DVB Logo
Home
မြန်မာသတင်း
ရခိုင်အရေး အမေရိကန်စိုးရိမ်၊ မြန်မာ့လူ့အခွင့်ရေးကိစ္စ အထူးအရေးပေါ်အစည်းအဝေး  ကျင်းပရန် အကြံပေးကောင်စီ တိုက်တွန်း
DVB
·
May 23, 2024
ရခိုင်အရေး အမေရိကန်စိုးရိမ်၊ မြန်မာ့လူ့အခွင့်ရေးကိစ္စ အထူးအရေးပေါ်အစည်းအဝေး  ကျင်းပရန် အကြံပေးကောင်စီ တိုက်တွန်း
Donate to DVB

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အလွန်အမင်းစိုးရိမ်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပြောကြားလိုက်သလို မြန်မာနိုင်ငံရဲ့ လက်ရှိ လူ့အခွင့်ရေး အခြေအနေနဲ့ ပတ်သက်ပြီး  အရေးပေါ် အထူးအစည်းအဝေးတရပ်ကို ကျင်းပဖို့  မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)က တိုက်တွန်းလိုက်ပါတယ်။ 

မြို့တွေ မီးရှို့ခံရတာနဲ့ ရိုဟင်ဂျာတွေသာမက  ဒေသနေပြည်သူတွေ အိမ်ရာ စွန့်ခွာရတာ အပါအဝင် အရှိန်မြင့်လာတဲ့ အကြမ်းဖက်မှုတွေနဲ့ လူမှုအသိုက်အဝန်းအကြား တင်းမာမှု သတင်းတွေကြောင့်  အမေရိကန်ပြည်ထောင်စုက လွန်စွာ စိုးရိမ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မက်သရူးမေလာက    ရခိုင်ပြည်နယ် အခြေအနေနဲ့  ပတ်သက်ပြီး မေ ၂၁ မှာ သတင်းထုတ်ပြန် ပြောပါတယ်။ 

ရခိုင်ပြည်နယ်နဲ့ နိုင်ငံအတွင်းရှိ တခြားနေရာတွေမှာ လူ့အသိုက်အဝန်းအကြား တင်းမာမှုတွေကို လှုံ့ဆော်ပေးလေ့ရှိတဲ့ စစ်တပ်ရဲ့ အတိတ်က လုပ်ရပ်တွေအပြင် ရိုဟင်ဂျာတွေကို ပစ်မှတ်ထားပြီး ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေက ပြည်သူတွေအတွက်  စိုးရိမ်ဖွယ် အန္တရာယ်ဖြစ်ကြောင်း မက်သရူးမေလာက ပြောပါတယ်။

လတ်တလော အရှိန်မြင့်လာတဲ့ အကြမ်းဖက်မှုတွေနဲ့ လူမှုအသိုက်အဝန်းအကြား တင်းမာမှုတွေက ကြမ်းကြုတ်ရက်စက်တဲ့လုပ်ရပ်တွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နိုင်ခြေ မြင့်မားနေပြီး အရပ်သားပြည်သူတွေကို အကာအကွယ်ပေးဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုဖို့ မြန်မာစစ်တပ်နဲ့ တာဝန်ရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို တောင်းဆိုထားပါတယ်။ 

အရှိန်မြင့်လာတဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချကြဖို့၊ လူ့အခွင့်အရေးချိုးဖောက်သူတွေကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ကြဖို့၊ အနာဂတ်မှာ ကြမ်းကြုတ်ရက်စက်မှုတွေ မဖြစ်ပွားစေရေးအတွက် အကြမ်းဖက်မှုတွေမှ ရှောင်ပြေးသူတွေကို အကာအကွယ်ပေးအပ်ကြဖို့  နိုင်ငံတကာမိတ်ဖက်တွေကိုလည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အသက်ဆုံးရှုံးရသူတွေနဲ့ ကျန်ရစ်သူတွေအတွက် တရားမျှတမှုရှိစေရေး တိုးမြှင့်ဆောင်ရွက်ဖို့သာမက ကြမ်းကြုတ်ရက်စက်မှုတွေအတွက် တာဝန်ရှိသူတွေကို တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ အမေရိကန်က သံန္နိဋ္ဌာန်ချထားပြီး နှိပ်စက်မှုတွေ ကျူးလွန်တဲ့ စစ်တပ်နဲ့ တခြားတာဝန်ရှိ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း‌ ဒဏ်ခတ်အရေးယူမယ်လို့ ဆိုပါတယ်။

