DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်မြို့တွင်း ဒေသခံများပြန်နေထိုင်၊ ကနဲလေး စစ်ရှောင်စခန်း၌ စားနပ်ရိက္ခာလိုအပ်နေ 
DVB
·
May 22, 2024
ကော့ကရိတ်မြို့တွင်း ဒေသခံများပြန်နေထိုင်၊ ကနဲလေး စစ်ရှောင်စခန်း၌ စားနပ်ရိက္ခာလိုအပ်နေ 
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းမှာ ပြန်လည်နေထိုင်ဖို့ စစ်ကောင်စီဘက် ခေါ်ယူတာကြောင့် မြို့တွင်းကို ဝင်ရောက်နေထိုင်သူတွေရှိလာပါတယ်။

ဧပြီ ၁၂ ရက်က စတင်ကာ စစ်ကောင်စီကကရင်ပြည်နယ် ကော့ကရိတ်မြို့ကို နိုင်ငံအဆင့် အောင် ဇေယျစစ်ဆင်ရေးအမည်နဲ့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။

KNLA ပူးပေါင်းတပ်တွေက ဆုတ်ပေးလိုက်တာကြောင့် စစ်ကောင်စီတပ်တွေ ကော့ကရိတ်မြို့တွင်းမှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ပါတယ်။

ဧပြီ ၂၇ ရက်က စတင်ပြီး စစ်ရှောင်ပြည်သူတွေကို ပြန်လည်ဝင်ရောက်နေထိုင်ဖို့ စစ်ကောင်စီက ပြန်လည်ခေါ်ယူခဲ့ ပါတယ်။ စစ်‌ရှောင်တွေဟာ ဝင်ရောက်မနေထိုင်ရဲပေမဲ့ အခက်အခဲတွေကြောင့် ပြန်လည်ဝင်ရောက်နေထိုင်သူ တချို့ရှိနေပါတယ်။

စစ်ရှောင်ပြည်သူတဦးက “အခုတော့ ပြန်နေတဲ့သူက နည်းနည်းရှိနေပြီ။ နေတာက လုံခြုံစိတ်ချမှုတော့မရှိဘူး။ ဒါပေမဲ့ သူများမြို့ရွာမျာ အကြာကြီးမနေနိုင်ကြတော့ဘူး။ တချို့နေရာတွေကလည်း မောင်းထုတ်ချင်တယ်။ တချို့ရွာခံတွေက မပေးနေချင်တော့ဘူး။ တချို့ ဘုန်းကြီးကျောင်းမှာနေတဲ့သူတွေဆိုရင် သူတို့က သူများပြန်နေနေပြီဟာ ဘာကြောင့်မပြန်ကြသေးလဲ။ အဲလို လာပြောတဲ့လူတွေက ရှိတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီက ကျန်ရှိနေတဲ့ နယ်စပ်ကုန်သွယ်ရေးဖြစ်တဲ့ မြဝတီမြို့ကို ကော့ကရိတ်-အာရှလမ်း၊ ဒေါနတောင်ကနေ ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ နေ့တိုင်းလိုလိုတိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

စစ်ကောင်စီတပ်ဘက်က မြို့တွင်းကနေ လက်နက်ကြီး နေ့တိုင်းလိုလို ပစ်ခတ်တာတွေရှိနေ တယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီက စစ်‌ရှောင်တွေကို မြို့တွင်းမှာ ပြန်လည်ဝင်ရောက်နေထိုင်ဖို့ ခေါ်ယူနေပေမဲ့ နေအိမ်မီးလောင်ဆုံးရှုံးထားတဲ့သူတွေကို ထောက်ပံ့တာတွေမရှိတာကြောင့် တောင်ပေါ်ကျောင်းမှာစုပြီး ယာယီနေထိုင်နေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။  

စစ်ရှောင်ပြည်သူတဦးက “ပြည်သူတွေ ပြန်ဝင်ကြတာက စစ်ရှောင်ကာလကြာပြီလေ။ ရေရှည်မှာတော့ အဆင်မပြေဘူး။ တိုက်ပွဲအခြေအနေတော့ ကြည့်ရမှာပေါ့။ အိမ်ပျက်စီးသွားတဲ့လူတွေအတွက် ထောက်ပံ့မှုလည်း ဘာမှမရှိဘူး။ အခုလောလောဆယ်တော့ တောင်ပေါ်ကျောင်းမှာစုပြီး ယာယီစခန်းမှာ နေကြရတယ်”လို့ ပြောပါတယ်။

