Home
မြန်မာသတင်း
မြို့နယ် ၄ ခုတွင် စစ်ကောင်စီ ရဲစခန်း၊ စုပေါင်းရုံးနှင့် ယာဉ်တန်းများ တိုက်ခိုက်ခံရ
DVB
·
May 22, 2024
WattKhautSeinVillageSAC_22052024
MonYwaPDF_22052024
SagaingDrone_22052024
YinMarBinPDF_22052024

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က မုံရွာ-မန္တလေးလမ်းမကြီးပေါ်က ချောင်းဦးမြို့နဲ့ ငါးယှန်ကျေးရွာအကြားမှာ စစ်ယာဉ်တန်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်လို့ စစ်သား ၃ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ People's Defense Force - South Monywa ဆီကနေ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုတွေကို မေ ၂၁ ရက် မနက် ၈ နာရီခွဲ၀န်းကျင်မှာ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်အဖြစ် မနက် ၁၀ နာရီ၀န်းကျင်မှာ ပြုလုပ်ခဲ့ကြတာလို့ ဆိုပါတယ်။

Defense Force - South Monywa ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “ချောင်းဦး နတ်ရေကန် စစ်ဆေးရေးဂိတ်ကနေ ချောင်းဦးဘက်ကို ပြန်လာတဲ့ ခွေးတပ်က Jammer ကားကို ချောင်းဦးမြို့နဲ့ ငါးယှန်ကျေးရွာကြားမှာ ပဒေသာမိုင်း ၃ လုံးနဲ့ ပထမအကြိမ် ဆွဲခဲ့တာပါ” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ရဲ့ Jammer ကားပျက်စီးသွားပြီး စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာရမှုကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

“စစ်ကိုင်းဘက်ကနေ ထွက်လာပြီး ‌ေ-တွေပါလာတဲ့ တွဲကား ၁၇ စီးယာဥ်တန်းရဲ့ ၅ စီးမြောက်ကားကို ချောင်းဦးမြို့နဲ့ ငါးယှန်ရွာကြားမှာ ပဒေသာမိုင်း ၅ လုံးကို ဒုတိယအကြိမ် ဆွဲခဲ့တာပါ” လို့ နွေဦးလူငယ် People's Defense Force က ရဲဘော်တဦးက ပြောပါတယ်။

ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်မှုမှာတော့ မိုင်းပွိုင့်အနီး ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

Defense Force - South Monywa ရဲ့ ​တာ၀န်ခံတဦးက “ကျနော်တို့ မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People's Defense Force - South Monywa မှာ ‌ေ-တွေကို တိုက်ခိုက်နိုင်ဖို့လို့ ကျည်နဲ့ ခဲယမ်းတွေ ဖြည့်ဖို့ ရန်ပုံငွေ အရေးတကြီး လိုအပ်နေပါတယ်။ ပြည်သူတွေအနေနဲ့ ၀ိုင်း၀န်းကူညီကြပါဦးလို့လည်း မေတ္တာရပ်ခံချင်ပါတယ်” လို့ ဆိုပါတယ်။

တိုက်ခိုက်မှုတွေကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း - People's Defense Force - South Monywa တပ်ခွဲ ၁၊ နွေဦးလူငယ် People's Defense Force၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defense Force၊ Pentagram နဲ့ မြန်မာအစ္စလာမ်အထူးကွန်မန်ဒို တပ်ဖွဲ့တို့ ပူးပေါင်းပြုလုပ်ခဲ့တာလို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့က မြို့နယ်ထွေအုပ်ရုံး၊ မြို့မရဲစခန်းနဲ့ စုပေါင်းရုံးတို့ကို မေ ၂၀ ရက်နဲ့ ၂၁ ရက်တွေမှာ ၂ ရက်ဆက် ဝင်ရောက်တိုက်ခိုက်ခဲ့​တယ်လို့ သိရပါတယ်။ ယင်းမာပင်ခရိုင်တပ်ရင်း ၁၁ - ကျားသစ်နက်တပ်မတော် (Blcak Leopard Army) ဆီကနေ သိရပါတယ်။

