DVB Logo
Home
မြန်မာသတင်း
ရှမ်းမြောက်၌ မြေမြှုပ်မိုင်းနှင့်စစ်ကျန်လက်နက်ပစ္စည်းကြောင့် သေဆုံးရာချီရှိ၊ မိုင်းရှင်းလင်းရေး လိုအပ်နေ
DVB
·
May 30, 2024
ရှမ်းမြောက်၌ မြေမြှုပ်မိုင်းနှင့်စစ်ကျန်လက်နက်ပစ္စည်းကြောင့် သေဆုံးရာချီရှိ၊ မိုင်းရှင်းလင်းရေး လိုအပ်နေ
Donate to DVB

၁၀၂၇ စစ်ဆင်ရေးအပြီး ၅ လအတွင်း ရှမ်းပြည်မြောက်ပိုင်းမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန် လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်၊ သေဆုံးသူ ၁၀၀ ဝန်းကျင်အထိရှိလာပြီလို့ လူ့အခွင့်အရေးအဖွဲ့နဲ့ မြေပြင်မှာရှိနေသူတွေက ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ စစ်တပ်တို့ ပြီးခဲ့တဲ့ ဇန်နဝါရီက   ဟိုက်ဂင်သဘော တူညီချက်ပြုလုပ်အပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ သေနတ်သံတွေတိတ်ခဲ့တာ အခုဆို ၅ လဝန်းကျင်ရှိလာပါပြီ။

ဒါပေမဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့ မြို့နယ်တွေကပြည်သူတွေဟာ မရှင်းလင်းနိုင်သေးတဲ့ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်ပစ္စည်းတွေကြောင့် မကြာခဏ ထိခိုက်၊ သေဆုံးမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)အဖွဲ့မှ ယိင်းလျန်းဟန်က “ ဒီနောက်ပိုင်းကို မြို့တွေအားလုံးစုပေါင်းလိုက်မယ်ဆိုရင် ၁၀၀ နားကပ်နေပြီရှင့်။ မြေမြှုပ်မိုင်းရယ်၊ မြေမြှုပ်မိုင်းတခုတည်းမဟုတ်ဘဲ စစ်ကျန်လက်နက်ပစ္စည်းပေါ့နော်။ ‌သေဆုံးစာရင်းကတော့ ကျမတို့ အတိအကျပြန်မခွဲရသေးဘူးပေါ့နော်။ အဲလိုမျိုးကတော့။ ဒီဟာတော့ ကျမသိတာ ၂ ခုပေါင်းပေါ့နော်။ သေဆုံးရော ဒဏ်ရာရရော။ ဒါပေမဲ့ မြေမြှုပ်မိုင်းနင်းမိပြီ ဆိုရင်တော့ ၇၀ ရာခိုင်နှုန်းလောက်ကတော့ အသက်ဆုံးရှုံးတာများပါတယ်။ ကျမတို့ရဲ့ ဒီစာရင်းတွေအရတော့လေ။ မဟုတ်လည်း ခြေ၊ လက် အင်္ဂါဆုံးရှုံးတာမျိုးတွေရှိတယ်ပေါ့လေ၊ နည်းနည်းပါးပါး ဒဏ်ရာရတာမျိုးက သိပ်မရှိဘူးရှင့် ”လို့ ပြောပါတယ်။

မြေမြှုပ်မိုင်းတွေဟာ မြို့နဲ့ ကျေးရွာကိုဆက်ထားတဲ့လမ်းတွေ၊ ကျေးရွာချင်းဆက်လမ်းတွေ၊ တောလမ်းနဲ့ စိုက်ခင်းတွေ၊ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေနဲ့ စစ်ကောင်စီတပ် စခန်းအဟောင်းတွေနားမှာ အများဆုံးရှိနေပြီး တချို့ဆို နေအိမ်ခြံဝန်းတွေထဲမှာတောင် မိုင်းတွေကျန်နေသေးတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မြောက်ပိုင်း ၃ ဖွဲ့ထဲက ၁ ဖွဲ့ဖြစ်တဲ့ TNLA ရဲ့စာရင်းတွေအရဆိုရင်လည်း နမ္မတူ၊ မူဆယ်၊ သီပေါ၊ နမ့်ဆန်၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ မုံးစီ၊ မန်တုံ၊ လားရှိုး စုစုပေါင်း ၁၀ မြို့နယ်မှာ အရပ်သား ၄၈ ဦးမိုင်းထိခဲ့တာ တွေ့ရပါတယ်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က မူဆယ်၊ သိန္နီနဲ့ သီပေါမြို့နယ်တွေမှာ မိုင်းအများဆုံးထိတယ်လို့ပြောပေမယ့် TNLA ကတော့ နမ္မတူနဲ့၊ ကွတ်ခိုင်မြို့နယ်တွေမှာ မိုင်းအများဆုံးရှိနေပြီး အခုချိန်ထိမရှင်းလင်းနိုင်သေးဘူးလို့ DVB ကိုပြောပါတယ်။

