DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းအပတ်စဥ် ၃ အတွက် လူစုထားရန် တိုင်းမှူးများကို  ညွှန်ကြား
DVB
·
May 22, 2024
စစ်မှုထမ်းအပတ်စဥ် ၃ အတွက် လူစုထားရန် တိုင်းမှူးများကို  ညွှန်ကြား
Donate to DVB

စစ်မှုထမ်းအပတ်စဥ် ၃ အတွက် ဇွန်လအတွင်း လူစုထားဖို့ တိုင်းမှူးတွေကို စစ်ကောင်စီလက်အောက်ခံ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မေ ၂၀ ရက်မှာ ညွှန်ကြားခဲ့တယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

နေပြည်တော် ကာကွယ်ရေးဝန်ကြီးရုံး အစည်းအဝေးခန်းမမှာ မေ ၂၀ ရက် နေ့လယ် ၁ နာရီက ပြုလုပ်တဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေနဲ့တွေ့ဆုံရာမှာ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောဆိုခဲ့တာလို့ ဆိုပါတယ်။

စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ နီးစပ်သူတဦးက "အပတ်စဥ် ၂ အတွက်လူစုပေးပြီးတော့ မနားရဘူး ၃ အတွက် လူစုခိုင်းတယ်။ ရေဘူးပေါက်တာ မလိုချင်ဘူး။ ရေပါတာပဲ လိုချင်တယ် မရရအောင်စုခိုင်းတယ်။ တိုက်ပွဲဖြစ်နေတဲ့ တိုင်းတွေက ရသလောက်စုပြီး စစ်ဆင်ရေးမရှိတဲ့ နယ်မြေတွေပို့ဖို့ ​ပြောတယ်" လို့ ပြောပါတယ်။

စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက စစ်မှုထမ်းဆင့်ခေါ်တာနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေ ပြင်ပမပေါက်ကြားဖို့နဲ့ သင်တန်းသားတွေ ထွက်ပြေးတာရှိပါက သင်တန်းကျောင်းက အရာရှိတွေကို အရေးယူသွားမယ်ဆိုပြီး ပြောဆိုခဲ့တယ်လို့ ပြည်ထဲရေးနဲ့နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

“တိုင်းမှူးတွေ အကုန်မတက်ဘူး၊ အချို့က အွန်လိုင်းကနေ Zoom နဲ့တက်တာ။ သတင်းပေါက်ကြားတာ၊ ထွက်ပြေးတာရှိရင် အရေးယူမယ်၊ ဇွန်လအတွင်း လူရအောင်စုဖို့ဆိုတော့ ဇွန်လကုန်လောက်ကျရင် အပတ်စဥ် ၃ စမယ်ထင်တယ်။” 

မနေ့က ကာကွယ်ရေးဝန်ကြီးရုံးမှာ ပြုလုပ်တဲ့ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့အစည်းအဝေးကို ကာကွယ်ရေးဝန်ကြီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး၊ စစ်ရေးချုပ်ဒု-ဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ ပြည်ထောင်စုဝန်ကြီးအချို့နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးအချို့ တက်ရောက်ခဲ့ပါတယ်။

စစ်မှုထမ်းဖို့ဆင့်ခေါ်ခံရလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာတွေပါရှိလာပြီး စစ်ကောင်စီရဲ့ အန္တရာယ်ပေးမှာကို ကြောက်ရွံ့တာကြောင့်  မိသားစုလိုက်ပါ ထွက်ပြေးရတဲ့အဖြစ်တွေကို မြင်လာရတယ်လို့ ရန်ကုန်မြို့ခံတဦးက  ပြောပါတယ်။

“လက်ရှိမှာတော့စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်းမှာရှိတဲ့လူငယ်အများစုက ပြည်ပကို ထွက်ဖို့ကြိုးစားကြရတယ်။ နည်းမျိုးစုံနဲ့ လွတ်အောင် ကြိုးစားနေကြရတယ်။ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ လူတွေ စိတ်ဒုက္ခရောက်ကြရတယ်။ အခုဆိုရင် နောက် တဆင့်တက်ပြီး ပိုဆိုးလာတယ်။ သားသမီးကို စစ်မှုထမ်းဖို့ဆင့်ခေါ်လို့မလာဖူးဆိုရင် မိဘကို ဒုက္ခပေးမယ်ဆိုတာမျိုးလုပ်လာကြတယ်။ ခုနောက်ပိုင်း စစ်မှုထမ်းဖို့ဆင့်ခေါ်တဲ့ သားသမီးတင် ထွက်ပြေးရတာမဟုတ်ဘဲ မိဘတွေပါထွက်ပြေးနေရတဲ့အခြေအနေဖြစ်လာတယ်။” 

စစ်မှုထမ်း အပတ်စဉ်(၃) အတွက် ဆင့်ခေါ်စာတွေပေးနေတာကြောင့် ရှောင်တိမ်းရသူတွေရှိနေပြီ ဖြစ်ပြီး အခုတခေါက်မှာတော့ အရင်အပတ်စဉ်တွေထက် ပညာရည် မြင့်မားသူတွေကိုပါ ခေါ်မှာလို့  CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

“ပြည်သူ့စစ်မှုထမ်းဥပဒေအရ စုဆောင်းတယ်၊ လေ့ကျင့်တယ်။ သင်တန်းဆင်းလာတဲ့အဖွဲ့တွေကို တပ်ရင်းအသစ်တွေ ပြင်ဆင်ဖွဲ့စည်းလိမ့်မယ်။ ဖွဲ့စည်းပုံအသစ်နဲ့ပေါ့။ နဂိုစစ်မှုထမ်းဟောင်း တွေနဲ့ မရောထားဘူး အဟောင်းနဲ့အသစ်နဲ့၊ အပတ်စဉ် ၃ အတွက် ဆင့်ခေါ်စာပေးနေလို့ ရှောင်ရ တိမ်းရတဲ့သူတွေလည်း ရှိနေပြီ။ အပတ်စဉ် ၁ နဲ့ ၂ က ရပ်ကွက်ထဲက အုပ်ကြီးတွေက ပြောမနိုင်ဆိုမနိုင် အပေအတေတွေများတယ်။ ဒါပေမဲ့ အခု အပတ်စဉ် ၃ မှာ ပညာတတ်တွေ ပြည့်စုံတဲ့သူတွေအလှည့်ရောက်လာပြီ။ လူကအကုန်နီးပါး ခေါ်မှာဘဲ။”

စစ်ကောင်စီက ပြီးခဲ့တဲ့ အပတ်စဥ် ၁ မှာ လူဦးရေ ၅၀၀၀ နီးပါးကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာရှိတဲ့ စစ်အခြေခံသင်တန်းကျောင်း ၇ ကျောင်းနဲ့ တန်းမြင့်သင်တန်းကျောင်း ၈ ကျောင်းမှာ သင်တန်းပေးခဲ့တာပါ။

စစ်မှုထမ်းအပတ်စဥ်ကို အရင်က သင်တန်းကျောင်း ၁၅ အပြင် မိတ္တီလာတပ်နယ်၊ ရေတာရှည်တပ်နယ်နဲ့ တကက ၁၄ ကျိုင်းတောင်တို့ ပါဝင်လာတာတွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013