DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ် တရားမဝင် မှောင်ခိုကုန်သွယ်ရေး ပိုများလာ 
DVB
·
May 28, 2024
ထိုင်း-မြန်မာနယ်စပ် တရားမဝင် မှောင်ခိုကုန်သွယ်ရေး ပိုများလာ 
Donate to DVB

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်မှာ တရားမဝင် ကုန်သွယ်မှုတွေ ပိုများလာတယ်လို့ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဘန်ကောက် ကဆစ်ဆဒ်တက္ကသိုလ်လူမှုရေးသိပ္ပံဌာန လက်ထောက်ကထိက ဒေါက်တာ လာ့လိဒါ ဟန်ဝုန်းက ထိုင်း PBS သတင်းဌာနကို ပြောပါတယ်။

စစ်အာဏာမသိမ်းခင်က ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ တနှစ်ကို ဘတ်သန်းပေါင်း သိန်းနဲ့ချီရှိခဲ့ပြီး ထိုင်းနိုင်ငံရဲ့ စီးပွား‌ရေးတိုးတက်မှုအညွှန်းကိန်း GDP ဟာလည်း နယ်စပ်ကုန်သွယ်မှုအပေါ် မူတည်နေတယ်၊ NLD အစိုးရတက်လာစဉ်က နယ်စပ်ကုန်သွယ်ရေး တက်လာခဲ့တယ်၊ လက်ရှိ အခြေအနေမှာ ဘယ်လိုသုံးသပ်ပါသလဲလို့ ဒေါက်တာလာ့လိ ဒါကို သတင်းထောက်က ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ 

နယ်စပ်ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး ပြောရရင် တရားဝင်ကုန်သွယ်ရေးနဲ့ တရားမဝင် (မှောင်ခို) လမ်းကြောင်း ကုန်သွယ်ရေးဆိုပြီး နှစ်မျိုးရှိကြောင်း၊ သူ့အမြင်ကို ပြောရရင် မြန်မာ့နိုင်ငံရေး အခြေအနေ ဘယ်လိုရှိရှိ နယ်စပ်ကုန်သွယ်ရေးကတော့ အမြဲရှိနေတယ်၊ ဘာကြောင့်လဲဆို မြန်မာဘက်ခြမ်းက လူတွေဟာ ထိုင်းနိုင်ငံကထွက်တဲ့ လူသုံးကုန်ပစ္စည်းနဲ့ စားသောက်ကုန်ပစ္စည်းတွေကို အမြဲလိုအပ်နေတယ်လို့ ဒေါက်တာလာ့လိဒါက ပြောပါတယ်။ 

ဒါပေမဲ့လည်း စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံထဲ ဝင်ရောက်ရင်းနှီးမြှုပ်နှံတဲ့ ပြည်ပကုမ္ပဏီတွေ အတော်များများ ရုပ်သိမ်းသွားကြလို့ အဲဒီအလုပ်သမားတွေက ထိုင်းနိုင်ငံထဲကို လှိမ့်ဝင်လာကြတယ်။ စစ်အစိုးရကို မကြိုက်တဲ့ ဝန်ထမ်းတွေလည်း အများအပြား အလုပ်ထွက်သွားကြတယ်၊ အလုပ်လက်မဲ့တွေ သိန်းနဲ့ချီရှိပြီး ခါတိုင်းလို ထိုင်းက ပစ္စည်းတွေကို သိပ်ဝယ်မသုံးနိုင်တော့ဘူး၊  ဒါကြောင့် ပြည်တွင်းထဲက ထိုင်းပစ္စည်းဝယ်အားတွေ လျော့ကျသွားတယ်လို့ ဆိုပါတယ်။ 

မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေကြောင့် နယ်စပ်တရားဝင်ပေါက်ကနေ အခွန်ဆောင်ပြီး ကုန်သွယ်မှုထက် သဘာဝလမ်းကြောင်းကနေ မှောင်ခိုရောင်းဝယ်မှု ပိုများလာတယ်။ ထိုင်း-မြန်မာ နယ်ခြားမျဉ်းဟာ ကီလိုမီတာပေါင်း ၂၄၀၀ ကျော်ရှည်လျားပြီး အချို့နေရာမှာ တောတောင်တွေနဲ့ ကာဆီးတယ်၊ တချို့နေရာ မြစ်ချောင်းတွေနဲ့ ကာဆီးတယ်၊ ချောင်းရေတွေဟာ  နွေရာသီမှာ ရေခန်းခြောက်ရင် လမ်းလျှောက်ကူးလို့တောင် ရတယ်၊ ဆိုလိုတာက မှောင်ခိုလမ်းကြောင်းကနေ ပစ္စည်းသယ်ယူပို့ဆောင်မှု ပိုလွယ်တာကြောင့် တရားမဝင်ကုန်သွယ်မှု ပိုများတယ်လို့  ‌ဒေါက်တာက ပြောပါတယ်။ 

