DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များကို ၁၀ နှစ်ဗီဇာ ထုတ်ပေးမည်
DVB
·
May 21, 2024
ထိုင်းတွင် နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များကို ၁၀ နှစ်ဗီဇာ ထုတ်ပေးမည်
Donate to DVB

ထိုင်းနိုင်ငံက အရှေ့ပိုင်းစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အရည်အချင်းရှိ နိုင်ငံခြားသားတွေကို ကောင်းမွန်သော ဝန်ဆောင်မှုပေးဖို့ ရည်ရွယ်ပြီး  ကျွမ်းကျင်ပညာရှင်တွေနဲ့သူတို့ရဲ့ မှီခိုသူမိသားစုဝင်တွေကို ၁၀ နှစ်ဗီဇာ ထုတ်ပေးဖို့ ဝန်ကြီးများအစည်းအဝေးက သဘောတူလိုက်ကြောင်း TNN ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ပြီးခဲ့တဲ့ မေ ၁၄ ရက်က ဖစ်ချ်ပူရီမြို့မှာ ကျင်းပခဲ့တဲ့ ထိုင်းအစိုးရဝန်ကြီးများအဖွဲ့ရဲ့ နယ်လှည့်အစည်းအဝေးမှာ အရှေ့ပိုင်းအထူးဖွံ့ဖြိုးတိုးတက်ရေးဇုန်မူဝါဒကော်မတီ (EECd) က အဆိုပြုထားတဲ့ ဒစ်ဂျစ်တယ်စက်မှုလုပ်ငန်းနဲ့ ဆန်းသစ်တီထွင်မှုမြှင့်တင်ရေးဇုန် (EECd) ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်ကို ဆွေးနွေးခဲ့ပြီး တတ်သိပညာရှင်နဲ့ လုပ်ငန်းကျွမ်းကျင်သူ နိုင်ငံခြားသားတွေအတွက် ၁၀ နှစ်ဗီဇာပေးဖို့ သဘောတူခဲ့တယ်လို့  ထိုင်းအစိုးရအဖွဲ့ လက် ထောက်ပြောရေးဆိုခွင့်ရှိသူ မစ်စ် ရတ်ကလောဝ့် အင်ထဝုန်း ဆုဝမ်းခီရီက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

အဲ့ဒီဗီဇာကို EEC Visa လို့ခေါ်ဆိုပြီး ဒီဗီဇာရဖို့အကြုံးဝင်သူတွေမှာ သက်ဆိုင်ရာ လုပ်ငန်းရှင်နဲ့  အလုပ်လုပ်ဖို့စာချုပ်ထားသူ၊ လဝကဥပဒေနဲ့ ညီညွတ်စွာနေထိုင်သူ၊ လုပ်ငန်းရှင်မှ ထောက်ခံပေးသူ ဖြစ်ပြီး EEC Visa အမျိုးအစား ၄  မျိုးထပ်ခွဲထားတယ်လို့ ဆိုပါတယ်။ 

အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးရေးအတွက် စက်မှုလက်မှု လုပ်ငန်းတွေမှာ  ကျွမ်းကျင်သူများအတွက်  Speciallist “ S “ ဗီဇာ။  အမှုဆောင်အရာရှိအဆင့်ရှိသူတွေ လုပ်ငန်းအတွေ့အကြုံရှိသူနဲ့ လုပ်ငန်းကျွမ်းကျင်မှု သက်သေအထောက်အထားရှိသူတွေအတွက်   Executive “ E  ”  ဗီဇာ။ လုပ်ငန်းကျွမ်းကျင်သူ၊ မိမိလက်ခံထားတဲ့ အလုပ်အပေါ် တာဝန်ယူနိုင်စွမ်း၊ ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိသူ၊ အမှန်တကယ်ကျွမ်းကျင်ကြောင်း သက်သေအထောက်အထားရှိ သူများအတွက် Professional “ P  ” ဗီဇာ။ အထက်ပါပုဂ္ဂိုလ်များရဲ့ ဇနီး/ခင်ပွန်း၊ သားသမီးစသော မှီခိုသူများအတွက် Others “O” ဗီဇာ ဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။ 

အဆိုပါ ကျွမ်းကျင်သူပညာရှင်တွေအနေနဲ့ ထိုင်းနိုင်ငံမှာ ၁၀ နှစ် နေထိုင်ခွင့်ဗီဇာရရှိမယ်၊ ဒါပေမဲ့ လုပ်ငန်းစာချုပ်သက်တမ်းထက်တော့မပိုရ၊  လဝကရုံးသို့ ပုံမှန်သတင်းပို့ခြင်းကို အွန်လိုင်းမှ လုပ်ဆောင်နိုင်မယ်၊  ဗီဇာတုံးထုတာ၊ ဗီဇာအမျိုးအစားပြောင်းလဲတာ၊ ဗီဇာသက် တမ်းတိုးတာ စတဲ့ကိစ္စရပ်တွေကို အရှေ့ပိုင်းစီးပွားရေးဇုန်နယ်မြေထဲရှိ မည်သည့် လဝက ရုံးမှာမဆို သွား‌ရောက်ဆက်သွယ်ဆောင်ရွက်နိုင်မယ်၊ မိမိရဲ့  မိသားစုဝင်တွေပါ ခေါ်ယူ နေထိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။ 

EEC Visa ကိုင်ဆောင်သူ နိုင်ငံခြားသားတွေအနေနဲ့ နှစ်စဉ် ဘတ်ငွေ ၁၀,၀၀၀ ဗီဇာကြေး ပေးသွင်းရမှာဖြစ်ပြီး အလုပ်လုပ်ခွင့်လိုင်စင် Work Permit ကြေးမှာ လူတဦးလျှင် ဘတ် ၂၀.၀၀၀   နှစ်စဉ်ပေးသွင်းရမယ်လို့ ဆိုပါတယ်။ 

ပထမပိုင်းမှာ ၅ နှစ်ဗီဇာ အရင်ပေးမှာဖြစ်ပြီး ဒုတိယပိုင်းမှာ ၅ နှစ်ထပ်တိုးပေးမယ်၊ ဒီဗီဇာ ကိုင်ဆောင်ဖို့ အကြုံးဝင်သူနိုင်ငံခြားသားပေါင်း ၁၄၉,၃၈၈ ဦးရှိမယ်လို့ ခန့်မှန်းကြောင်း၊ အများဆုံးမှာ ဂျပန် နဲ့ တရုတ်နိုင်ငံသားတွေဖြစ်ပြီး အထက်ပါဗီဇာနဲ့ နေထိုင်သူများထံမှ တိုင်းပြည်ဝင်ငွေ ဘတ်သန်းပေါင်း ၇၄၆၉ ဒဿမ ၄ သန်း ရရှိနိုင်မယ်လို့ ခန့်မှန်းကြောင်း ထိုင်း သတင်းမှာ ဖော်ပြပါတယ်။ 

Source:- Tnn  wealth  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013