DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုတွင် လေ​ပြင်းကြောင့် စစ်ရှောင်နေအိမ်များ ပျက်စီး၊ ဖယ်ခုံစစ်ရှောင်များကို ကျန်းမာရေး အသိပညာပေး
DVB
·
May 21, 2024
ဒီးမော့ဆိုတွင် လေ​ပြင်းကြောင့် စစ်ရှောင်နေအိမ်များ ပျက်စီး၊ ဖယ်ခုံစစ်ရှောင်များကို ကျန်းမာရေး အသိပညာပေး
1 / 7
Donate to DVB

ကရင်နီ(ကယားပြည်နယ်)၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မိုးသီးကြွေတာ၊ လေပြင်း(လေပွေ) တိုက်ခတ်တာတွေကြောင့် စစ်ဘေးရှောင်နေအိမ်တွေ ပျက်စီးခဲ့ပါတယ်။

မေ ၂၀ ရက် နေ့လယ် ၂ နာရီလောက်က စတင်ကာ ညနေ ၄ နာရီခွဲလောက်အထိ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ဆုံဆည်းရာ စစ်ရှောင်စခန်းက စစ်ရှောင်ကျောင်း အပါအဝင် နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့တာပါ။

စစ်ရှောင်တာဝန်ခံက “ပထမ လေပွေတိုက်တာ၊ ပြီးမှ မိုးသီးရော လေ​ရောမိုးရော ပါလာတယ်။ ဒီမှာ မိုးထားတဲ့ မိုးကာတွေကလည်း တနှစ်ကျော်ရှိပြီကော။ ဆွေးပြီ ပြဲပြီလေ။ ဒီညအိပ်ဖို့ကိုတော့ နီးစပ်တဲ့ အိမ်မပျက်စီးတဲ့ အိမ်နီးချင်းတွေဆီမှာ အိပ်ဖို့ပဲ ပြောထားရတယ်။ မိုးကာ၊ စားနပ်ရိက္ခာနဲ့ ပတ်သက်ပြီးတော့လည်း လိုအပ်ချက်တွေကို အလှူရှင်တွေဆီ ပြောထားတာ ကြာပြီ။ ဒါပေမဲ့ အလှူရှင်တွေလည်း ပင်ပန်းပြီလေ။ ဖြစ်နိုင်ရင် သွပ်နဲ့ အကုန်ဆောက်ချင်တာပေါ့။ မိုးကာဆို တနှစ်ကို ၃ ခါလောက် လဲရတယ်။ မိုးတိတ်တိတ်ချင်း ကျနော်တို့ လိုက်ကြည့်ပြီး ပြင်လို့ရတဲ့အိမ်ကို အားချင်းပြန်ပြင်ရတယ်။ အမိုးပြဲပြီး လန်တာက ပိုများတယ်” လို့ DVB ကို ပြောပါတယ်။

ဆုံဆည်းရာ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၇၀ ကျော်ရှိပြီး ကလေးငယ်၊ သက်ကြီးရွယ်အိုတွေ အပါအဝင် လူဦးရေ ၃၂၀ ကျော် နေထိုင်ကြပြီး အခုလိုဖြစ်ရပ်တွေကြောင့် နှလုံးဖောက်သူတွေ၊ စိတ်ဒဏ်ရာရသူတွေပါ ရှိနေတယ်လို့ နေအိမ်ပျက်စီးခဲ့သူ စစ်ရှောင်အမျိုးသမီးတဦးက DVB ကို ပြောပါတယ်။

“ကျမတို့အိမ်ကတော့ ကြက်တအုပ်ပါ သေသွားတယ်။ ကြက်ပေါက်လေးတွေဆိုတော့ စားလို့ကလည်း မရ။ ဒီညတော့ မိုးရွာနဲ့ ထိုင်နေရမှာပဲ။ အရမ်းသည်းလာရင်တော့ အဒေါ်တို့အိမ်ဘက် သွားနေရမှာပေါ့။ ဟိုး အမိုးလန်သွားတဲ့အိမ်ကဆို အဘွားတယောက် မိုးခြိမ်းတာ မိုးသီးကြွေတာကို ကြားပြီး နှလုံးထဖောက်တယ်။ ဒီမှာ တခါတလေဆို တွေးမိတယ်၊ ထမင်း ၃ ရက်လောက်မှ တခါစားလို့ရရင် ကောင်းမှာပဲလို့။ မဟုတ်ရင် အဆင်မပြေဘူး။ စားစရာတောင်မရှိတဲ့ကြားကနေ အခု နေစရာပါမရှိတော့ ကျမတို့ ဘာဆက်လုပ်ရတော့မလဲ။ အိမ်ကလည်း ပြန်မရ၊ တချို့ဆို စိတ်ဒဏ်ရာပါ ဖြစ်နေကြပြီ။”