ဒီဇင်ဘာ ၁ ရက်ကစတင်တဲ့ တိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူ ၂၀ ကျော်ထိမှန် သေဆုံးခဲ့ပြီး စစ်ရှောင်ပြည်သူတွေရဲ့နေအိမ် ၅၀၀ ကျော်မီးလောင်ဆုံးရှုံးခဲ့ကာ နေအိမ် ၁၀၀ ကျော်ပျက်စီးခဲ့တဲ့အပြင် သိန်းနဲ့ချီတဲ့ ဒေသခံတွေဟာ  ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေါနတောင်ခြေအနီးက ကျေးရွာတွေကို နေ့တိုင်းလိုလို လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားနေအိမ်တွေ ထိမှန်ပျက်စီးခဲ့ပြီး  ဒေသခံတွေဟာ စစ်ရှောင်နေတဲ့အတွက် ထိခိုက်သူမရှိပါဘူး။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကနဲလေး စစ်ရှောင်စခန်းမှာတော့   စားနပ်ရိက္ခာ နဲ့သောက်သုံးရေတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေနဲ့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ကနဲလေးစစ်ရှောင်စခန်းက စစ်ရှောင်ပြည်သူတွေဟာ တိုက်ပွဲအခြေအနေတွေကြောင့် နေရပ်မပြန်နိုင်တာ ၃ နှစ်နီးပါးရှိပြီဖြစ်တဲ့အတွက် စားနပ်ရိက္ခာနဲ့သောက်သုံးရေတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေနဲ့ ကူညီပေးသူတွေဆီက သိရပါတယ်။

မြဝတီမြို့နယ် ကနဲလေးဒေသက ဒေသခံတွေဟာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလက စတင်ပြီး ကနဲလေးစစ်ရှောင်စခန်းမှာ စစ်ရှောင်နေကြရတာဖြစ်ပြီး တိုက်ပွဲတွေကြောင့် နေရပ်မပြန်နိုင်သေးတာလို့ ဆိုပါတယ်။

စစ်ရှောင်စခန်းတာဝန်ရှိသူ အမျိုးသမီးတဦးက "အစားအစာက အရေးကြီးဆုံးပဲ အလှူရှင်မလာတော့ ဆန်ပြုတ်ပဲသောက်ရတယ်။ ကျန်းမာရေးအတွက် အတိအကျလုပ်ဆောင်ပေးနိုင်တာမရှိဘူး။ ဝမ်းပျက်ရောဂါနဲ့ ငှက်ဖျားရောဂါက အဖြစ်များတယ်။ သောက်ရေက အဆင်မပြေဘူး ကျေးရွာတာဝန်ရှိသူတွေနဲ့တိုင်ပင်ပြီး အသိပြညာပေး ဟောပြောပွဲလုပ်တာတော့ရှိတယ်"လို့ ပြောပါတယ်။

ကနဲလေး စစ်ရှောင်စခန်းမှာ လူဦးရေ ၄၀၀ကျော်ရှိပြီး မွေးကင်းစကလေးနဲ့ အသက် ၁၃ နှစ်အောက် ကလေးတွေက အယောက် ၁၇၀ နီးပါရှိတယ်လို့ သိရပါတယ်။

စစ်ရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ အခမဲ့ကုသပေးနိုင်မယ့် ဆရာဝန်ရှားပါးတာ၊ ဆေးဝါးဈေးနှုန်းတွေ မြင့်တက်နေတာနဲ့ လုံခြုံရေးအခက်အခဲတွေကြောင့် စစ်ရှောင်စခန်းအများစု ငှက်ဖျားရောဂါနဲ့ဝမ်းပျက်ရောဂါ ဖြစ်ပွားနေသူတွေ ရှိတယ်လို့လည်း သိရပါတယ်။

စစ်ရှောင်တွေဟာ အမြဲတမ်းစစ်ရှောင်နဲ့ လတ်တလော စစ်ရှောင်ဆိုပြီး နှစ်မျိုးရှိကာ အမြဲတမ်းစစ်ရှောင်တွေက စားနပ်ရိက္ခာတွေအဓိက လိုအပ်ပြီး လတ်တလောစစ်ရှောင်တွေက အဝတ်အစား၊ရေသန့်နဲ့ စားနပ်ရိက္ခာတွေ လိုအပ်ကြတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ထမင်းတနပ် ၁၅ ဘတ် အဖွဲ့ကို ဦးဆောင်သူ ကိုမင်းသွေးသစ်က ပြောပါတယ်။

"စစ်ကောင်စီ လေကြောင်းက ဗုံးချပြီးတိုက်ခိုက်တာတွေမလုပ်ဘူးဆိုရင် စစ်ရှောင်စခန်းတွေမှာ တကိုယ်ရေသန့်ရှင်းအတွက် လုပ်ဆောင်ရမှာတွေကို အသိပညာပေးတာလုပ်ရမှာ။ လုံခြုံရေး အရလူစုလူဝေးနဲ့လုပ်ဖို့ အခက်အခဲရှိတာနဲ့ ဆေးဝါးဈေးကြီးတာတွေကြောင့် လုပ်ခွင့် မသာပဲဖြစ်နေတယ်။”

စစ်ရှောင်ကလေးအများစုဟာ သောက်သုံးရေရှားပါးမှုကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ အများအပြား ဖြစ်ပွားနေပြီး ရေသန့်စင်စက်တွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ် ခရိုင် ၇ ခုမှာ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်ကနေ ၃ နှစ်နီးပါးအတွင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာရှောင်တိမ်းနေထိုင်ရတဲ့ စစ်ဘေးရှောင် ၇ သိန်းကျော် ရှိလာပြီလို့ ကရင်အမျိုးသားအစည်းအရုံး (KNU)က ဇန်နဝါရီလ အတွင်းမှာ ထုတ်ပြန်ထားပါတယ်။

အောင်ခန့်/ လင်းအိမ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013