DVB Logo
Home
မြန်မာသတင်း
အရှေ့တောင်အာရှဒေသတွင်း စိတ်ကြွမူးယစ်ဆေးဝါးထုတ်လုပ်မှု စံချိန်တင်မြင့်တက်
DVB
·
May 29, 2024
အရှေ့တောင်အာရှဒေသတွင်း စိတ်ကြွမူးယစ်ဆေးဝါးထုတ်လုပ်မှု စံချိန်တင်မြင့်တက်
Donate to DVB

ရွှေကြိဂံဒေသအပါအဝင် အရှေ့အာရှနဲ့ အရှေ့တောင်အာရှဒေသတွေအတွင်း စိတ်ကြွမူးယစ်ဆေးဝါး ထုတ်လုပ်မှု စံချိန်တင် မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ကိုကိုးကားပြီး အေပီသတင်းမှာ ဖော်ပြပါတယ်။

ထိုင်း၊ မြန်မာနဲ့ လာအို ၃ နိုင်ငံဆုံရာ ရွှေတြိဂံဒေသလို့ လူသိများတဲ့ နယ်စပ်ဖြတ်ကျော် ဒေသမှာ ဘိန်းစိုက်ပျိုးမှု သမိုင်းကြောင်းအရ လူသိများပြီး ဘိန်းဖြူအဖြစ် ပြောင်းလဲပေးတဲ့ ဓာတ်ခွဲခန်းများစွာနဲ့ လှုပ်ရှားနေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း အရှေ့အာရှနဲ့ အရှေ့တောင်အာရှဒေသတွင်းမှာ စံချိန် တင်ပမာဏအဖြစ် မက်သာဖက်တမင်း စိတ်ကြွမူးယစ်ဆေးဝါး တန်ချိန် ၁၉၀ လောက် ဖမ်းဆီးရမိခဲ့ပြီး အဲဒီထဲက ၈၉ ရာခိုင်နှုန်းက အရှေ့တောင်အာရှမှဖြစ်ကာ အများစုက ရွှေတြိဂံဒေသကဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

UNODC ရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်ကိုယ်စားလှယ် ဘန်နဒစ် ဟော့ဖ်မန်းက "ဖမ်းဆီးရမိမှုတွေကို မှတ်တမ်းတင်ဖို့ ကျနော်တို့ လုပ်ဆောင်ခဲ့ကြရာမှာ ရွှေတြိဂံဒေသမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှုက ကြီးမားလာပြီး အမြတ်အစွန်းတွေရ‌နေပြီ။ အရှေ့နဲ့ အရှေ့တောင်အာရှအတွက် ဒေသတွင်းတရားမ၀င်စီးပွားရေးလုပ်ငန်းတွေဆီ  တနှစ်ကို ဒေါ်လာဘီလီယံ ၈၀ လောက်ထိ ရှာဖွေပေးနေတဲ့ တစုံတရာကို ကျနော်တို့ နီးနီးကပ်ကပ်ရှာဖွေနေပါတယ်” လို့ အေပီသတင်းကို ပြောပါတယ်။

မြန်မာနိုင်ငံ နယ်စပ်ဒေသတွေဟာ အထူးသဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်သူတွေနဲ့ ရောင်းဝယ်ဖောက်ကားသူတွေနဲ့ ဥပဒေမဲ့ ဖြစ်နေပြီး မကြာသေးမီဆယ်စုနှစ်တွေအတွင်းမှာ ဒေသတွင်း တရားမ၀င် အက်ဖီတမင်းထုတ်ကုန်တွေရဲ့ ဗဟိုချက်ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒေသတွင်း မက်သာဖက်တမင်းထုတ်လုပ်မှုဖြန့်ဖြူးမှုဟာ အဓိကအားဖြင့် မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ်ကဖြစ်လာနေပြီးတော့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အာရှရာဇ၀တ်ဂိုဏ်းတွေက တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်တာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ပိုင်းနယ်စပ်ဒေသတွေမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ၊ တရားမဝင်လောင်းကစားမှုနဲ့ လူကုန်ကူးမှုတွေ ပါ၀င်တဲ့ ကာစီနိုရုံတွေအပါအဝင် ရာဇ၀တ်မှုမြောက် လုပ်ငန်းတွေကို ချုပ်ကိုင်ထားတာကြောင့်လည်း နာမည်ဆိုးနဲ့ ကျော်ကြားလာနေတာလို့ ဆိုပါတယ်။

UNODC ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘန်နဒစ်ဟော့ဖ်မန်းက “မဲခေါင်ဒေသမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ ပေါ်ပေါက်လာတဲ့ ရာဇ၀တ်မှုပုံစံတွေ ပေါင်းစည်းလာမှုက အဓိက စိုးရိမ်စရာပါပဲ။ အွန်လိုင်းကာစီနိုတခုက မူးယစ်ဆေးဝါးစီးပွားရေးကနေ ရရှိလာတဲ့ ငွေတွေကို ခဝါချဖို့အတွက် အသုံးပြုနိုင်ပြီး တူညီတဲ့ အဆောက်အအုံတခုထဲ လိမ်လည်မှုစင်တာတခုထားနိုင်သလို အားလုံးကို တယ်လီဂရမ်နဲ့ တခြားသော ချန်နယ်တွေကနေ ထပ်လောင်းရာဇ၀တ်မှုဆိုင်ရာ အလုပ်တွေ လုပ်ဆောင်နေတဲ့ ရာဇ၀တ်ဂိုဏ်း တခုလက်အောက်မှာ ရှိနေနိုင်ပါတယ်" လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက ထွက်လာတဲ့ မူးယစ်ဆေးဝါးတွေကို ရေကြောင်းလမ်းကနေ တဆင့် တခြားနိုင်ငံတွေဆီ ခိုးသွင်းမှု ပိုများလာတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပြီး မူးယစ်ဆေးဝါးတွေကို တောင်ကိုရီးယား၊ သြစတြေးလျ၊ နယူးဇီလန်နဲ့ တခြား ပစိဖိတ်နိုင်ငံတွေအထိ တင်ပို့နေတယ်လို့ ဆိုပါတယ်။

Source: AP/UNODC

Photo-CCDAC Myanmar | ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် မေ ၁၉ ရက်က ဖမ်းဆီးရမိသည့် ငွေကျပ် ၄ ဒသမ ၇၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဆီခဲများ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013