DVB Logo
Home
မြန်မာသတင်း
ဖူးခက်တွင် MoU အလုပ်သမား ၄၇ ဦး အလုပ်အကိုင် အခက်ကြုံ 
DVB
·
May 27, 2024
ဖူးခက်တွင် MoU အလုပ်သမား ၄၇ ဦး အလုပ်အကိုင် အခက်ကြုံ 
Donate to DVB

ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘောတူ နားလည်မှုစာချွန်လွှာ MoU စနစ်နဲ့ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့ကို မေ ၁၅ ရက်က အလုပ်လုပ်ဖို့ ရောက်ရှိလာတဲ့ မြန်မာအလုပ်သမား ၄၇ ယောက်ဟာ စာချုပ်ချုပ်စဉ်က အလုပ်နဲ့ မတူညီဘဲ ဒုက္ခရောက်နေတယ်လို့ WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ဆီက သိရပါတယ်။

အလုပ်သမားတွေအနေနဲ့ မေ ၁၅ ရက်က Great Ever အေဂျင်စီရဲ့ စေလွှတ်မှုနဲ့ ထိုင်းနိုင်ငံ ဖူးခက်မြို့ကို ရောက်ရှိပြီး စာချုပ်ချုပ်စဉ်က အဲယားကွန်းပြုလုပ်တဲ့ ကုမ္ပဏီနဲ့ ချုပ်ဆိုခဲ့ပြီး အခုအခါ ဆောက်လုပ်ရေးလုပ်ငန်းနေရာကို ပို့ဆောင်ထားတာကြောင့် အခက်အခဲ ဖြစ်နေတာလို့ ဆိုပါတယ်။

WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုမုန်တိုင်းက “အလုပ်သမား အေဂျင်စီကို ကျနော်တို့ ပြောထားတယ်။ အေဂျင်စီကတော့ အမြန်ဆုံး အဆင်ပြေအောင် လုပ်ပေးနေတယ်တော့ ပြောတယ်။ ဒါပေမဲ့ ကျနော်တို့ တောင်းဆိုတဲ့အချက်ကို မပေးသေးဘူး။ တောင်းဆိုတာက (၁) အချက်၊ အလုပ်သမားတွေ ထိုင်းနိုင်ငံကို ရောက်လာတဲ့ ၃ ရက် အတောတွင်းမှာ အလုပ်မရသေးတဲ့အချိန် ၇၅ ရာခိုင်နှုန်း ပေးရမယ်။ (၂) နေရာတူမှန်ရမယ်။ သူတို့ စာချုပ်ချုပ်လာတဲ့ မြို့နယ်မှာ ထားပေးရမယ်။ နောက်ပြီးတော့ ဒီအလုပ်သမားတွေရဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းတာတွေကို မသိမ်းဆည်းဖို့၊ အလုပ်သမားတွေကို ပြန်ပေးဖို့၊ ပြီးတော့ အလုပ်သမားတွေရဲ့ ပတ်စ်ပို့တွေနဲ့ တခြား လူတွေကို ဘဏ်ကတ်မလုပ်ဖို့ တောင်းဆိုထားတယ်” လို့ DVB ကို ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ နေထိုင်စရာ အဆောင်၊ သောက်သုံးရေ၊ ရေ မီး မရရှိတာနဲ့ အိမ်သာ အပြည့်အစုံ မရှိတာ စတဲ့ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ၄၇ ယောက်အဖွဲ့ဟာ MoU ဖြင့် GREAT EVER Company နဲ့ စာချုပ်ချုပ်ပြီး ၁၅ ရက်၊ ၅ လ၊ ၂၀၂၄ မှာ ထိုင်းနိုင်ငံကို လေယာဉ်နဲ့ တက်လာခဲ့ပါတယ်။ ၁၆ ရက်၊ ၅ လ၊ ၂၀၂၄ မှာ အလုပ်လုပ်ရမယ့် ဖူးခက်မြို့ကို ရောက်ရှိခဲ့ပါတယ်။ ဒီရောက်တော့ နေထိုင်စရာ အဆောင်၊ ရေ၊ မီး၊ သောက်ရေသုံးရေ၊ အိမ်သာ မပြည့်စုံတဲ့အပြင် ဘော်ဒီစက် မဟုတ်ဘဲ ဆောက်လုပ်ရေး ကန်ထရိုက်နေရာ ဖြစ်နေပါတယ်။ ဒါကြောင့် ကျနော်တို့ ဖြစ်နေတဲ့ အခက်အခဲကို WAG အဖွဲ့ဆီ တောင်းခံထားပါတယ်” လို့ ကာယကံရှင် အလုပ်သမားတွေက ပြောပါတယ်။

WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ကတော့ အလုပ်သမားတွေ အေဂျင်စီနဲ့ မူလ စာချုပ်ချုပ်ဆိုခဲ့အတိုင်း နှစ်နိုင်ငံ သဘောတူညီစာချွန်လွှာ MoU နည်းစနစ်အတိုင်း ဖြစ်အောင် လုပ်ဆောင်ပေးဖို့ ထိုင်းအာဏာပိုင်တွေနဲ့ အလုပ်သမားရေးရာ ဝန်ကြီးဌာနတွေဆီ တိုင်ကြားထားတယ်လို့ ပြောပါတယ်။

WAG အလုပ်သမားအဖွဲ့ရဲ့ တာဝန်ခံ ကိုမုန်တိုင်းက “MoU နည်းစနစ်အတိုင်းဖြစ်ဖို့ ထိုင်းအာဏာပိုင်တွေ၊ ဝန်ကြီးတွေကို တိုင်ကြားထားတယ်။ အမြန်ဆုံးဖြစ်ဖို့ ဆောင်ရွက်ပေးနေတယ်။ အေဂျင်စီကိုခေါ်ပြီး ဖိအားပေးနေတယ်။ ဒီအလုပ်သမားတွေကို အမြန်ဆုံး ပြန်ပြီး ပြောတဲ့အတိုင်းအလုပ်နဲ့ ပတ်စ်ပို့တွေ သိမ်းဆည်းခွင့် မရှိတာနဲ့ အလုပ်မရသေးခင်မှာ ၇၅ ရာခိုင်နှုန်းပေးဖို့ လူကြီးပိုင်းတွေက ပြောနေတယ်။ သူတို့ လိုက်လျောမယ်တော့ ပြောထားတယ်။ ကျနော်တို့ကတော့ အလုပ်သမားတွေ အဆင်ပြေဖို့ ကြည့်ထားတယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံကို ပြီးခဲ့တဲ့ မေ ၁၈ ရက်ကလည်း MoU စနစ်နဲ့ ရောက်ရှိလာတဲ့ အလုပ်သမား အယောက် ၃၀ အဖွဲ့မှာ အယောက် ၂၀ သာ အလုပ်ရပြီး ကျန်တဲ့ အလုပ်သမား ၁၀ ဦးက အလုပ်မရရှိတာကြောင့် WAG အလုပ်သမားအဖွဲ့ဆီ အကူအညီ တောင်းခံခဲ့ပါသေးတယ်။

ထိုင်းကို တရားဝင် MoU စနစ်နဲ့ လာရောက်ပေမဲ့ လုပ်ငန်းခွင်တွေမှာ အခက်အခဲ ဖြစ်တဲ့အခါ အလုပ်အကိုင် အေဂျင်စီတွေက တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတာကြောင့် အလုပ်သမားအရေး လုပ်ဆောင်သူတွေက ကူညီပေးရပြီး စာချုပ်ပါအတိုင်း အလုပ်အကိုင် မရရှိတဲ့ ပြဿနာတွေက ပိုအများဆုံး ဖြစ်နေတယ်လို့ အလုပ်သမားအရေး ကူညီပေးသူတွေဆီက သိရပါတယ်။

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့အနီး တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံမှာ MoU စနစ်နဲ့ အလုပ်လုပ်မယ့် အလုပ်သမားတွေကို ဧပြီလကုန်ပိုင်းကစတင်ကာ လေကြောင်းကနေ ပို့ဆောင်ဖို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ညွှန်ကြားခဲ့တာပါ။

၂၀၂၃ အောက်တိုဘာလအထိ မြန်မာနိုင်ငံကနေ ထိုင်းကို စေလွှတ်ခဲ့တဲ့ တရားဝင် MoU အလုပ်သမား စုစုပေါင်း ၁ ဒသမ ၇ သန်းကျော်ရှိတယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013