DVB Logo
Home
မြန်မာသတင်း
လူမှုကွန်ရက်တွင် တရားမဝင် နိုင်ငံခြားငွေလဲလုပ်ငန်းလုပ်ကိုင်သူများကို အရေးယူ
DVB
·
May 27, 2024
လူမှုကွန်ရက်တွင် တရားမဝင် နိုင်ငံခြားငွေလဲလုပ်ငန်းလုပ်ကိုင်သူများကို အရေးယူ
Donate to DVB

တရားမဝင် နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်တဲ့ လုပ်ငန်းလုပ်ကိုင်တဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်နဲ့ အင်တာနက်စာမျက်နှာ ၁၆ ခုကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အရေးယူထားတယ်လို့  မေ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

အရေးယူခံရတဲ့ ဖေ့စ်ဘွတ်ခ်နဲ့ အင်တာနက်စာမျက်နှာတွေထဲမှာတော့ ငွေဈေးနှုန်းနှင့် ငွေလွှဲဆိုင်၊ Moe Latt, Si Thu & bro များ၊ ရန်ကုန်ငွေဈေး၊ ဒေါ်လာဝယ်ရောင်းတိုက်ရိုက် USD Exchange စတဲ့ စာမျက်နှာတွေ အပါအဝင် ၁၆ ခု ပါဝင်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ခုလို အဖွဲ့အစည်းတွေကို ဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဖမ်းဆီးဖော်ထုတ် အရေးယူ ဆောင်ရွက်နေပြီး ထပ်မံစောင့်ကြည့်အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆိုပါ Facebook Page တွေနဲ့ အင်တာနက် စာမျက်နှာတွေဟာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထုတ်ပေးထားတဲ့ နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရရှိကိုင်ဆောင်ထားခြင်း မရှိဘဲ နိုင်ငံခြားငွေတွေ ရောင်းချတာ၊ ဝယ်ယူတာ၊ လဲလှယ်တာ စတဲ့လုပ်ငန်းတွေကို ဆောင်ရွက်နေတာကို စစ်ဆေးတွေ့ရှိရတဲ့အတွက် အဆိုပါအဖွဲ့အစည်းတွေနဲ့ ပါဝင်ပတ်သက် ရောင်းဝယ်နေသူတွေကို အရေးယူဆောင်ရွက်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်ပကနေ အဝယ်/အရောင်း ဆောင်ရွက်နေတဲ့ Page တွေ၊ ဖုန်းနံပါတ်တွေကိုလည်း သက်ဆိုင်ရာ ဗဟိုဘဏ်တွေကို အကြောင်းကြားပြီးတော့ အရေးယူဆောင်ရွက်ဖို့ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့လည်း တရားဝင်လိုင်စင် ထုတ်ပေးထားပြီး နိုင်ငံခြားငွေတွေ လဲလှယ်ရောင်းချခွင့်ရှိတဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေမှာသာ လဲလှယ် ရောင်းချဝယ်ယူသွားဖို့ အသိပေးထားပါတယ်။

ဖော်ပြပါ Facebook Page တွေနဲ့ အင်တာနက်စာမျက်နှာတွေပေါ်မှာ တရားမဝင် နိုင်ငံခြားငွေတွေ ရောင်းဝယ်ကာ ငွေဈေးကစားနေသူတွေကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈ နဲ့ ၄၂ တို့အပြင် အများပြည်သူအကျိုးကို ထိခိုက်စေတဲ့အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မတွေနဲ့ပါ အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြပါရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ ၃ နှစ်ကျော်အထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းလာနေခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းစီးပွားရေးကျဆင်းမှုနဲ့အတူ စစ်ကောင်စီထိန်းချုပ်ခံ ဗဟိုဘဏ်က ငွေကြေးဖောင်းပွမှုကို ထိန်းညှိမပေးနိုင်တာကြောင့် မြန်မာကျပ်ငွေတန်ဖိုးလည်း ကျဆင်းနေပြီး ငွေဈေးကစားတဲ့ မှောင်ခိုဈေးကွက်ဟာ တကျော့ပြန် ဖြစ်လာခဲ့တာပါ။

အမေရိကန်ဒေါ်လာ ငွေလဲနှုန်းကလည်း တောက်လျှောက် မြင့်တက်နေပြီး ပြင်ပဈေးကွက်မှာ တဒေါ်လာကို ကျပ်ငွေ ၄,၀၀၀ ကျော်အထိ စံချိန်တင်ပေါက်ဈေး ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013