DVB Logo
Home
ဆောင်းပါး
သက်ကြီးအားသန် CDM  
DVB
·
May 29, 2024
သက်ကြီးအားသန် CDM  
Donate to DVB

နေဝင်ချိန် နီး၊ သက်ကြီး ဆရာ

ဆရာမကြီးများ၊ လေးစားလောက်ပေ

ရပ်တည်နေဆဲ၊ နွေဦးထဲမှာ

လေးနှစ်ကြာတိုင်၊ စိတ်ခိုင်ခိုင်နှင့်

ရင်ဆိုင်ကျော်လွှား၊ ဈေးသည်များဖြစ်

ပျံကျ ဖြစ်လည်း၊ ခံစစ် ကတုတ်

မဆုတ်မနစ်၊ တိုက်ပွဲချစ်သူများ

အာဂလူသားများပါတကား။ ။

နိုင်ငံ့ဝန်ထမ်းတွေဟာ အသက် ၆၀ အထိ အလုပ်သေချာ ခိုင်မာကြသလို ၆၀ ကျော် ပင်စင်စားချိန်မှာလည်း အစုလိုက်ရတဲ့ ငွေကြေးအပြင် ပင်စင်လစာအတွက် ပူစရာမလိုသူများ ဖြစ်ကြပါတယ်။ ဒါပေမဲ့ နွေဦးကာလ နိုင်ငံအတွက် လိုအပ်လာချိန်မှာ ခံယူချက်ကြောင့် သေချာခိုင်မာ အပူအပင်ကင်းတဲ့ အနာဂတ်ကို စွန့်လွှတ်ဖို့အထိ ရင်းကြရပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ လွယ်လွယ်ကူကူ ချခဲ့ကြရတာတော့ မဟုတ်ခဲ့ပါဘူး။ ခက်ခဲကျပ်တည်း ပင်ပန်း ဆင်းရဲနိုင်သလို ကံမကောင်းရင် အသက်အန္တရာယ်တောင် ကြုံရနိုင်တာ ကြိုတင်တွက်ဆထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း နဖူးတွေ့ ဒူးတွေ့ ကြုံရချိန်မှာတော့ ကျမတို့အားလုံးဟာ ထင်တာထက် ပိုဆိုးမှန်း သိလိုက်ကြရပါတယ်။ နောက်လှည့်လို့ မရတော့သလို နိုင်မှဖြစ်မယ် ဆိုတာကတော့ ရှင်းလင်းလှပါတယ်။

ရောက်နေတဲ့ နေရာမှာ ရသလို ကြိုးစားနေကြတဲ့ ပင်စင်စားအရွယ် နိုင်ငံဝန်ထမ်းတွေကို မြင်ကြရတော့ ငယ်ရွယ်သေးသူ ကိုယ့်မှာ အားငယ်မိပါရဲ့။ မုန့်ဟင်းခါးရောင်းရင်း ဘဝကို ရုန်းကန် နေကြတာဟာ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးတွေတဲ့လား။ အမှန်ဆို အကန်တော့ခံ အာစရိယဂုဏ်းဝင် မြတ်ဆရာများပင် ဖြစ်ကြပါတယ်။ မြတ်ဆရာ ပူဇော်ပွဲများတွင် ပီတိစားရင်း ပင်စင်လစာ ထုတ်သုံးရမယ့်အချိန် တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်နေကြတာပဲ မဟုတ်ပါလား။ ဒီပုဂ္ဂိုလ်တွေဟာ တပည့်များရဲ့ စံပြ ဆရာများပဲ ဖြစ်ပါတယ်။

အို - မြတ်သောဆရာ၊                  

အကျွန်တပည့်၊ လွန်တာရှိက

ဝန္တာမိပါ၊ မြတ်ဆရာ....။

ဈေးနားမှာ၊ ဈေးထဲမှာ၊ လမ်းဘေးတွေမှာ တွန်းလှည်းလေးနဲ့ တလှည့်၊ ဆိုင်ခုံ‌လေးနဲ့ တဖုံ၊ ဆိုင်ခန်းလေး တခါ နဲ့ ကြက်သွန်နွှာ၊ ငါးရိုးထုတ်၊ မုန့်ဖတ်ကလေး ပြေးကာဝယ် မမောနိုင် မပမ်းနိုင် ရုန်းကန်နေ ကြရပေမဲ့ ဒါဟာ တပည့်လေးတွေ အတန်းပြီးဆုံးတဲ့ နှုတ်ဆက်ပွဲအတွက် ချက်ပြုတ်နေတာ မဟုတ်ခဲ့ဘူးလေ။ အရင်လို တပည့်တွေအတွက် ချက်ပြုတ်နေတဲ့ ပီတိအပြုံးမျိုးလည်း ဆရာကြီး၊ ဆရာမကြီးတွေဆီမှာ မမြင်ရတာ အတော်ကြာခဲ့ပြီ မဟုတ်လား။ အို မြတ်ဆရာ မြတ်ဆရာမကြီးများရှင့်။ အချိန်အခါ ပြန်လည် ကျရောက်လာရင်တော့ အရင်တုန်းကလို စင်မြင့်ထက်မှာ တခါပြန် ကန်တော့ခွင့် ရချင်ပါသေးရဲ့။ ဆရာကြီး၊ ဆရာမကြီးများ ကျန်းမာ ချမ်းသာ လန်းဖြာ ဝမ်းသာကြပါစေ။