အလားတူ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က လည်း ရိုဟင်ဂျာတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုအန္တရာယ်ကို ထပ်မံရင်ဆိုင်နေရကြောင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံရှိ ပိုမိုဆိုးရွားလာတဲ့ လူ့အခွင့်အရေး အရေးပေါ်အခြေအနေကို ဖြေရှင်းဖို့ အရေးပေါ် အထူးအစည်းအဝေးတရပ်ကို ကျင်းဖို့  မေ ၁၉ ရက်မှာ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်မှာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာတွေဟာ မေ ၁၇ ရက်မှ စတင်ကာ စနစ်တကျစီမံထားတဲ့ သတ်ဖြတ်မှုတွေ၊ ပမာဏကြီးမားတဲ့ မီးရှို့မှုတွေနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံနေရတာကြောင့် လူ ၂၀၀,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရပြီး အတည်မပြုနိုင်သေးတဲ့ ထိခိုက်သေဆုံးသူတွေလည်း ရှိကြောင်း၊ ဒီတိုက်ခိုက်မှုတွေကို  ရက္ခိုင့်တပ်တော်က ကျူးလွန်တာလို့ ခိုင်လုံတဲ့ အရင်းအမြစ်တွေက ပြောကြောင်း အထူးအကြံပေးကောင်စီ (SAC-M) ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရက္ခိုင့်တပ်တော် (AA) အနေနဲ့  နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအောက်မှ ၀တ္တရားတွေကို လိုက်နာဖို့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအရ  AA ထိန်းချုပ်မှုအောက်ရှိ တပ်သားတွေကို ကျူးလွန်ဖို့ဖြစ်နိုင်ခြေရှိတဲ့ ချိုးဖောက်မှုတွေအတွက် စုံစမ်းစစ်ဆေးဖို့လည်း တိုက်တွန်းထားပါတယ်။။

ဒါနဲ့ပတ်သက်ပြီး ရက္ခိုင်တပ်တော်  (AA) ကတော့ ဘူးသီးတောင်မြို့ရှိ နေအိမ်တွေဟာ  စစ်ကောင်စီတပ်နဲ့ ARSA, ARA, RSOတွေအပြင် မကြာသေးခင်က စစ်ကောင်စီသင်တန်းပေးခဲ့တဲ့ မွတ်ဆလင်လက်နက်ကိုင်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးသွားခဲ့ရတာလို့ ထုတ်ပြန် ပြောထားပါတယ်။

ရိုဟင်ဂျာ အရေးနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က ချမှတ်ထားတဲ့ ယာယီအစီအမံတွေကို  အပြည့်အဝလိုက်နာဖို့နဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေတွေကို မြန်မာနိုင်ငံတွင်း အမြဲ လိုက်နာစောင့်ထိန်းဖို့ ပါ၀င်ပတ်သက်သူအားလုံးကို တောင်းဆိုတိုက်တွန်းတဲ့ ဆုံးဖြတ်ချက်တရပ် ချမှတ်နိုင်ဖို့   ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့  အထူးအစည်းအဝေး ကျင်းပသင့်တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့  ICC တရားရုံသို့ လွှဲပြောင်းပေးဖို့ ဒါမှမဟုတ် မြန်မာနိုင်ငံအတွက် နိုင်ငံတကာအထူးရာဇဝတ်ခုံရုံး တရုံး တည်ထောင်ဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ တောင်းဆိုတိုက်တွန်းတာ အပါအ၀င် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ကနေ စုဆောင်းထားတဲ့ အထောက်အထားတွေကို  အသုံးပြုဖို့ နည်းလမ်းတွေ မဖြစ်မနေ ဖော်ထုတ်ရမယ်လို့  အထူးအကြံပေးကောင်စီ (SAC-M) က ထုတ်ပြန်ထားပါတယ်။

Photo-(SAC-M) 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013