Home
မြန်မာသတင်း
မောင်တောနှင့် ရသေ့တောင်တွင် စစ်တပ်ပစ်ခတ်မှုကြောင့် ဒေသခံအချို့သေဆုံး ဒဏ်ရာရ
DVB
·
May 22, 2024
yakhine 4
yakhine 3
yakhine 2
yakhine 1

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ မေ ၂၁ ရက် မနက်ပိုင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ အမျိုးသမီး တဦးသေဆုံးကာ  ၁၁ ဦးထက်မနည်း ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့မနက် ၄ နာရီလောက်က ရွှေဗဟိုရွာ၊ ဗောဓိကုန်းရွာနဲ့ ငွေတောင်ကျေးရွာတွေကို  စစ်လေယာဥ် ၂ စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ မောင်တောမြို့ ဒေသခံတယောက်က ပြော ပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ရွှေဗဟိုကျေးရွာမှာ စစ်ရှောင်နေတဲ့ အသက် ၂၂ နှစ်အရွယ် မပန်းအိဖြူဟာ အုတ်နံရံပိကာ ပွဲချင်ပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရွှေဗဟိုရွာက ဦးကျော်ညွှန့်ဖြူ၊ ရွှေဗဟိုရွာမှာ စစ်ဘေးလာရှောင်နေတဲ့ ဦးဖြူသာထွန်း၊ ဦးကျော်သိန်းခိုင်၊ ကိုကျော်ကျော်နိုင်၊ မမေသဇင်ထွန်း၊ မောင်နိုင်သုတဖြိုး၊ ဗောဓိကုန်းရွာက ဦးမောင်စိန်လှ၊ ဦးရွှေဖြူသန်း၊ ကိုထွန်းနိုင်စိုးနဲ့ ကိုစိန်သန်းမောင်တို့အပါဝင် ၁၁ ဦးထက် မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ငွေတောင်ရွာနဲ့ ဗောဓိကုန်းကျေးရွာတွေမှာ လူနေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မောင်တောမြို့နယ်မှာ မေ ၁၉ ရက်နေ့ မနက်ပိုင်းကလည်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ဒေသခံ ၂ ယောက် ဒဏ်ရာရရှိကာ ဆေးပေးခန်း တခုနဲ့ နေအိမ် ၅ လုံး ပျက်စီး ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရသေ့တောင်မြို့နယ်မှာလည်း မေ ၂၁ ရက် မနက်ပိုင်းက စစ်ရေယာဉ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ စစ်ဘေးရှောင်စခန်းက ပြည်သူ တဦးသေဆုံးကာ ၆ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စေတီပြင်ကျေးရွာကို မနေ့မနက် ၆ နာရီကျော်လောက်မှာ မောင်တောမြို့နယ် သဝင်ချောင်းရွာနားမှာ ရပ်တန့်ထားတဲ့ စစ်ရေယာဉ်က လက်နက်ကြီနဲ့ ၃ လုံး ပစ်ခတ်ခဲ့တယ်လို့ စေတီပြင်ကျေးရွာ ဒေသခံကပြောပါတယ်။

အဲဒီလက်နက်ကြီးကျည်တွေဟာ စေတီပြင်ကျေးရွာ စစ်ဘေးရှောင်စခန်းက နေအိမ်နားတွေမှာ ကျရောက်ပေါက်ကွဲကာ အမျိုးသားတဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးခဲတဲ့သူကတော့ မညှင်းတောင်ကျေးရွာက အသက် ၆၉ နှစ်အရွယ် ဦးမောင်အေးချမ်းဖြစ်ပြီး အဲဒီရွာက ဦးအောင်ကျော်စိန်၊ ဦးကျောစိုးသန်း၊ အမျက်တောင်ရွာက ဦးဖြူသာဦး၊ ဒေါ်သိန်းသိန်းညွှန့်၊ မောင်မျိုးမင်းခန့်နဲ့ ရသေ့တောင်မြို့က ကိုလင်းချေတို့ ဒဏ်ရာတွေ ရခဲ့လို့ ဆေးကုသမှု ခံယူနေရ ပါတယ်။

ရသေ့တောင်မြို့နယ်မှာ မေ ၁၅ ရက် မနက်ပိုင်းကလည်း စစ်တပ်က ထောင်ထားခဲ့တဲ့ စစ်ကျန် မြေမြုပ်မိုင်း ပေါက်ကွဲခဲ့လို့ ပြည်သူ တဦးသေဆုံးကာ ၂ ဦးဒဏ်ရာ ရခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024