ယင်းမာပင်မြို့က မြို့မရဲစခန်းနဲ့ စုပေါင်းရုံးကို မေ ၂၀ ရက်၊ မနက် ၅ နာရီဝန်းကျင်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၁ (ကျားသစ်နက်) တပ်မတော် တာဝန်ရှိသူတဦးက ပြောပါတယ်။

“ရဲစခန်းနဲ့ စုပေါင်းရုံးမှာ ကျနော်တို့ မတိုက်ခင်လေးတင် ‌ေ–းအင်အားထပ်ဖြည့်ထားတယ်လို့ သိရတယ်။ အပြန်အလှန် ပစ်ခတ်တဲ့ တိုက်ပွဲက ၂ နာရီနီးပါးလောက် ကြာတယ်ဗျ။ ကျနော်တို့ဘက်က လက်နက်ငယ်တွေအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်တာ။ ‌ေ–းတွေဘက်က ထိခိုက်သေဆုံးတာ မသိရသေးဘူး။ မြေပြင်အဖွဲ့တွေ စုံစမ်းနေတုန်းပဲရှိသေးတယ်” လို့ DVB ကို ပြောပါတယ်။

မြို့မရဲစခန်းနဲ့ စုပေါင်းရုံးတွေကို တိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၁၁ ကျားသစ်နက်တပ်မတော်-Blcak Leopard Army၊ ချင်းတွင်းဒိုင်းနမိုက်၊ တောင်ပံနီ၊ Brother Defense Force၊ Royal Brother မျက်လုံးစစ်ကြောင်း၊ ဒေါင်းမင်းတပ်ခွဲ ၂၊ Brave Eagle Revolution Force နဲ့ Chindwin Toe Na Yar တို့ ပူးပေါင်းပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

မေ ၂၁ ရက် မနက် ၅ နာရီ မိနစ် ၄၀ ကလည်း ယင်းမာပင်မြို့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ် လို့ ChinDwin DynaMite (Salingyi) တပ်ဖွဲ့ကနေ သိရပါတယ်။

ChinDwin DynaMite (Salingyi) တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “ထွေအုပ်ရုံးက ‌ေ–းတွေ အခိုင်အမာ တပ်စွဲထားတဲ့နေရာဗျ။ အဲဒီရုံးကို လက်နက်ကြီးတွေနဲ့ ထုခဲ့တာ။ ပစ်မှတ်ကိုထိတယ်။ ‌ေ–းသေစာရင်းတော့ စုံစမ်းတုန်းပဲ” လို့ ပြောပါတယ်။

မြို့နယ်ထွေအုပ်ရုံး တိုက်ခိုက်မှုကို ChinDwin DynaMite (Salingyi) တပ်ဖွဲ့၊ ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ တပ်ခွဲ ၃၊ တောင်ပံနီ (အထူး‌ပြောက်ကျား) တပ်ဖွဲ့၊ Brother Defence Force၊ Royal Brother၊ မျက်လုံးစစ်ကြောင်း၊ ကျားသစ်နက်တပ်မတော်၊ ဒေါင်းမင်းတပ်ခွဲ ၂၊ Brave Eagle ravolaution Force နဲ့ Chindwin Toe Na Yar အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့​တာလို့ သိရပါတယ်။

ယင်းမာပင်မြို့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့မရဲစခန်းနဲ့ စုပေါင်းရုံးတို့ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ DVB အနေနဲ့ မြို့နယ်ထွေအုပ်ရုံးနဲ့ မြို့မရဲစခန်းတို့ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်လက်ခံဖြေဆိုသူ မရှိခဲ့ပါဘူး။

မေ ၁၉ ရက် မနက်စောပိုင်းကလည်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်က စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့ ပဒူကျေးရွာနဲ့ နယ်မြေရဲစခန်းထဲကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Phoenix–Sagaing အဖွဲ့ကနေ သိရပါတယ်။

