DVB Logo
Home
မြန်မာသတင်း
ကျူးကျော်အိမ်များ ဖျက်ရာ၌ ဘုရားစေတီပါမချန်  ဖြိုဖျက်ရန် တိုင်းစစ်ဌာနချုပ် ညွှန်ကြား
DVB
·
May 28, 2024
ကျူးကျော်အိမ်များ ဖျက်ရာ၌ ဘုရားစေတီပါမချန်  ဖြိုဖျက်ရန် တိုင်းစစ်ဌာနချုပ် ညွှန်ကြား
Donate to DVB

ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေမှာရှိတဲ့ ကျူးကျော်နေအိမ်တွေကို ဖျက်ရာမှာ ဘုရား၊ စေတီတွေပါမချန် ဖြိုဖျက်ဖို့ တိုင်းစစ်ဌာနချုပ်က ညွှန်ကြားထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

လှိုင်သာယာအနောက်ပိုင်းမြို့နယ် အပြင်ပဒံကျေးရွာအုပ်စု၊ ကျွန်းကြီးရွာက ကျူးကျော်တွေကို မေ လ ၂၄ ရက်က အုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်ဦးနဲ့ လူမိုက်တွေက မြို့ခံ ခမရ ၅၃၂ တပ်နဲ့ သောင်ကြီး ရဲစခန်း အားကိုးနဲ့ နေအိမ်ကို ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ကျူးကျော်နေသူတဦးက ပြောပါတယ်။

“ဖျက်မယ့်အထဲမှာ ကျွန်းကြီးရွာ မပါဘူး။ စံပယ်လမ်းပဲ ဖျက်မယ်ထင်တာ။ ရွာက အိမ်တွေပါ ဖျက်သွားတယ်။ ဘုရားကို မဖျက်ဖို့ ဘုန်းကြီးတွေ တားတာတောင် မရဘူး။ ဘူဒိုဇာနဲ့ ဖြိုချတာ။”

အနော်ရထာစက်မှုဇုန် စံပယ်လမ်းမှာရှိနေတဲ့ နေအိမ်တွေကို မြို့နယ်အုပ်ချုပ်ရေးကတဆင့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို စာပို့ခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးက တဆင့်နေထိုင်သူတွေကို သုံးကြိမ်တိုင် စာပို့ခဲ့ပေမဲ့ အခက်အခဲတွေကြောင့် မပြောင်းရွှေ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“မိုးတွင်းကလည်း ဖြစ်နေတယ်။ အိမ်ပြောင်းဖို့ကျ ငွေကြေးက မတတ်နိုင်ဘူး။ အလုပ်တွေ အဆင်မပြေတော့ ဒီတမိုးတော့ ခိုပါရစေဆိုတာ လက်မခံဘူး။ အိမ်ပြန်ဆောက်လို့ မရအောင် ဖြိုပစ်တာ။”

ကျွန်းကြီးရွာရှိ ထိုင်တော်မူဘုရားကို ဘူဒိုဇာနဲ့ ထိုးပြီး နေအိမ်အားလုံးကို ဖြိုချဖျက်ဆီးဖို့ ဦးဆောင်သူမှာ ခမရ ၅၃၂ သတင်းပေးအဖွဲ့မှ အုပ်ချုပ်ရေးမှူး ဦးတင်နိုင်ထွန်း ဖြစ်တယ်လို့ ရပ်မိရပ်ဖ တဦးက ပြောပါတယ်။

“အပြင်ပဒံအုပ်ကြီးက အရင်က ၅၃၂ တပ်က ဖွဲ့ထားတဲ့ သတင်းပေးအဖွဲ့မှာ ပါတယ်။ အဲဒီအဖွဲ့မှာ ၁၂ ယောက်ရှိတယ်။ အဲဒီကနေ အုပ်ချုပ်ရေးမှူးဖြစ်လာတာ။ ဖြိုတဲ့နေ့က တပ်ကို အရင် ဖုန်းဆက်တယ်။ တပ်က ဘုရားလည်း မထားနဲ့၊ ဘူဒိုဇာနဲ့ ထိုးဆိုလို့ သူက ဖြိုပစ်တာ။”

လှိုင်သာယာအနောက်ပိုင်းမြို့နယ်မှာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းမှုနဲ့ စည်ပင်ပိုင်မြေ ၃ ဧက ကျော်ပေါ်မှာ ၆ ထပ်တိုက် အလုံး ၂၀ တည်ဆောက်ဖို့ ရင်းနှီးမြှုပ်နှံလိုသူတွေကို မြို့တော်စည်ပင်က အခုနှစ် မေ ၁၄ ရက်က ဖိတ်ခေါ်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“အခုလို ဖြစ်လာတာကလည်း လှိုင်သာယာကို တပ်ချုပ်ကြီးလာပြီး အဲဒီစာတွေ ထွက်လာတာ။ ကျူးကျော်တွေ အကုန်ဖျက်ခိုင်းတာ။ တိုင်းက ဘယ်လို စာပြန်ထုတ်လဲ မသိဘူး။ အောက်ခြေအဖွဲ့က ဘုရားတွေ စေတီတွေ နားမလည်ဘူး၊ အကုန်ဖျက်တာ။”

အခုနှစ် ဇန်နဝါရီ ၁၃ ရက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လှိုင်သာယာမြို့နယ်ကို ရောက်လာပြီး ကျူးကျော်တွေကို လုံးဝနေထိုင်ခွင့်မပြုဖို့ မှာခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013