DVB Logo
Home
နိုင်ငံတကာ
အွန်လိုင်းငွေ ဘတ်သိန်းချီအလိမ်ခံရသည့် ထိုင်းအမျိုးသမီးကြီး ၁ ဦး အဆုံးစီရင်
DVB
·
May 24, 2024
အွန်လိုင်းငွေ ဘတ်သိန်းချီအလိမ်ခံရသည့် ထိုင်းအမျိုးသမီးကြီး ၁ ဦး အဆုံးစီရင်
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း၊ ပထုံဌာနီခရိုင်၊ ထန်ယပူရီမြို့မှာ မတ် ၂၄ ရက်မနက်က အွန်လိုင်းငွေအလိမ်ခံရတဲ့ အမျိုးသမီးကြီးတဦး သေနတ်ပစ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပြီး မသေခင်မှာ အချစ်တော်တော်ခွေးလေး ၂ ကောင်ပါ ပစ်သတ်သွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထန်ယပူရီမြို့နယ်၊ ပချားတိပတ်ရပ်ကွက်ရှိ အိမ်တအိမ်မှာ မနေ့က လူသေမှုဖြစ်တယ်လို့ သတင်းပေးပို့ချက်ရတဲ့အတွက် မှုခင်းဆရာဝန်နဲ့အတူသွားရောက် စစ်ဆေးခဲ့ကြောင်း၊ ရေချောင်းဘေးဆောက်ထားတဲ့ နှစ်ထပ်အိမ်အောက်ထပ်မှာ ပက်လက်အနေအထားနဲ့ သေဆုံးနေတဲ့ အမျိုးသမီးကြီးတဦးကို တွေ့ရတာလို့ ပတူနမ့်ကျူလာ လောင်ကွန်းနယ်မြေရဲ တပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။ 

သေဆုံးသူမှာ အသက် ၇၄ နှစ်ရွယ်ရှိ နန်းဖိချယားဖားဖိဘွန်းဆုခ်ဖြစ်ပြီး ဦးခေါင်းရဲ့ညာဘက်မှာ သေနတ်ဒဏ်ရာတွေ့တယ်၊ ခြေရင်းမှာ ခွေး ၂ ကောင်လည်း သေနတ်ဒဏ်ရာနဲ့ သေဆုံးနေပြီး သေသူအနီးမှာ ၃၂ မမ ပစ္စတိုသေနတ်ကို တွေ့ရတယ်လို့ ဆိုပါတယ်။ အနီးနားမှာ မသင်္ကာဖွယ်မတွေ့တဲ့အတွက် ရဲတွေက ကိုယ့်ကိုယ်ကိုယ် အဆုံး စီရင်တယ်လို့ ကနဦး သုံးသပ်ပါတယ်။

သေဆုံးသူမှာ သားသမီးတွေက အဝေးမှာသွားအလုပ်လုပ်နေလို့ တယောက်ထဲ ခွေး ၂ ကောင်နဲ့အတူနေထိုင်ကြောင်း၊ သားသမီးတွေက သူ့ကိုကူညီစောင့်ရှောက်ပေးဖို့အပ်ထားလို့ နေ့တိုင်းစားစရာတွေသွားပို့တယ်၊ သားသမီးတွေငွေလွှဲလာရင်လည်း သွားပို့ပေးတယ်၊ အခင်းဖြစ်တဲ့မနက်က စားစရာသွားပို့တော့ ခါတိုင်းလိုခွေးနှစ်ကောင် လာကြိုတာမတွေ့တဲ့အပြင် အိမ်တံခါးလည်းပိတ်ထားတယ်၊ ဒါကြောင့် သူ့သားသမီးတွေကို ဖုံးဆက်ခေါ်ပြီး အိမ်ထဲအတူဝင်ကြည့်တာမှာ လဲကျသေဆုံးနေတာတွေ့လို့ အိမ်နီးချင်းဖြစ်သူတဦးက   ရဲကိုအကြောင်းကြားလိုက်တာလို့ ပြောပါတယ်။

သမီးဖြစ်သူက သူတို့အမေဟာ လွန်ခဲ့တဲ့လပိုင်းက အွန်လိုင်းရင်းနှီးမြှုပ်နှံမှုကွန်ရက်ထဲ ပါဝင် ခဲ့တယ်၊ tiktok ဆော့ရင်းနဲ့ အဲဒီအဖွဲ့နဲ့ချိတ်မိပြီး သူတို့ခိုင်းတဲ့အတိုင်း လိုက်နှိပ်ရင်းနဲ့ ငွေတွေ သိန်းချီပါသွားတာလို့ ပြောပါတယ်။

အစကတည်းက အမေကိုအွန်လိုင်းမဆော့ဖို့ သတိပေးခဲ့တယ်၊ အလိမ်ခံရမှာစိုးလို့ သားသမီးတွေက အွန်လိုင်းချိတ်လို့မရတဲ့ဖုံးနဲ့ လည်းပေးဖို့ကြိုးစားတာ အမေက စိတ်ဆိုးတယ်၊ တကယ်လည်းအမြတ်ငွေ ဝင်လာတာပဲလို့ပြောတယ်၊ အစပိုင်းမှာ နည်းနည်း ရင်းနှီးပြီး အမြတ်နည်းနည်းလွဲပေးပေမဲ့ တလုံးတခဲရင်းနှီးငွေထည့်ဝင်တော့ အဆက်အသွယ် ဖြတ်ပြီး ငွေတွေလိမ်သွားတာ၊ ဆုံးရှုံးမှုက ဘတ်သိန်းနဲ့ချီတယ်လို့ သမီးဖြစ်သူက ပြောပါတယ်။ 

သားဖြစ်သူကလည်း သူတို့ရပ်ကွက်ထဲမှာ မကြာခဏ ခိုးမှုရှိလို့  အမေအနေနဲ့ သူ့ကိုယ်သူကာကွယ် ရအောင် သေနတ်တလက်ပေးထားတာလို့ ပြောပါတယ်။ 

ထိုင်းနိုင်ငံမှာ ပင်စင်စားလူကြီးသူမတွေ၊ သားသမီးတွေက အဝေးမှာအလုပ်သွားလုပ်တာ၊ ပညာသွားသင်တာ၊ အိမ်ထောင်ကျတာတွေကြောင့် လူကြီးမိဘတွေက အိမ်စောင့်အဖြစ် ကျန်ခဲ့လေ့ရှိတယ်၊ သူတို့တွေဟာ အိမ်မှာအထီးကျန်တာကြောင့် အွန်လိုင်းကစားရင်း ငွေလိမ် ဂိုဏ်း တွေရဲ့ သားကောင်ဖြစ်ခဲ့ရတာ တွေ မကြာခဏ တွေ့ရပါတယ်။

Source: Ch3 Plus

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013