ဒီးမော့ဆိုအနောက်ခြမ်းမှာ စစ်ဘေးရှောင်စခန်း ၅၀ ကျော်ရှိကာ ဒီးမော့ဆို၊ လွိုင်ကော်၊ ဖရူဆို၊ ဘောလခဲတို့က ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြပြီး တော်လှန်ရေးတပ်တွေဘက်ကလည်း စစ်ရေးအခြေအနေတွေကြောင့် နေရပ်ပြန်ဖို့ ခွင့်မပြုသေးပါဘူး။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ထဲက ကျေးရွာတခုမှာ လူနာအယောက် ၁၇၀ ကျော်ကို ကရင်နီဧည့်သည်ဆေးခန်းက ကျန်းမာရေးနဲ့ပတ်သက်တဲ့ ပညာပေးဟောပြောမှုနဲ့ ရွေ့လျား ဆေး ကုသပေးတာကို မေ ၂၀ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ဆေးခန်းတာဝန်ရှိသူ ကိုနွေဦးမာန်က ပြောပါတယ်။

အဆိုပါနေရာဟာ လမ်းခရီးသွားလာရခက်ခဲပြီး နေမကောင်း မကျန်းမာတဲ့ ရွာခံနဲ့ စစ်ဘေးရှောင် များတဲ့အတွက် အကူအညီတောင်းလာတာကြောင့် သွားရောက်ကုသပေးခဲ့တာလို့ ဆိုပါတယ်။

ကိုနွေဦးမာန်က “အဓိကကတော့ သွေးတိုးအဖြစ်များတယ်ဆိုတော့ သွေးတိုးနဲ့ ပတ်သက်ပြီး ဟောပြောပွဲ လုပ်တာ။ အဲဒီမှာ သွေးတိုးတင်မကဘဲ ဆီးချိုတွေ၊ ကျောက်ကပ်နဲ့ပတ်သက်ပြီး ဖြစ်တာတွေလည်း တွေ့ရတာပေါ့။ လူနာက ၂၀၀ နီးပါးထိ ဖြစ်သွားတော့ ဆေးတွေလည်း ကုန်တယ်။ ပြည်သူတွေလှူထားတာကနေ ပြန်ခွဲလှူရတဲ့ သဘောမျိုးပေါ့။ ခုက လမ်းကြောင်းတွေလည်း ပိတ်သွားတော့ အခက်အခဲတွေတော့ ရှိတယ်။ ဆေးတွေ လျော့သွား ပေမဲ့လည်း သူတို့ အဆင်ပြေတာ မြင်ရတော့ ကြိုးစားရကျိုး နပ်တယ်” လို့ ပြောပါတယ်။

နာတာရှည်ရောဂါတွေဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ ရာသီတုပ်ကွေး၊ ငှက်ဖျားနဲ့ ကျောက်ကပ် ရောဂါတွေအတွက် အဓိက ကုသပေးခဲ့ပြီး မိုးရာသီကာလမှာ လိုအပ်လာမယ့် ရာသီတုပ်ကွေးနဲ့ ငှက်ဖျားရောဂါအတွက် ဒေသခံတွေနဲ့ စစ်ရှောင်တွေက ဆေးဝါးအကူအညီ တောင်းခံတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ်မှာ စစ်ဘေးရှောင် ၃ သိန်းခွဲကျော်အထိ ရှိပြီး စားနပ်ရိက္ခာ၊ မိုးကာနဲ့ ဆေးဝါးတွေ လိုအပ်နေပြီး မိုးကာလ ရောက်တော့မှာဖြစ်လို့ ငှက်ဖျားနဲ့ ရာသီတုပ်ကွေး အတွက် ကြိုတင်ကာကွယ်ဖို့လည်း လိုအပ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013