DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် စစ်တပ်မီးရှို့သဖြင့် အိမ်ခြေ ၃၀ ကျော် ဆုံးရှုံး၊ ငပုတောဒေသခံ ၅ ဦး ဖမ်းဆီးခံရ
DVB
·
May 29, 2024
စစ်တွေတွင် စစ်တပ်မီးရှို့သဖြင့် အိမ်ခြေ ၃၀ ကျော် ဆုံးရှုံး၊ ငပုတောဒေသခံ ၅ ဦး ဖမ်းဆီးခံရ
1 / 4
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ချီလည်ဖင်းကျေးရွာကို မေ ၂၈ ရက် ညနေမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၃၀ ကျော် ဆုံးရှုံခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်တွေမြို့နယ်၊ ချီလည်ဖင်းကျေးရွာကို မေ ၂၈ ရက် ညနေ ၄ နာရီလောက်မှာ ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စာသင်ကျောင်းအနီးနဲ့ ကုန်းတန်းပိုင်းက အိမ်ခြေ ၃၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ချီလည်ဖင်းကျေးရွာ ရပ်မိရပ်ဖတယောက်က DVB ကို ပြောပါတယ်။

ဒါ့အပြင် နေအိမ်တွေမှာ ကျန်ခဲ့တဲ့ စားနပ်ရိက္ခာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကိုလည်း စိတ်ကြိုက် ခိုးယူသွားကြတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ရွာမှာ စစ်ကောင်စီဘက်က တပ်စွဲထားတာ ၅ လဝန်းကျင်လောက် ရှိပြီဗျ။ အင်အားကတော့ ၁၅၀ လောက်ရှိပြီး ပါဒလိတ်အခြေစိုက် တပ်ရင်းတွေကနေ လာရောက် တပ်စွဲထားကြတာ။”

ရွာမှာရှိတဲ့သူတွေကတော့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဘေးလွတ်ရာ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော် (AA) ရဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ စစ်ဘေးရှောင်ပြည်သူ ၅ သိန်းကျော်ရှိနေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က မေ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ဒေသခံ အရပ်သား အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ကို တော်လှန်ရေးတပ်ဖွဲ့ PDF တွေနဲ့ အဆက်အသွယ် ရှိနေတယ်စွပ်စွဲပြီး မေ ၂၇ ရက်နဲ့ ၂၈ ရက်တွေမှာ စစ်တပ်က  ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ဥပဒေနဲ့အညီ စစ်ဆေးဖို့ရှိလို့ ဖမ်းတာလို့ ပြောတာပဲ။ အကြမ်းဖက်အဖွဲ့တွေနဲ့ ပတ်သက်နေတယ်လို့ သတင်းရလို့ ဖမ်းတာတဲ့။ စစ်ကောင်စီတပ်က ဖမ်းတာပါ။ အဖမ်းခံရသူတွေ အများစုက မင်းထက် ဆိုတဲ့ ကောင်လေး အပါအဝင် လူငယ်အမျိုးသားတွေ များတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က နေအိမ်တွေကနေ ဖမ်းဆီးခဲ့တဲ့ အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ဟာ လယ်ယာလုပ်ငန်း၊ ဆိုင်ကယ် ကယ်ရီဆွဲတဲ့လုပ်ငန်း၊ ဈေးရောင်းတဲ့လုပ်ငန်း၊ အွန်လိုင်းရှော့ပင်ရောင်းတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေသူတွေဖြစ်တယ်လို့ သိရပါတယ်။

အဖမ်းခံရသူတွေနဲ့ နီးစပ်တဲ့ အမျိုးသမီးတယောက်က “အခုအဖမ်းခံရတဲ့အထဲမှာ ပါတဲ့သူတွေ အားလုံးက မိသားစုနဲ့ အေးအေးဆေးဆေး နေတတ်သူတွေပါ။ အဲဒါကို PDF တွေနဲ့ ပတ်သက်နေတာလို့ ဖမ်းသွားတာ။ အခု မိသားစုတွေက ဘယ်လိုလုပ်ရမှန်းမသိဘူး ဖြစ်နေတယ်။ စွပ်စွဲခံရတာပါ။ အနုကြမ်းစီးတဲ့ အတိုင်းပဲ ဖမ်းသွားတာ” လို့ ပြောပါတယ်။

အဖမ်းခံရသူ ဒေသခံ အရပ်သား ၅ ယောက်မှာ အသက် ၁၉ ကျော် လူငယ် ၂ ယောက်၊ အသက် ၂၀ ကျော်အရွယ် လူငယ် ၂ ယောက်၊ အသက် ၂၈ ဝန်းကျင် ၁ ယောက်ဖြစ်ပြီး သူတို့ကို စစ်ကောင်စီတပ်က စစ်ကြောရေးနဲ့ ရဲစခန်းတွေမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် လူငယ်တွေကို ဖမ်းဆီးခံရအောင် စစ်ကောင်စီတပ်ကို သတင်းအမှားပေး ဖမ်းခိုင်းတာဟာ စစ်ကောင်စီကခန့်ထားတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အဓိကဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013