PSLF/TNLA ပြန်ကြားရေးဌာနမှူး လွေးယေဦးက “အဓိက ကျမတို့ရဲ့စိန်ခေါ်မှုက မိုင်းရှင်းလင်းရေး ကျွမ်းကျင်တဲ့လုပ်သားနည်းတာပေါ့။ ကျမတို့ တပ်သားတွေကျတော့ မိုင်းရှင်းလင်းရေးက မိုင်းက ၃၊ ၄ လုံး ဖြုတ်လိုက်ပြီဆိုရင်  ဒဏ်ရာရသွားတာတို့ပေါ့နော်။ အဲလိုမျိုးတွေများလာတယ်။ နောက်တစ်ခုက စက်မှာ မပေါ်ဘူးပေါ့နော်၊ မိုင်းရှာဖွေရေးကိရိယာမှာမပေါ်ဘဲ သွားရောက်ပြီးမှ နင်းမိတာမျိုးပေါ့လေနော်။ အဲတာမို့လို့ တပ်သားတွေ ဒဏ်ရာရတာတွေလည်းများပါတယ်။ အဲတာကြောင့်မို့ တကယ်လို့ ပြင်ပ အဖွဲ့အစည်းတွေ၊ နောက်တခုက တခြား မိုင်းနဲ့ပတ်သက်ပြီး အများကြီးလုပ်နိုင်တဲ့သူမျိုးရှိရင်တော့ လက်တွဲဖို့တော့ ရှိတယ်ပေါ့နော်။ ဒါပေမဲ့ လက်ရှိမှာတော့ မရှိသေးဘူးပေါ့နော်၊ အဲလိုအဖွဲ့အစည်းမျိုးကလည်း မတွေ့ရသေးဘူး။ ဒါကြောင့် ကျမတို့နည်း ကျမတို့ဟန်နဲ့ပဲ လုပ်နေရတဲ့အပိုင်းတွေရှိပါတယ် ”လို့ ပြောပါတယ်။

ဒါအပြင် မိုင်းရှင်းလင်းလုပ်ရင်း TNLA တပ်သား ၈ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ရပြီးပြီလို့လည်း သူကဆက်ပြောပါတယ်။

TNLA အုပ်ချုပ်နယ်မြေအပြင် ကိုးကန့်တပ် MNDAA အုပ်ချုပ်နယ်မြေတွေမှာလည်း အရပ်သားအများအပြားမြေမြှုပ်မိုင်းထိနေတာကြောင့် DVB က ဆက်သွယ်ပေမယ့် ပြန်ဖြေတာမရှိသေးပါဘူး။

အပစ်ရပ်ပြီးနောက်ပိုင်း ကွတ်ခိုင်မှာ မိုင်းထိလူနာ ၂၀ ထက်မနည်းရှိခဲ့ပြီး ကျွဲ၊ နွား သေဆုံးမှုတွေလည်းရှိနေပေမဲ့ တိုင်ကြားရင်တောင်မှ ဘယ်အဖွဲ့ကမှ ထိထိရောက်ရောက် လာရှင်းပေးတာမရှိသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

ကွတ်ခိုင် ဒေသခံတဦးက  “ကိုယ့်ခြံထဲတောင်ကိုယ် နေရာနှံ့အောင်မသွားရဲသေးဘူးဗျာ။ အခုခေတ်က။ ဆိုလိုတာက ကိုယ်ထောင်ထားတဲ့မိုင်းက ဘယ်နားမှာ ဘယ်နားမှာဆိုရင် အခုလိုအချိန်က ပြန်ဖော်ရမှာလေ။  ထားပါတော့ စစ်တပ်ကတော့ အလံဖြူပြသွားလို့ နောက်ဆုတ်သွားတယ်ဆို‌တော့ သူတို့မိုင်းကွင်းတွေပဲ။ မိုင်းတွေအပြီးအစီး ရှင်းဖို့ဆိုရင်တော့ လနဲ့ချီလိမ့်မယ်။ နောက်တချက်က မိုင်းရှင်းလင်းရေးအဖွဲ့ဆီမှာ မိုင်းရှာစက်ခေါ်မှာပေါ့နော်။ များများရှိမှ။ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ် ဒါမှမဟုတ် ပူးပေါင်းအဖွဲ့တွေက ပူးပေါင်းပြီးတော့ ရှင်းလင်းပေးမယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်ဗျာ ”လို့ ပြောပါတယ်။

အရင်တုန်းက ICRC နဲ့ NGO အဖွဲ့တွေက မိုင်းအသိပညာပေးတွေလာလုပ်ပေမဲ့ အခုလို တကယ် လိုအပ်ချိန်မှာတော့ ဘယ်အဖွဲ့မှ လာရောက်တာမရှိသေးဘူးလို့လည်း ဒေသခံကပြောပါတယ်။

UNOCHA Myanmar ကတော့ ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော စစ်လက်နက် အကြွင်းအကျန်တွေကြောင့် ထိခိုက်သေဆုံးသူ ၁၀၅၂ ဦးရှိခဲ့ပြီး ဒါဟာ ၂၀၂၂ ခုနှစ်ကနဲ့ စာရင် ၂၇၀ ရာခိုင်နှုန်းကျော်မြှင့်တက်လာခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ 

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013