
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ပေါ်ကျွဲကျေးရွာ အနီးမှာ အွန်လိုင်း ငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံသား အမျိုးသား ၁၂ ယောက်နဲ့ အမျိုးသမီး ၆ ယောက်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်အာဏာရှင် ပြန်ကြားရေးက အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိသူတွေနဲ့အတူ ယာယီ အလုပ်ရုံ ၁ လုံး၊ လူနေ ယာယီတဲ ၂ လုံး၊ Starlink စက် ၂ လုံး၊ All in One ကွန်ပျူတာ ၇ လုံး၊ ဖုန်း ၁၆ လုံးနဲ့ တခြား ဆက်စပ်ပစ္စည်းတွေကိုပါ သိမ်းဆည်းရမိခဲ့ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ပြီးပါက အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
နမ့်စန်မြို့နယ်အတွင်းရှိ ခိုလမ်မြို့မှာ စစ်အာဏာရှင်တပ်လက်အောက်ခံ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် (ရလခ) ရုံးစိုက်ပြီး၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် (ရပခ) ရုံးစိုက်ရာ တောင်ကြီးမြို့နှင့် မိုင် ၇၀ ကျော်သာ ကွာဝေးတဲ့ အချက်အချာကျတဲ့ မြို့နယ်တခု ဖြစ်ပါတယ်။
အခုလို ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ပေါများလာတာဟာ ဒေသအတွက် အန္တရာယ်ရှိတဲ့ အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မီးမောင်းထိုးပြနေတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ် (PNLO/PNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက DVB ကို ပြောပါတယ်။
အောက်တိုဘာ ၅ ရက်ကလည်း ဟိုးပုံးမြို့နယ်၊ နားလုံကျေးရွာ အနီးမှာ ကျားဖြန့် လုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၇၅ ယောက်နဲ့ မြန်မာနိုင်ငံသား ၁၂ ယောက်တို့ကို ဖုန်း၊ ကွန်ပျူတာနဲ့ Starlink စက်များစွာနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။











