DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်စခန်းများ အမိုးအကာ လိုအပ်
DVB
·
May 29, 2024
ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်စခန်းများ အမိုးအကာ လိုအပ်
Donate to DVB

မိုးရာသီကာလဖြစ်တဲ့အတွက် ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ အမိုးအကာတွေ ပေါက်ပြဲကုန်ပြီး စစ်ဘေးဒုက္ခသည်တွေ နေထိုင်ရေးအတွက် ဒုက္ခရောက်နေပါတယ်။ 

မိုးရာသီကာလကိုရောက်ရှိလာပြီဖြစ်တဲ့အတွက် ဒီးမော့ဆိုအနောက်ခြမ်းက စစ်ဘေးရှောင်တွေ အတွက် မိုးကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ အမိုးအကာ ပြုလုပ်ရတာလွယ်ပေမဲ့ တာရှည်မခံတဲ့ မိုးကာတွေကို အသုံးပြုပြီး တဲအိမ်တွေ ဆောက်လုပ်ကာ နေထိုင်ကြရတာဖြစ်တဲ့အတွက် မိုးကာတွေကို တနှစ်မှာ ၂ ကြိမ်နှုန်း လဲလှယ်ပေးရတယ်လို့ ဆိုပါတယ်။

မိုးကာထည်တွေဟာ အပူဒဏ်ကို လပေါင်းများစွာ ခံရပြီးတဲ့နောက် မိုးရွာတာကြောင့် ဆွေးမြေ့ပေါက်ပြဲတာတွေရှိနေပြီး အိပ်ခန်းမလုံတဲ့အတွက် ညဘက် မိုးရွာချိန်တွေမှာ စစ်ရှောင်တွေအတွက် မိုးယိုတာနဲ့ မိုးပတ်တဲ့ ဒဏ်တွေကို ခံကြရတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်တဦးဖြစ်တဲ့ မအာဆွန်းတာက "ဒီမိုးကာတွေက ၆ လလောက်ထိပဲ ခံနိုင်ရည်ရှိတယ်။ မိုးရွာတဲ့အချိန်တွေမှာ ကလေးတွေရဲ့ ငိုသံတွေကို ကြားရတယ်။ ကိုယ်ထားတဲ့ပစ္စည်းတွေလည်း မလုံခြုံဘူး။ ကလေးတွေလည်း မလုံခြုံဘူး။ ဘာမဆို မလုံခြုံဘူးပေါ့"လို့ ပြောပါတယ်။

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ စစ်ရှောင်စခန်း ၅၀ ကျော်ရှိနေပြီး ချောင်းဒဲစစ်ရှောင်စခန်း၊ လက်ပံကုန်းစစ်ရှောင်စခန်းတွေမှာ မိုးကာတွေအရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

ချောင်းဒဲစစ်ရှောင်စခန်းမှာ အိမ်ခြေ ၃၀ ကျော် ရှိကာ အိမ်ခြေ ၂၀ လောက်က မိုးကာလိုအပ်နေပြီး အိမ်ခြေ ၈၀ ကျော်ရှိတဲ့ လက်ပံကုန်းစစ်ရှောင်စခန်းမှာလည်း အိမ်ခြေ ၅၀ ကျော်လောက်က မိုးကာတွေလိုအပ်နေတဲ့အပြင် ဘုရားကျောင်း၊ စာသင်ဆောင်နဲ့ ရေသိုလှောင်ဖို့အတွက်လည်း မိုးကာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ဘေးရှာင်တဦးဖြစ်တဲ့ ဖရန်စ္စစကာ "စာသင်ကျောင်း ဘုရားကျောင်းနဲ့ ရေကန်တွေဆိုရင် ပိုလိုအပ်တာပေါ့နော်။ မိုးကာက အသုံးဝင်ပေမဲ့ ခံနိုင်ရည်မရှိဘူးပေါ့။ မိုးသီးတွေကျရင် ပေါက်ပြဲကုန်တာပေါ့"လို့ပြောပါတယ်။

ကရင်နီပြည်သူတချို့က ငွေကြေးချေးငှားကာ မိုးကာအစား သွပ်မိုးတာတွေကို ပြုလုပ်လာကြပေမမဲ့ အရေအတွက် အရမ်းနည်းနေသေးတယ်လ်ု့ သိရပါတယ်။ 

"မိုးကာက ခံနိုင်ရည်မရှိတဲ့အတွက် အလှူရှင်ရှိခဲ့မယ်ဆိုရင် သွပ်မိုးနဲ့ဆိုရင် ပိုပြီးအဆင်ပြေတယ်ပေါ့။ မိုးကာလို ခဏခဏလဲရာမလိုတော့တာကြောင့် ရခဲ့မယ်ဆိုရင် သွပ်မိုးလိုချင်ပါတယ်"လို့  ဖရန်စ္စစကာက ပြောပါတယ်။

လက်ရှိအချိန်မှာ မိုးကာစျေးတွေက ၁၅ ပေပတ်လည်ကို ကျပ် ၃၅၀၀၀ ကနေ ၄၀၀၀၀ ၊ ၁၈ ပေပတ်လည်ကို ကျပ် ၄၅၀၀၀ ကနေ ၅၀၀၀၀ ကျပ်အထိရှိနေပြီး စစ်ရှောင်တဲအိမ်တလုံးကို အမိုးအကာပြုလုပ်ဖို့အတွက် ကျပ် ၁၀၀၀၀၀ ဝန်းကျင်ကုန်ကျတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၃ သိန်းခွဲကျော်အထိရှိပြီး စစ်ဘေးရှောင်ကာလက ၃ နှစ်ကျော်လာတာကြောင့် အလှူရှင်လည်း နည်းပါလာကာ စားနပ်ရိက္ခာ၊ မိုးကာနဲ့ ဆေးဝါးလိုအပ်နေသလို  နေရပ်ပြန်ဖို့အတွက်လည်း အဆင်မပြေသေးဘူးလို့ စစ်ဘေးရှောင်တွေက  ပြောပါတယ်။ 

လင်းအိမ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013