DVB Logo
Home
နိုင်ငံတကာ
ထိုင်းခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဗီဇာ စည်းမျဉ်းစည်းကမ်းတချို့ ဖြေလျှော့ပေး 
DVB
·
May 29, 2024
ထိုင်းခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဗီဇာ စည်းမျဉ်းစည်းကမ်းတချို့ ဖြေလျှော့ပေး 
Donate to DVB

ထိုင်းနိုင်ငံမှာ တိုင်းပြည်ဝင်ငွေတိုးရေးနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း မြှင့်တင်ရေးတို့အတွက် ဗီဇာအမျိုးမျိုးနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတချို့ကို ဖြေလျှော့ပေးဖို့ မေ ၂၈ ရက် မနေ့က ဝန်ကြီးများအစည်းအဝေးမှာ သဘောတူညီမှုရရှိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံကို free visa ဗီဇာကင်းလွတ်ခွင့်နဲ့ အလည်အပတ်လာရောက်နိုင်မယ့် နိုင်ငံတွေ မူလက ၅၇ နိုင်ငံရှိပြီး နောက်ထပ် ၃၆ နိုင်ငံတိုးပေးဖို့ သဘောတူလိုက်တာကြောင့် ဗီဇာကင်းလွတ် နိုင်ငံပေါင်း ၉၃ နိုင်ငံရှိလာမှာ ဖြစ်ပါတယ်။

ထပ်တိုးပေးတဲ့ နိုင်ငံတွေထဲမှာ အိန္ဒိယ၊ ဆိုက်ပရပ်စ်၊ ဖီဂျီ၊ ဂျော်ဂျီယာ၊ ထိုင်ဝမ် စတဲ့ နိုင်ငံတွေပါဝင်ပြီး လာမယ့် ဇွန် ၁ ရက်မှာ စတင်အသက်ဝင်မယ်လို့ ထိုင်းဝန်ကြီးများရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်းချိုင်းဝချရုန်းက သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် ဆိုက်ရောက်ဗီဇာ Visa on Arrival နဲ့ လာရောက်နိုင်တဲ့ နိုင်ငံတွေလည်း မူလ ၁၉ နိုင်ငံကနေ  ၃၆ နိုင်ငံထိ ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

Destination Thailand Visa (  DTV ) ဗီဇာကိုင်ဆောင်ပြီး ဒီဂျစ်တယ်လ်စနစ်နဲ့  အဝေးမှ လုပ်ကိုင်နေသူ နိုင်ငံခြားသားပညာရှင်တွေ ၊ Freelance လုပ်နေသူတွေ၊  ခရီးသွားရင်း အလုပ်လုပ်နေသူ (Workcation) ကျွမ်းကျင်ပညာရှင်တွေရဲ့  ဗီဇာကိုလည်း ၅ နှစ်ထိ တိုးမြှင့်ပေးပြီး နေထိုင်ခွင့်သက်တမ်းကို မူလက ရက် ၆၀ မှာတကြိမ် သက်တမ်းသွားတိုးရာက ရက်ပေါင်း ၁၈၀ မှ တကြိမ် သက်တမ်းတိုးခွင့်ပြုမယ်လို့  ဆိုပါတယ်။ 

ဘီအေ/ဘီအက်စီ အဆင့်နဲ့အထက် ပညာသင်ကြားနေတဲ့ နိုင်ငံခြားကျောင်းသူ/ ကျောင်းသားတွေအနေနဲ့ ကျောင်းပြီးသွားပေမဲ့ ထိုင်းနိုင်ငံမှာ ဆက်လက်နေထိုင်လည်ပတ်ဖို့၊ အလုပ်ရှာဖွေဖို့နဲ့ တခြားကိစ္စဆောင်ရွက်ဖို့အတွက် နိုင်ငံခြားထပ်ထွက်စရာမလိုဘဲ နောက်ထပ် ၁ နှစ် နေထိုင်ခွင့်ပြုမယ်လို့ ဆိုပါတယ်။ 

အီလက်ထရောနစ်ဗီဇာ ( E-Visa) ဝန်ဆောင်မှုကို မူလက နေရာပေါင်း ၄၀ မှာသာ ဆောင်ရွက်နိုင်ရာက လာမယ့် ဇွန် ၁ ရက်ကစပြီး  ၉၄ နေရာထိ ရေရှည် တိုးချဲ့ဖွင့်လှစ်မယ့် အချက်လည်း ပါဝင်ပါတယ်။

အသက် ၅၀ နဲ့ အထက် နိုင်ငံခြားသားတွေ Long-stay Visa  နဲ့ နေလိုပါက အရင်က ဘတ် ၃ သန်းတန် ကျန်းမာရေးအာမခံကြေးရှိကြောင်း ပြသရမှာဖြစ်ပေမယ့် အစီစဉ်သစ်မှာ ဘတ် ၄၄၀,၀၀၀ တန် ကျန်းမာရေးအာမခံကြေးသာ ပြရမယ်လို့ဆိုပါတယ်။

ထိုင်းအားကစားနဲ့ ခရီးသွားလုပ်ငန်းဝန်ကြီး နိုင်းဆိမ်ဆဒ်ဖုန်းဖားနစ်ကလည်း ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို မြှင့်တင်ဖို့အတွက် ဘတ်ဂျက် ရန်ပုံငွေတိုးမြှင့်ပေးခြင်း၊  ဝယ်ယူမှုအားကို မြှင့်တင်ခြင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး ဆောင်ရွက်ခြင်းတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်၊ ခရီးသွားလုပ်ငန်းက ဝင်ငွေဟာ ချက်ချင်းပြန်ရနိုင်တယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ခရီးသွားလုပ်ငန်းကနေရတဲ့ဝင်ငွေဟာ ၂၀၂၂ ခုနှစ်က ဘတ်သန်းပေါင်း ၇ သိန်းနီးပါးရခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှာတော့ ဘတ်သန်းပေါင်း ၂ သန်း ၂ သိန်း တိုးလာကာ အခုနှစ်မှာ  ထိုင်းနိုင်ငံရဲ့ ဝင်ငွေ ဘတ်သန်းပေါင်း ၃ သန်းခွဲလောက်ထိ တိုးတက်လာမယ်လို့ မျှော်မှန်းထားပါတယ်။

ထိုင်းကိုလာမယ့် နိုင်ငံခြားသားတွေကို ကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ နိုင်ငံခြားရေး ဝန်ကြီးဌာနအနေနဲ့လည်း  နည်းဥပဒေတွေ ချမှတ်ပေးသင့်တယ်လို့ ခရီးသွားလုပ်ငန်းဝန်ကြီးက  ပြောသွားပါတယ်။

Source: ThaiPBS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013