတွင်း စစ်ကောင်စီ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် ၆၉၄ အိမ် ပျက်စီးခဲ့ရပြီး စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ် ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရတဲ့ အရပ်သား ၂၄ ဦးရှိတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013