
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တို့ ထိစပ်နေတဲ့ ကျေးရွာတွေမှာ နေထိုင်ကြတဲ့ လူငယ်တွေကို စစ်အာဏာရှင်တပ်နဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက စစ်မှုထမ်းဥပဒေနဲ့ အဓမ္မဖမ်းဆီးပြီး ငွေညှစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်မှုထမ်းဥပဒေနဲ့ ဖမ်းဆီးငွေညှစ်ခံရတဲ့ လူငယ်တွေဟာ ညနေပိုင်း အလုပ်ပြန်ချိန် ပြင်ဦးလွင်-နောင်ချို ပြည်ထောင်စုလမ်းပိုင်းမှာ အများဆုံးဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
နယ်မြေခံတယောက်က “နောင်ချိုခြေမြစ်ပင်က လူငယ်တယောက် ရည်းစားနဲ့ ချိန်းစကားပြောပြီး အပြန်မှာ ပြင်ဦးလွင်ထဲက ရေသရောက်ကုန်းရွာနားရောက်တော့ ရဲဝတ်စုံနဲ့ လူတစုက ဆိုင်ကယ်ကို ရပ်ခိုင်းပြီး လူကော ဆိုင်ကယ်ပါ ကားပေါ်တင်သွားတယ်။ အဲဒါကို ကောင်မလေးက တွေ့တော့ ကောင်လေးမိဘကို အကြောင်းကြားတယ်။ ညတွင်းချင်း ပြင်ဦးလွင်ရဲစခန်းကို လိုက်သွားပြီး ပိုက်ဆံပေးပြီး ထုတ်ခဲ့ရတယ်။ နောက်တယောက်က ဝက်ဝံဘူတာနားမှာနေတဲ့ ကောင်လေး။ အမျိုးသမီး အလုပ်လုပ်လို့ သွားတွေ့တာ၊ ဘီအိုစီဆီဆိုင်နဲ့ စံပြကြားမှာ ခေါ်သွားတာ ခံရတယ်။ သွားလိုက်ထုတ်တော့ အထိုးအကြိတ်ခံထားရတယ်။ လူပြတ်တဲ့နေရာဆို နေ့လယ်တောင် လိုက်ဆွဲနေတယ်” လို့ ပြောပါတယ်။
လက်ရှိ စစ်တပ်ဟာ ပြင်ဦးလွင်မြို့နယ်မှာ ရပ်ကွက် ကျေးရွာအုပ်စုအလိုက် အပတ်စဉ်တိုင်း စစ်မှုထမ်း တပ်သားသစ်တွေ အဓမ္မစုဆောင်းနေတာပါ။ တပ်သားသစ် မပေးနိုင်ချင်တဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတွေဟာ လူအစားထိုး ဝယ်ယူရပါတယ်။
အဲဒီလို လူအစားထိုးဝယ်ဖို့ အိမ်ထောင်စုအလိုက် ဆင်းရဲချမ်းသာပေါ်မူတည်ပြီး လစဉ် စစ်မှုထမ်းကြေး အနည်းဆုံး ကျပ် ၁၀,၀၀၀ ကနေ ကောက်ခံနေတာလည်း ရှိနေတာပါ။
ပြင်ဦးလွင်မှာ စစ်မှုထမ်းတပ်သားသစ် တယောက်ကို အစားထိုးဝယ်ယူဖို့ မြန်မာကျပ်ငွေ သိန်း ၁၀၀ ဝန်းကျင် ပေါက်ဈေးရှိနေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတယောက်က “ကြိမ်ဂနိုင်အုပ်စုဆို လူ ၃ ယောက်တောင်းတယ်။ တချို့ရွာတွေက လူမပေးဘူး၊ ငွေပဲပေးလိုက်တယ်။ ရွာမှာတော့ တအိမ်ထောင်ကို ၁၀,၀၀၀ ထည့်ရတယ်။ လူတချို့က အငှားလိုက်တယ်။ လူတယောက်ကို သိန်း ၁၀၀ လောက် ပေးရတယ်” လို့ ပြောပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၄ ရက်မှာ စတင်ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ် ဧပြီ ၁၀ ရက်မှာ အာဏာသိမ်းစစ်တပ်က အတည်ပြု အသက်သွင်းခဲ့ပါတယ်။
အဲဒီနောက် နိုင်ငံတဝန်းမှာ အဓမ္မ တပ်သားသစ်စုဆောင်းတာတွေ ပြုလုပ်နေပြီး ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ အသုံးပြုနေတာပါ။
အခု ၂၀၂၆ ခုနှစ် အောင်တိုဘာ ၁၂ ရက်မှာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၉ ကို စတင်ဖွင့်လှစ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။











