DVB Logo
Home
မြန်မာသတင်း
ကျားဖြန့် လုပ်ငန်းများ  လာအိုနှင့် ကမ္ဘောဒီးယားတွင် တိုးချဲ့လုပ်ကိုင်နေ
DVB
·
May 28, 2024
ကျားဖြန့် လုပ်ငန်းများ  လာအိုနှင့် ကမ္ဘောဒီးယားတွင် တိုးချဲ့လုပ်ကိုင်နေ
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်ကနေ ၅ လအတွင်း ထွက်ခွာသွားဖို့ ကြေညာခံထားရတဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ လာအိုနဲ့ ကမ္ဘောဒီးယား နယ်စပ်တို့မှာပါ သွားရောက် တိုးချဲ့ လုပ်ကိုင်နေကြတယ်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေး ကူညီသူတွေဆီက သိရပါတယ်။

ရွှေကုက္ကိုလ်မှာရှိတဲ့ ကျားဖြန့်လို့ ခေါ်တဲ့ တရုတ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို မေ ၁ ရက်ကစလို့ အောက်တိုဘာလ ၃၁ ရက်အတွင်း ထွက်ခွာသွားဖို့ ကရင် နယ်ခြားစောင့်တပ် BGF က မေလ ပထမပတ်အတွင်း သတိပေး ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့လည်း ရွှေကုက္ကိုလ်ဘက်မှာ လက်ရှိအချိန်ထိ တရုတ် အွန်လိုင်းငွေလိမ်စင်တာတွေ လည်ပတ် လုပ်ကိုင်နေဆဲပဲလို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ဒါ့အပြင် ရွှေကုက္ကိုလ်မှာသာမက ထိုင်း၊ မြန်မာ၊ လာအို နယ်စပ် ရွှေတြိဂံ‌ဒေသနဲ့ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တို့မှာပါ ကျားဖြန့် လုပ်ငန်းတွေ အလုံးအရင်းနဲ့ တိုးချဲ့ လုပ်ကိုင်နေပါတယ်။

ထိုင်း-မြန်မာ လူကုန်ကူးမှု တိုက်ဖျက်ရေး ကူညီပေးနေသူတဦးက “အခု ရွှေကုက္ကိုလ် BGF လက်အောက်မှာ လုပ်ကိုင်နေတဲ့ Scam စင်တာ တရုတ် မာဖီးယားတွေ အခု ကမ္ဘောဒီးယားတို့၊ လာအိုတို့ကို ပြောင်းရွှေ့နေတာတွေ သိနေရတယ်။ အဲဒီလို ပြောင်းရွှေ့နေရာမှာ ကျနော်တို့ သတိကြီးကြီးထားရမယ့် အချက်က ဒီအွန်လိုင်းငွေလိမ် ကျားဖြန့်တွေက ပျောက်သွားမှာ မဟုတ်ဘဲ ပိုပြီး ဒီထက်မက ကြီးထွားလာဖို့ ရှိနေတယ်။ ဒါကို ကျနော်တို့ သတိကြီးကြီး စောင့်ကြည့်ပြီးတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အရေးယူ ဆောင်ရွက်ဖို့ အရမ်းလိုအပ်နေတယ်။ ဘာလို့လဲဆို ဒီလူကုန်ကူးခံရသူတွေက အတင်းအကျပ် မြန်မာပြီးရင်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား ဒီလို ရွှေ့ပြောင်းနေတာ မြင်နေရတယ်။ ဒါကို သတိကြီးကြီးထားဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။

ကရင်နယ်ခြားစောင့်တပ် BGF လက်အောက်မှာ လုပ်ကိုင်နေတဲ့ ရွှေကုက္ကိုလ် စီမံကိန်းကနေ နှစ်စဉ် အမေရိကန် ဒေါ်လာ ၁၉၂ သန်းကို BGF/ KNA က ရရှိပြီး၊ ၅၀ ရာခိုင်နှုန်းကို မြန်မာစစ်တပ်ဘက်က ရရှိနေတယ်လို့ အမေရိကန်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးအင်စတီကျူ (USIP) က ၂၀၂၄ ဧပြီလအတွင်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို ၃ နိုင်ငံဟာ ခေတ်သစ်မှာ သြဇာ အကြီးမားဆုံး ရာဇဝတ်မှု ကွန်ရက် ဖြစ်လာတဲ့ လူကုန်ကူးမှုနဲ့ ဂိုဏ်းရာဇဝတ်ဖွဲ့မှုတို့ရဲ့ ဗဟိုချက်ဖြစ်ကြေင်း USIP ရဲ့ မေလအတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

ကျားဖြန့် လုပ်ငန်းတွေဟာ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို ၃ နိုင်ငံစလုံးမှာ တည်ရှိနေပြီး တခုနဲ့ တခု ချိတ်ဆက်မှု ရှိကာ၊ အခါအားလျော်စွာ တနေရာနဲ့ တနေရာ ပြောင်းရွှေ့ လုပ်ကိုင်လေ့ ရှိတဲ့ ကွန်ရက်ကြီး ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

