DVB Logo
Home
မြန်မာသတင်း
ပခုက္ကူ PDF စခန်းငယ် စီးနင်းခံရ၊ ဂန့်ဂေါနှင့် ကလေးတွင် စစ်တပ် ဗုံးကြဲပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦးသေဆုံး
DVB
·
May 27, 2024
ပခုက္ကူ PDF စခန်းငယ် စီးနင်းခံရ၊ ဂန့်ဂေါနှင့် ကလေးတွင် စစ်တပ် ဗုံးကြဲပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦးသေဆုံး
1 / 3
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ချမ်းသာကြီးကျေးရွာက ကျေးရွာပြည်သူ့ကာကွယ်ရေးစခန်းတခုကို မေ ၂၅ ရက်နေ့၊ မနက် ၆ နာရီ၀န်းကျင်မှာ စစ်ကောင်စီတပ်က၀င်ရောက်စီးနင်းပြီး ကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်အား ၅ ဦး သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံတဦးက “သူတို့စခန်းအသေးလေးကို ပုဂံဘက်ကနေလာတဲ့ စက်လှေ ၅ စီးနဲ့ စစ်ကောင်စီစစ်​တပ်ဖွဲ့၀င်တွေက ချမ်းသာကြီးကျေးရွာ ပြည်သူ့ကာကွယ်ရေးစခန်းကို ဝင်ရောက်စီးနင်းခဲ့လို့ အဲ့ဒီစခန်းက ရဲဘော် ၆ ဦး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်” လို့ DVB ကို ပြောပါတယ်။

စခန်းစီးနင်းခံလိုက်ရတဲ့အတွက် ကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င် ၆ ဦး ဖမ်းဆီးခံရပြီး ၅ ဦးကို ပစ်သတ်ကာ ၁ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တဦးက “သူတို့ ရဲဘော်လေးတွေက တတောင့်ထိုးသေနတ်လေးတွေနဲ့ ကျေးရွာကာကွယ်ရေးလုပ်ကြတာ၊ မောင်းပြန်မရှိဘူး၊ လက်နက်ခဲယမ်းတွေ အကုန်အသိမ်းခံလိုက်ရတယ်။ ရဲဘော် ၆ ယောက် အဖမ်းခံရတဲ့အထဲက ၅ ယောက်ကိုတော့ နေရာမှာတင် ပစ်သတ်သွားတယ်၊ ၁ ယောက်ပျောက်နေတယ်” လို့ ပြောပါတယ်။

ချမ်းသာကြီးကျေးရွာ၊ ပြည်သူ့ကာကွယ်ရေးစခန်း စီးနင်းခံရမှုဖြစ်စဥ်ကို စစ်ကောင်စီ၀ါဒဖြန့် တယ်လီဂရမ်ချယ်နယ်နဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပခုက္ကူမြို့နယ်၊ ချမ်းသာကြီးကျေးရွာက PDF စခန်းတခုကို သိမ်းပိုက်ရရှိတယ်လို့ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် အောင်မြင်ရွာ ယခင်ရှောက်ပင်ရွာမှာ မေ ၂၆ ရက်မနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၃ ဦးသေဆုံးခဲ့ပြီး လသားအရွယ်ကလေးငယ်အပါအဝင် ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ဂန့်ဂေါမြို့ ခလရ ၅၀ ကနေ ၁၂၀ မမ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ အောင်မြင်ရွာက နေအိမ် ၂ လုံးပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅၂ နှစ်အရွယ် ဦးတင်ချို အပါအဝင် ဒေါ်ပေတေး (၂၇ နှစ်) နဲ့ ဒေါ်နန္ဒာမြင့် (၂၄ နှစ်) တို့ ၃ ဦးဟာ သေဆုံးခဲ့တာပါ။

ဒေသခံ ကိုမောင်မောင်စိုးက “လက်နက်ကြီးက ပျားဘက်အသွား တံတားအဝမှာကျတာ။ ကတ္တရာလမ်း ဟိုဘက်ဒီဘက် ၂ အိမ်ကျသွားတာဗျ။ ဦးတင်ချိုကတော့ ဆေးရုံရောက်မှ ဆုံးတာ။ ကျန်တဲ့ အမျိုးသမီး ၂ ယောက်ကတော့ နေရာတင်ပွဲချင်းပြီးဆုံးသွားကြတယ်။ ၈ လသား အရွယ် ကလေးနဲ့ ၃ နှစ်အရွယ်က‌လေးလည်း ခြေထောက်နဲ့ လက်တွေမှာဒဏ်ရာရကြတယ်။ အသက် ၅၀ အရွယ် ဒေါ်တင်ရီလည်း ဒဏ်ရာရသေးတယ်” လို့ ပြောပါတယ်။

