
ဟေတီနိုင်ငံမြောက်ပိုင်း ကျေးလက်ဒေသက လာဖယ်ရီယာ စီတာဒယ်ခံတပ်မှာ ဧပြီ ၁၁ ရက်က လူအုပ် နင်းမိခဲ့လို့ လူအယောက် ၃၀ လောက်သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ခံတပ်မှာ လူအုပ်ပြိုမှုအတွင်း လူ ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသန္တရအစိုးရနဲ့ ဟေတီဝန်ကြီးချုပ်တို့က တရားဝင် သတင်းထုတ်ပြန်ခဲ့ပြီး သေဆုံးသူဦးရေ မြင့်တက်လာနိုင်တယ်လို့လည်း သတိပေးပါတယ်။
လူအုပ်ပြိုမှုကြောင့် ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေ မြေပြင်ပေါ်မှာ လဲနေတာကို ဧပြီ ၁၁ ရက်မှာ မျှဝေခဲ့တဲ့ မျက်မြင်သက်သေ ဗီဒီယိုတခုထဲမှာ မြင်ရပါတယ်။
ဟေတီရဲ့မြောက်ပိုင်းဌာန အရပ်ဘက်ကာကွယ်ရေးဌာန အကြီးအကဲ ဂျင်းဟင်နရီပီတစ်က လူအုပ်ပြိုမှုဟာ ပြင်သစ်နိုင်ငံကနေ ဟေတီ လွတ်လပ်ရေးရပြီး မကြာမီတည်ဆောက်ခဲ့တဲ့ ၁၉ ရာစုအစောပိုင်းက ခံတပ်မှာ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
ဟေတီရဲ့ အလွန်ရေပန်းစားတဲ့ ခရီးသွားဆွဲဆောင်မှု နေရာတွေထဲက တခုဖြစ်တဲ့ ဒီ ခံတပ်မှာ စနေနေ့က UNESCO ကမ္ဘာ့အမွေအနှစ်နေရာရဲ့ နှစ်ပတ်လည်အခမ်းအနားကို လာတဲ့ ကျောင်းသားတွေ ဧည့်သည်တွေနဲ့ ပြည့်နှက်နေတယ်လို့ ပီတစ်က ထပ်ပြောခဲ့ပါတယ်။
ဟေတီကျွန်းနိုင်ငံဟာ မကြာသေးမီနှစ်တွေအတွင်း လူနှစ်ဒါဇင် သေဆုံးခဲ့တဲ့ လောင်စာဆီတိုင်ကီ ပေါက်ကွဲမှု၊ ၂၀၂၁ ခုနှစ်မှာ လူ ၉၀ သေဆုံးခဲ့တဲ့ နောက်ထပ်လောင်စာဆီ တိုင်ကီပေါက်ကွဲမှုနဲ့ အဲဒီနှစ်မှာပဲ လူ ၂,၀၀၀ လောက် သေဆုံးခဲ့တဲ့ ငလျင်လှုပ်မှုအပါအဝင် ဘေးအန္တရာယ် အမျိုးမျိုးကို ရင်ဆိုင်ခဲ့ရပါတယ်။
Source: Reuters