နှစ်နိုင်ငံအစိုးရအနေနဲ့လည်း တရားမဝင်ကုန်သွယ်မှုကို မထိန်းချုပ်နိုင်ဘူး။ နိုင်ငံခြားကုမ္ပဏီတွေ အမြောက်အမြား ရုပ်သိမ်းသွားပေမဲ့ ထိုင်း၊ မလေးရှား၊ စင်ကာပူနဲ့ တရုတ်နိုင်ငံက ကုမ္ပဏီတွေကတော့ ကျန်ရှိနေပါသေးတယ်။ 

မြန်မာပြည်က ဘယ်လိုဖြစ်ဖြစ် ထိုင်းနိုင်ငံက မှီခိုအားထားနေရတဲ့ သယံဇာတတွေ ရှိတယ်၊ အထူးသဖြင့် သဘာဝဓာတ်ငွေ့၊ ရေနံစိမ်း စတာတွေ ဖြစ်တယ်။ ဒါ့အပြင် ကျွဲ၊ နွား တိရစ္ဆာန်နဲ့ ရေထွက်ပစ္စည်းတွေလည်း တင်သွင်းရတယ်။ 

လက်ရှိအခြေအနေမှာ  စစ်ကောင်စီအစိုးရရဲ့  အာဏာက ကျဆင်းနေပြီး ထိုင်းနဲ့ ကပ်လျက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ သူတို့လည်းသူတို့ဒေသမှာ အာဏာရအစိုးရ ဖြစ်လိုပြီး  ထိုင်းနဲ့ တိုက်ရိုက်ကုန်သွယ်လိုတဲ့သဘော ရှိပါတယ်။ မြန်မာ့ငွေဈေး ကျဆင်းတာကြောင့် နယ်စပ်မြို့နယ်တွေမှာလည်း ကျပ်ငွေထက်  ထိုင်းငွေသုံးစွဲမှုတွေ ပိုများလာတယ်။ 

မြန်မာနိုင်ငံက တိုက်ပွဲတွေ ဆက်ရှိနေဦးမယ်၊ စစ်ကောင်စီရဲ့အာဏာဟာ ဆက်ကျဆင်းနေမယ်ဆိုရင် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ နေပြည်တော်ထက် နယ်စပ်ကို ထိန်းချုပ်နိုင်မယ့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပိုနီးလာမယ်လို့ သုံးသပ်တယ်။ 

ဒါပေမဲ့လည်း ထိုင်းနိုင်ငံက အလွန်ပမာဏများတဲ့ မြန်မာ့သဘာဝဓာတ်ငွေ့တွေ၊ ရေနံစိမ်းတွေလို ကုန်ကြမ်းပစ္စည်းတွေကို လိုအပ်နေတာမို့ ဗဟိုအစိုးရနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးဟာ ဆက်လက်တည်ရှိနေမှာဖြစ်တယ်လို့ ဒေါက်တာလာ့လိဒါက သတင်းဌာနကို ပြောသွားပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလက ကရင်ပြည်နယ် မြဝတီမြို့မှာ ကရင်တော်လှန်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပြင်းထန်တာကြောင့် ထိုင်းနိုင်ငံအနေနဲ့ ကုန်သွယ်ရေးလမ်းကြောင်း ပြောင်းဖို့ ကြိုးစားလာပါတယ်။

မြန်မာနိုင်ငံ တနင်္သာရီတိုင်းနဲ့ကပ်လျက် ထိုင်းအနောက်ပိုင်း ပရကျုပ်ခီရီခန်ခရိုင် ဆင်းခွန်မြို့နယ်မှာရှိတဲ့ ဆင်းခွန်နယ်ခြားဂိတ်ကို နှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းဖွင့်ဖို့   ထိုင်းစိုက်ပျိုးရေးနဲ့ သမဝါယမဝန်ကြီး ဗိုလ်မှူး ထမနတ်ဖုန်းဖောဝ်ဟာ ကွင်းဆင်းစစ်ဆေးပြီး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်။

စံပြကုန်သွယ်ရေးလမ်းကြောင်းဖြစ်အောင် မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ NBT2HD ထိုင်းသတင်းဌာန NBT မှာ ဖော်ပြထားပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ သတင်းမှာ ဖော်ပြခြင်းမရှိပါဘူး။ 

Source: Thai PBS/NBT

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013