စစ်တပ် လက်နက်ကြီးကျ‌ရောက်တဲ့ အောင်မြင်ရွာဟာ ဂန့်ဂေါနယ်တောင်ပိုင်းမှာရှိကာ မြို့နဲ့ ၄ မိုင်ခန့်ကွာဝေးပြီး တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ စစ်ကောင်စီက အရပ်သားပြည်သူတွေ နေထိုင်တဲ့ဘက်ကို လက်နက်ကြီးနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ် လက်နက်ကြီးကြောင့် ဒဏ်ရာရရှိသူတွေကတော့ နီးစပ်ရာဆေးရုံတွေမှာ ဆေးကုသမှုခံယူနေကြရပြီး သေဆုံးသူတွေကိုတော့ မေ ၂၇ ရက် ဒီနေ့ပဲ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

အဆိုပါ လက်နက်ကြီးပစ်ခတ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်ထားတာမျိုး မတွေ့ရသေးပါဘူး။

ဂန့်‌ဂေါတော်လှန်ရေးအင်အားစုအဖွဲ့ဝင် ကိုသားဇင်ကတော့ စစ်ကောင်စီက အရပ်သားတွေနေတဲ့ ဘက်ကို လက်နက်ကြီးတွေ အကြောင်းမဲ့ပစ်ခတ်တာကြောင့် ပြည်သူတွေအနေနဲ့ မိမိတို့ နေအိမ်တွေမှာ ဗုံးခိုကျင်းတွေ တူးထားကြဖို့ သတိပေးထားပါတယ်။

မေ ၁၆ ရက်ကလည်း ဂန့်ဂေါနယ် ရွှေဘိုရွာကို စစ်ကောင်စီစစ်ကြောင်းဝင်ပြီး ‌အသက် ၈၆ နှစ်အရွယ် အမျိုးသားတဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါသေးတယ်။

အိမ်‌ခြေ ၉၀ ကျော်ပြီး ချင်းတိုင်းရင်းသားအများစု နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကျောက်ချပ်ရွာကို စစ်ကောင်စီတပ်က မေ ၂၆ ရက် မနက် ၁၁ နာရီခွဲလောက်မှာ ဗုံးကြဲ တိုက်ခိုက်တာကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ် ။

ကျောက်ချပ်ကျေးရွာဟာ ကလေးမြို့နယ် ရာဇဂြိုဟ်ရွာနဲ့ ၄ မိုင်ခန့်သာကွာဝေးပြီး PDF စစ်ကြောင်းရှိတယ်ဆိုပြီး ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတာ ဖြစ်နိုင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဗုံးက ၃ လုံး ကြဲတာဗျ။ ကြဲတဲ့ ဗုံးတလုံးနဲ့ တလုံးက ၅ မိနစ်ခြား တကြိမ်ကြဲသွားတယ်။ ၃ လုံး စလုံး ဘော်လုံးကွင်းအလယ်တည့်တည့်ကိုကျတယ်။ အဆောက်ဦ အပျက်အစီးတော့ မရှိဘူး။ လူကတော့ ၃ ဦးဒဏ်ရာရတယ်။ ယောကျ်ားလေး ၂ ဦးနဲ့ မိန်းကလေး တဦးပေါ့။ ဒဏ်ရာရသူ ၃ ဦးစလုံးကတော့ မစိုးရိမ်ရဘူး။ ဘာကြောင့် အခုလို လေယာဉ်နဲ့ဘာပစ်တာလို ထင်လဲဆိုတော့ သတင်းပေါက်ကြားလို့ပဲ ပြောရမယ်။ ကျနော်တို့ရွာမှာ ကလေးမြို့နယ်အတွင်းက တွန်းဇံစကစ စခန်းကိုသိမ်းပြီး ပြန်လာတဲ့ PDF စစ်ကြောင်းရှိလို လာပစ်တာဖြစ်နိုင်တယ်။”

ရာဇဂြိုဟ် ကာကွယ်ရေးတပ် ခေါင်းဆာင်တဦးက  “လေကြောင်းသတင်းက ကျနော်တို့ဆီကို ၁၁ နာရီ ၅ မိနစ် လောက် ရောက်လာတယ်။ ပြင်ဆင်ချိန်မရလိုက်ဘူးလို့ ပြောရမယ်ပေါ့လေ။ မြန်တာကလည်း အတော်မြန်တယ်ဗျ။ သူတို့ ဗုံးကြဲပြီးတဲ့နေရာကို သွားကြည့်တဲ့အခါ ဗုံးအမျိုးအစားက ပေါင် ၂၅၀ ဖြစ်ဖို့ များတယ်။ လူအထိအခိုက် ၃ ဦးကတော့  ဆေးကုသ ပေး‌နေပါပြီ။ ပြည်သူတွေအနေနဲ့လည်း အသိ၊ သတိနဲ့ နေထိုင်ဖို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

ကျောက်ချပ်ကျေးရွာမှာ ဒေသခံရွာသားတွေအပြင် လက်ပံချောင်းရွာနဲ့ အနီးပတ်ဝန်းကျင်က စစ်ဘေးရှောင် အများစုနေထိုင်ကြတယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းပြုစုချက်အရ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခု မေ ၂၄ ရက်နေ့ ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၅၁၄၃ ဦး သေဆုံးခဲ့တယ်လို့ ‌ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013