Phoenix–Sagaing အဖွဲ့ တာဝန်ခံတဦးက “‌ေ–းတွေတပ်စွဲနေတဲ့ ပဒူရွာနဲ့ အဲဒီက နယ်မြေရဲစခန်းထဲကို ဒရုန်းတွေနဲ့ ဗုံးတွေအများကြီး ကြဲချခဲ့တာ။ အသေအပျောက်တော့ ရှိမှာသေချာတယ်။ အတိအကျကတော့ မြေပြင်အဖွဲ့တွေဆီက သတင်းမတက်သေးလို့ မသိရသေးပါဘူး” လို့ DVB ကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့ ချလိုက်တဲ့ ဗုံးသီးတွေက ပဒူရွာက ‌ေ–းတွေတပ်စွဲနေတဲ့နေရာနဲ့ ရဲစခန်းထဲက အဆောက်အဦတွေပေါ်ကျပြီး အဆောက်အဦတွေ ပျက်စီးကုန်တာတွေ့တယ်” လို့ တိုက်ခိုက်ရေးမှာ ပါဝင်ခဲ့တဲ့ ရဲဘော်တဦးက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Phoenix–Sagaing၊ စစ်ကိုင်းမြို့နယ်-ပကဖ၊ GTR (MMU)၊ စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့၊ စစ်ကိုင်းခရိုင် အမှတ် ၁ တပ်ရင်း ဒရုန်းတပ်ဖွဲ့၊ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Royal Falcon Guerrilla Force နဲ့ နယ်မြေခံပကဖတွေ စုပေါင်းဆောင်ရွက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပဲခူးတိုင်း တောင်ငူမြို့နယ်၊ ဝက်ခေါက်စိန်ကျေးရွာက စာသင်ကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို မေ ၁၉ ရက်၊ မနက် ၂ ခွဲ၀န်းကျင်မှာ ၀င်ရောက်တိုက်ခိုက်ပြီး စခန်းသိမ်းနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တောင်ငူခရိုင် ၃၅၀၁ တပ်ရင်းဆီကနေ သိရပါတယ်။

တောင်ငူခရိုင် ၃၅၀၁ တပ်ရင်းရဲ့ တာ၀န်ခံတဦးက “ဝက်ခေါက်စိန်ရွာက စာသင်ကျောင်းမှာ တပ်စွဲနေတဲ့ အင်အား ၄၀ လောက်ရှိတဲ့ အထိုင်စခန်းကို ၀င်ရောက်တိုက်ခိုက်ခဲ့တာပါ။ မိနစ် ၄၀ လောက် တိုက်ပွဲသဘောမျိုး အပြန်အလှန်ပစ်ခတ်ပြီး သူတို့ စခန်းစွန့်ပြီး ထွက်ပြေးသွားတယ်” လို့  ဆိုပါတယ်။

စခန်းကိုသိမ်းပိုက်ပြီး ၆၀ မမ ဗုံးသီး ၁၀ လုံး၊ ကျည်ဆန်တွေ၊ ကျည်ဘောက်တချို့နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့ ထွက်ပြေးသွားတော့ တိုက်ပွဲ ငြိမ်သွားတယ်။ နာရီ၀က်လောက်ကြာမှာ ကျနော်တို့လည်း သူတို့စခန်းထံက ပစ္စည်းတွေသိမ်းယူပြီး ပြန်ထွက်လာခဲ့တယ်” လို့ တော်လှန်ရေး ရဲဘော်တဦးက ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ တောင်ငူခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃၅၀၁ နဲ့ ၎င်းတပ်ရင်းရဲ့ တပ်ခွဲ တွေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေပါဝင်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၀င်တချို့ အနည်းငယ် ထိခိုက်ရုံက လွဲပြီး စိုးရိမ်စရာ မရှိဘူးလို့ သိရပါတယ်။

စာသင်ကျောင်းကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေ ပြန်လည်ထွက်ခွာသွားပြီးချိန်မှာ စစ်ကောင်စီ တပ်သားတွေဟာ အင်အားဖြည့်တင်းကာ ၀က်ခေါက်စိန်ကျေးရွာကို ပြန်လည်ဝင် ရောက်လာပြီး ရွာထဲမှာ ပြန်လည်တပ်စွဲနေတယ်လို့ သိရပါတယ်။

Photos - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တောင်ငူခရိုင် ၃၅၀၁ တပ်ရင်း ၊ Phoenix–Sagaing ၊ Blcak Leopard Army နှင့် ChinDwin DynaMite ၊ Defense Force - South Monywa

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024