Home
မြန်မာသတင်း
နေပြည်တော်တွင် စစ်မှုထမ်းအပတ်စဥ် ၃ အတွက် လူငယ် ၃၀၀ ခန့်ကို စစ်ကြောရေးပို့
DVB
·
May 27, 2024
Military Training_27052024

နေပြည်တော်မှာ စစ်မှုထမ်းသင်တန်းအပတ်စဥ် ၃ အတွက် လူငယ် ၃၀၀ လောက်ကို မေ ၂၇ ရက် ဒီနေ့မနက်မှာ ပုဗ္ဗသီရိမြို့နယ်ရှိ စစ်ကြောရေးတည်းခိုဆောင်ကို စတင်ပို့ဆောင်နေပြီလို့ စစ်မှုထမ်း ဆင့်ခေါ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

နေပြည်တော် တိုင်းစစ်ဌာနချုပ်မှ လူငယ် ၃၀၀ လောက်ကို ဗုဗ္ဗသီရိမြို့နယ်ရှိ စစ်ကြောရေးနဲ့ တည်းခိုရေးတပ်ကို ဒီနေ့မနက် ကားတွေနဲ့ လာရောက်ပို့ဆောင်ခဲ့ပြီး ဌာနဆိုင်ရာက ကြိုဆိုခဲ့တယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

“နေပြည်တော်တိုင်းမှူးက နာမည်ရမှာပေါ့၊ တခြားတိုင်းတွေထက် သူကပိုစောပြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း အမိန့်အတိုင်း လုပ်တာပေါ့။”

စစ်မှုထမ်းသင်တန်း အမှတ်စဥ် ၃ အတွက် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တပ်ကုန်း၊ ဥတ္တသီရိ၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိ၊ ပျဥ်းမနား၊ ဇမ္ဗသီရိ၊ ဒက္ခိဏသီရိ၊ လယ်ဝေးမြို့နယ်မှ လူငယ် ၂၉၆ ဦးကို စစ်ကြောရေးနဲ့ တည်းခိုရေးတပ်ကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

နေပြည်တော် ကာကွယ်ရေးဝန်ကြီးရုံး အစည်းအဝေးခန်းမမှာ မေ ၂၀ ရက် နေ့လယ် ၁ နာရီက ပြုလုပ်တဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံရာမှာ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဇွန်လအတွင်း စစ်မှုထမ်းအပတ်စဥ် ၃ အတွက် လူစုထားဖို့ပြောပြီး တပတ်အကြာမှာ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်က လူငယ်တွေကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၁ ရက်ကမှ စစ်မှုထမ်းအပတ်စဥ် ၂ ကို စစ်အခြေခံသင်တန်းကျောင်းနဲ့ တန်းမြင့်သင်တန်းကျောင်း ၁၅ ခုအပြင် ကျောင်း ၃ ကျောင်းပါ ထပ်မံတိုးမြှင့် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ အပတ်စဥ် ၁ မှာ လူဦးရေ ၅,၀၀၀ နီးပါးကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာရှိတဲ့ စစ်အခြေခံသင်တန်းကျောင်း ၇ ကျောင်းနဲ့ တန်းမြင့်သင်တန်းကျောင်း ၈ ကျောင်းမှာ သင်တန်းပေးခဲ့တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024