USIP မြန်မာနိုင်ငံ ဌာနေဆိုင်ရာ အကြီးအကဲ ဂျေစင်တာဝါက “(လာအို ရွှေတြိဂံအထူးစီးပွားရေးဇုန်)  က တရားဝင်ထုတ်တဲ့ စာရင်းဇယားတွေအရကို မြန်မာနိုင်ငံသား ၄၀,၀၀၀ လောက် အဲဒီမှာ နေထိုင်၊ လုပ်ကိုင်နေတယ်လို့ဆိုပါတယ်။ ဒါဟာ အဲဒီဇုန်ထဲမှာ ရှိတဲ့ တရုတ်၊ လာအို၊ ထိုင်း ဘယ်လူဦးရေထက်မဆိုများပါတယ်။ ဒီဇုန်ရဲ့ လုပ်သားအင်အားကို မြန်မာကနေ အဓိက ယူထားတယ် ဆိုတာလည်း ဖော်ပြနေပါတယ်။ အစီရင်ခံစာတွေ၊ လေ့လာမှုတွေအရဆိုရင် အဲဒီမှာဘာလို့ (မြန်မာ)က လုပ်သားအရမ်းများနေလဲဆိုရင် မြန်မာက အများစုဟာ မိုင်းလား ဒါမှမဟုတ် ဝကနေ ဆွဲသွင်းလာတာဖြစ်တယ်၊ ဒါက တရုတ်နယ်စပ်မှာ တရားမဝင်လှုပ်ရှားမှုတွေ များလာစေတဲ့ အကြောင်းလဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

တယ်လီဂရမ်နဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာတော့ ရွှေကုက္ကိုလ် ကျားဖြန့် အလုပ်ခေါ်စာတွေအပြင် လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အတွက်လည်း အလုပ်ခေါ်စာတွေ ရှိနေပါတယ်။

အင်္ဂလိပ် စကားပြော ကျွမ်းကျင်သူတွေ၊ ကွန်ပျူတာ သုံးနိုင်သူတွေကို လစာ များများရမယ်ဆိုကာ ဆိုရှယ်မီဒီယာတွေကနေ မက်လုံးပေး ခေါ်ယူနေတာ တွေ့ရပါတယ်။

အလုပ်ခေါ်ယူခံရတဲ့ လူငယ်တဦးက “ကျနော့်ကို ကမ္ဘောဒီးယားကို သွားရမှာ။ သူတို့ဘက်က လေယာဉ်လက်မှတ်ပေးမယ်။ ၆ လစာ အလုပ်လုပ်ရမယ်။ အဲဒါကိုမှ အနည်းဆုံး သိန်း ၄၀၊ ၅၀၊ သိန်း ၆၀ အတွင်းပေါ့။ ကျနော်က အင်္ဂလိပ်လို စကား တော်တော်ပြောနိုင်တယ်ဆိုပြီး မန်နေဂျာလောက်ထိ ပေးမယ် ပြောနေတာ။ အစတုန်းက သူတို့က ရန်ကုန်မှာ လုပ်တာတဲ့။ ပြည်တော်သာတဲ့။ သူတို့ သူဌေးက ပြည်တော်သာမှာ အလုပ်လုပ်နေတာ။ ပြီးတော့မှ ကမ္ဘောဒီးယားကို ရွှေ့သွားတာ။ ကျနော်က ကျားဖြန့်မလား၊ လူလိမ်ရမှာမလား မေးတော့ အဲ့လို ပုံစံနဲ့ တူတယ်။ အဲ့လို အလုပ်တွေ ကျနော် မလုပ်ချင်ပါဘူး ငြင်းလိုက်တာကို ပိုက်ဆံက ဘယ်လောက် အရေးကြီးကြောင်း ကျနော့်ကို ပြောပြီး ဆွယ်တာရှိတယ်။ ကျနော် သိရသလောက် သူတို့က ရန်ကုန်ကနေတောင် ကမ္ဘောဒီးယားကို ရွေ့သွားတဲ့ အနေအထားမှာ ရှိတယ်”လို့ ပြောပါတယ်။

မြဝတီ ရွှေကုက္ကိုလ် စီမံကိန်းမှာတော့ တရုတ်၊အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ၊ ထိုင်း၊ သီရိလင်္ကာ၊ အာဖရိက၊ အီသီယိုးပီးယား၊ ကင်ညာ၊ စတဲ့ နိုင်ငံပေါင်းစုံက လူကုန်ကူးခံရပြီး လက်ရှိအချိန်ထိ မလွတ်မြောက်သေးသူတွေ ရှိတယ်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေး ကူညီပေးသူတွေဆီက သိရပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013