DVB Logo
Home
မြန်မာသတင်း
ချင်းတော်လှန်ရေးတပ်များက စစ်ကောင်စီတပ်ထံမှ ကျပ် သိန်း ၃၀၀၀ ကျော်နှင့် လက်နက် ၁၀၀ ကျော် သိမ်းဆည်းရမိ
DVB
·
May 24, 2024
ချင်းတော်လှန်ရေးတပ်များက စစ်ကောင်စီတပ်ထံမှ ကျပ် သိန်း ၃၀၀၀ ကျော်နှင့် လက်နက် ၁၀၀ ကျော် သိမ်းဆည်းရမိ
Donate to DVB

ချင်းပြည်နယ်၊ တွန်းဇံမြို့တိုက်ပွဲမှာ  ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက  စစ်ကောင်စီတပ်ထံနေ ငွေကျပ် သိန်း ၃၀၀၀ ကျော်နဲ့  လက်နက်တွေ ၁၀၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး ပြောခွင့်ရ ဆလိုင်းထက်နီက DVB ကို ပြောပါတယ်။

တွန်းဇံမြို့ကို ပြန်ရဖို့ စစ်ကောင်စီဟာ ရဟတ်ယာဉ်နဲ့ စစ်ကူတွေ ဖြည့်တင်းကာ ပြန်ထိုးစစ်ဆင်နေပေမဲ့ ချင်းတော်လှန်ရေးတပ်တွေက တွန်းဇံနဲ့ ကျီခါးမြို့တွေကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကာ စစ်ကောင်စီရဲ့တပ်ကူတွေအားလုံး ဆုတ်ခွာထွက်ပြေးသွားပြီလို့လည်း ဆလိုင်းထက်နီက ပြောပါတယ်။

လေကြောင်းကိုသာအားကိုးနေရတဲ့ စစ်ကောင်စီဟာ ကျီခါးမြို့နဲ့ တွန်းဇံမြို့တွေကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေစပြီးတိုက်ခိုက်ခဲ့တဲ့  မေလ ၁၅ ရက်က စပြီး မေလ ၂၃ ရက်အထိ အကြိမ် ၁၀၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့လည်း စစ်ကူအများအပြားဖြည့်တင်းခဲ့ပြီး မြို့ပေါ်မှာ ခုခံနေတဲ့ တပ်တွေနဲ့ ပူးပေါင်းကာ တွန်းဇံကို ပြန်ထိန်းချုပ်ဖို့လုပ်ခဲ့ပေမဲ့ အရေးနိမ့်သွားခဲ့ပြီး စစ်ကူတပ်တွေဆီကနေ လက်နက် ၅၀ ကျော်ပါ သိမ်းမိခဲ့ကာ တိုက်ပွဲတလျှောက် လက်နက် ၁၀၀ ကျော် သိမ်းမိတယ်လို့ ချင်းအမျိုးသားတပ်ဦး ပြောခွင့်ရ ဆလိုင်းထက်နီက ပြောပါတယ်။

“သူတို့ မနေ့ကလည်း အင်အားလာဖြည့်တယ်။ ဒါပေမဲ့ အင်အားလာဖြည့်တဲ့ စစ်ကောင်စီရော နဂိုအထိုင်ရှိတဲ့ စစ်ကောင်စီရော တွန်းဇံမြို့ပေါ်မှာကင်းစင်ပြီလို့ ပြောလို့ရပါတယ်။ အင်အားလာဖြည့်တဲ့သူတွေ ဆုတ်သွားပြီလို့လည်းပြောလို့ရတယ်။ တွန်းဇံမြို့က စစ်ကောင်စီကင်းစင်ပြီး ကျနော်တို့ အလုံးစုံထိန်းချုပ်ထားနိုင်ပြီလို့ ပြောလို့ရပါတယ်။” 

တွန်းဇံနဲ့ ကျီခါးစစ်ဆင်ရေးတွေဟာ ချင်းပြည်အစိုးရ ဖွဲ့စည်းပြီးနောက်ပိုင်း ချင်း ကာကွယ်ရေးဝန်ကြီးဌာနက ကိုင်တွယ်တဲ့ ပထမဆုံးစစ်ဆင်ရေးဖြစ်ပြီး  ချင်းတော်လှန်ရေးတပ်ဖွဲ့ ၁၄ ဖွဲ့ ပူးပေါင်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရိဒ်ခေါဒါရ် ၊ ရေဇွာ၊ မကွီးအိမ်နူး၊ ဝေဘူလ၊ နာရိန်း၊ ဆူရ်ခွား၊ကျင်ဒွေး၊ ကျီခါးနဲ့ တွန်းဇံမြို့ အပါအဝင် ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်သိမ်းပိုက်ထားတဲ့ မြို့ ပေါင်း ၉ မြို့ ရှိလာပြီ ဖြစ်ပါတယ်။

တွန်းဇံမြို့သိမ်းတိုက်ပွဲအပြီးမှာ စစ်ကောင်စီရဲ့  ခလရ ၂၉၆ တပ်ထဲကနေ  ငွေကျပ် သိန်း ၃၀၀၀ ကျော် သိမ်းဆည်းရရှိခဲ့ပြီး ထပ်မံရေတွက်ဖို့ကျန်သေးတဲ့ ငွေတွေ ရှိနေသေးတယ်လို့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေဆီက သိရပါတယ်။

ဆလိုင်းထက်နီက “ သူတို့ရဲ့တပ်စခန်း လုံခြုံတဲ့နေရာတွေကနေ သိမ်းဆည်းတာဖြစ်တယ်။ ကျပ် သိန်း၃၀၀၀ ကတော့  ရေတွက်ပြီးသားဖြစ်တယ်။ ပိုက်ဆံတအိတ်ခွဲတော့ ရေတွက် ဖို့ကျန်သေးတယ်။ အကုန်မရေတွက်နိုင်သေးဘူး”လို့ ပြောပါတယ်။

တွန်းဇံမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၀၀၀၀  နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး  နေအိမ်တွေပျက်စီးဆုံးရှုံးမှုတွေ ရှိတယ်လို့လည်း သိရပါတယ်။ 

မြတ်ကြီး 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013