DVB Logo
Home
မြန်မာသတင်း
ကြို့ပင်ကောက် ပစ်ခတ်မှုအတွင်း ကိုရီးယားအသေးစားချေးငွေလုပ်ငန်း ဝန်ထမ်း ၂ ဦး သေဆုံး
DVB
·
May 29, 2024
ကြို့ပင်ကောက် ပစ်ခတ်မှုအတွင်း ကိုရီးယားအသေးစားချေးငွေလုပ်ငန်း ဝန်ထမ်း ၂ ဦး သေဆုံး
Donate to DVB

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မေ ၂၁ ရက်က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ ကိုရီးယား Daegu Bank လုပ်ငန်းခွဲ DGB အသေးစားချေးငွေလုပ်ငန်းက မြန်မာဝန်ထမ်း ၂ ဦး သေဆုံးသွားတယ်လို့  Korea Joongang Daily သတင်းမှာ ဖော်ပြပါတယ်။

ဒီသေဆုံးမှုကို ကုမ္ပဏီဘက်က မေ ၂၈ ရက်မှာ အတည်ပြုလိုက်တယ်လို့ ကိုရီးယားသတင်းမှာ ဖော်ပြထားကာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာအနီးမှာ အလုပ်လုပ်ကိုင်နေချိန် ကြားညပ်ခဲ့တာဖြစ်ပြီး သူတို့ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခံရတာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

ကုမ္ပဏီဘက်ကနေ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ဈာပနကုန်ကျစရိတ်ကို ချက်ချင်းထောက်ပံ့ပေးပြီး ကျန်ရစ်သူမိသားစုတွေအတွက် ထပ်လောင်းထောက်ပံ့မှုတွေ ပေးဖို့ စဉ်းစားနေတယ်လို့ DGB Financial Group က ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

“ဝန်ထမ်းတွေအတွက် ပြင်ပရောင်းချမှုလုပ်ငန်းတွေကို ယာယီဆိုင်းငံ့ထားဖို့နဲ့ သူတို့ရဲ့ ဘေးကင်း လုံခြုံရေးအတွက် လုံခြုံရေးဆိုင်ရာ လေ့ကျင့်မှုတွေ ပြုလုပ်တာတွေအပါအဝင် လုံခြုံရေးဆိုင်ရာ အစီအမံတွေကို အကောင်အထည်ဖော်ဆောင်ရွက်ထားပါတယ်။”

သတင်းမှာတော့ ပစ်ခတ်တိုက်ခိုက်သူတွေဟာ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်နွှယ်မှု ရှိ၊ မရှိ အတည်မပြုနိုင်သေးဘူးလို့ ဖော်ပြပါတယ်။

DGB အသေးစားချေးငွေလုပ်ငန်းကို ၂၀၁၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံမှာတော့ ရုံးခွဲပေါင်း ၃၀ လောက် ရှိနေတယ်လို့ ဆိုပါတယ်။

ပြည်တွင်းသတင်းတွေမှာတော့ ဒီပစ်ခတ်တိုက်ခိုက်မှုဟာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ အုတ်တွင်းကုန်းအုပ်စု၊ အေးမကွင်းကျေးရွာက အုပ်ချုပ်ရေးမှူးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ဝင်ရောက်စီးနင်းတိုက်ခိုက်ချိန်မှာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

အေးမကွင်းကျေးရွာက အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းဟာ သူ့ရဲ့နေအိမ်မှာ ပျူစောထီးတွေနဲ့ အစည်းအဝေးလုပ်နေကြောင်း သတင်းရရှိတာကြောင့် မေ ၂၁ ရက်မွန်းလွဲပိုင်းမှာ စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီလို ဝင်တိုက်ခိုက်စဉ် အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူက ပြန်လည်ခုခံတဲ့အတွက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သူ့ဇနီးအပါအဝင် သုံးယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဦးခင်မောင်ဝင်းဟာ ပြင်းထန်ဒဏ်ရာတွေနဲ့အတူ ထွက်ပြေး လွတ်မြောက်သွားပေမဲ့ သူ့ရဲ့ဇနီးနဲ့ သူတို့အိမ်မှာရောက်နေတဲ့ ကိုရီးယား အသေးစား ချေးငွေလုပ်ငန်းက အမျိုးသား နှစ်ဦးကတော့ အပြန်အလှန်ပစ်ခတ်မှုတွေကြား သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုရဲ့ မေ ၂၂ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ တော်လှန်ရေး တပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ ဒေါက်တိုင်တွေအနီး သွားလာနေထိုင်ခြင်းတွေ မပြုလုပ်ကြဖို့ ပြည်သူတွေကို အကြိမ်ကြိမ် သတိပေးခဲ့ပေမဲ့ လိုက်နာခြင်းမရှိတဲ့အတွက် အဆိုပါ အပြန်အလှန် ပစ်ခတ်မှုအတွင်း အုပ်ချုပ်ရေးမှူး ခင်မောင်ဝင်းနဲ့ အတူထိုင်နေတဲ့ ပုဂ္ဂလိကချေးငွေကုမ္ပဏီ ဝန်ထမ်း ၂ ဦး သေဆုံးခဲ့တာ ဖြစ်ကာ ဒီအတွက် လွန်စွာစိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြထားပါတယ်။

Source: Korea Joongang Daily

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013