ဒီလို ရုန်းကန်နေကြတာဟာ အမြင်စုံ အသွင်စုံ ရောင်စုံ ပန်းခင်းကြီးနဲ့ ပျား၊ လိပ်ပြာများ လူးလာခေါက်ပြန် ကြိုးစားနေကြသလိုပါပဲ။ ကိုယ့်အားကိုယ်ကိုးတတ်ဖို့၊ လောကဓံကို ကြံ့ကြံ့ခံတတ်ဖို့၊ တိုင်းပြည်နဲ့ လူမျိုးအတွက် တာဝန်ယူတတ်ဖို့ တပည့်တွေကို သင်‌ပေးခဲ့သလို ကိုယ်တိုင်လည်း အားထုတ်နေကြဆဲပါလား။ စံပြနေရာမှာ ရှိနေဆဲ၊ ကြိုးစားပြဆဲ၊ ရှင်သန်ပြဆဲ ဖြစ်ပါတယ်။ ကျမတို့လို ငယ်သူအဖို့ အားငယ်မယ်ကြံတိုင်း ဆရာကြီး၊ ဆရာမကြီးတို့ကို မြင်ယောင်ကာ ထိုင်ရာမှက ကြိုးစားဖြစ်နေခဲ့ကြပါတယ်။ တသက်လုံးစာ ဖူလုံပြီးသား နိုင်ငံဝန်ထမ်း တယောက်ဟာ ပင်စင်နီးခါမှ ရုတ်တရက် ဖြစ်လာခဲ့ကြရတဲ့ CDM ဘဝ အလှည့်အပြောင်းကို အန်တု တသက်လုံး အားထုတ်လာတဲ့ အကျိုး‌ရလဒ် ပင်စင်ငွေကြေး ရပိုင်ခွင့်တွေကို စွန့်နိုင်ကြသူများ ဖြစ်ကြပါတယ်။ လေးစားဖွယ် ကောင်းလွန်းလှပေစွ။

ဒီ ဆရာကြီး၊ ဆရာမကြီးတွေလို အလွှာစုံ၊ အသွင်စုံက နိုင်ငံအတွက် ပေးဆပ်ကာ နိုင်ငံတော်ကြီး အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ ကြိုးစားနေကြသူတွေ အားလုံးအတွက် လေးစား ဂုဏ်ယူဖွယ် ကောင်းလှပါတယ်။ ကျရာနေရာက တာဝန်ယူ၊ တာဝန်ကျေကြတာ မြင်ရပြန်တော့ ဝမ်းသာကြည်နူး ပီတိထူးနဲ့ ခံစားလိုက်ရပါတယ်။ ဒီလို တနိုင်ငံလုံး စည်းလုံးအင်အားနဲ့သာ ဆက်လက်လျှောက်လှမ်းကြမယ်ဆိုရင် ကျမတို့ဟာ စစ်အာဏာရှင် လက်အောက်က လွတ်ကို လွတ်မြောက်ကြရမှာက အင်မတန် သေချာလှပါတယ်။ ပန်းတိုင်ရောက်တဲ့တနေ့ ပေးဆပ်သူတို့ရဲ့ အိပ်ယာဝင် တထောင့်တည ပုံပြင်များကို နောက်လာ နောင်သား ရင်သွေးတွေကို ပြန်ပြောပြကြရင်း ကလေးတွေ လိမ်မာယဉ်ကျေး တာဝန်တွေးတတ်သူများ ဖြစ်အောင် သင်ကြားပြုစု ပျိုးထောင် ပေးကြရအောင်ပါ။ မြန်မာ့ အနာဂတ်ရင်သွေးများ ဉာဏ်ပညာရှိ လူယဉ်ကျေးများ ဖြစ်ကြဖို့ ကြံ့ကြံ့ခံ တိုက်ပွဲဝင်နေကြဆဲ မြင့်မြတ်လှစွာသော သက်ကြီးအားသန် CDM ဆရာကြီး ဆရာမကြီး အပေါင်းကိုလည်း လေးစား အားပေးလျက်ပါရှင်။ ။

သန့်ကေသာ (CDM ကျောင်းဆရာမ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013