DVB Logo
Home
မြန်မာသတင်း
ထွက်ပြေးလာသည့် ရိုဟင်ဂျာ ၃၅၀၀ ကျော် ဘူးသီးတောင် မြောက်ပိုင်းရွာများတွင် ခိုလှုံရောက်ရှိ
DVB
·
May 21, 2024
ထွက်ပြေးလာသည့် ရိုဟင်ဂျာ ၃၅၀၀ ကျော် ဘူးသီးတောင် မြောက်ပိုင်းရွာများတွင် ခိုလှုံရောက်ရှိ
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်က ထွက်ပြေးလာတဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာ တွေဟာ ဘူးသီးတောင်မြောက်ပိုင်းက ကျေးရွာမှာ ထောင်ချီရောက်ရှိလာတာရှိသလို တချို့ မြို့ထဲမှာ ဆက်ကျန်နေပြီး တချို့ကတော့ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

မေ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေတုန်းက  ဘူးသီးတောင်မြို့ မီးရှို့ခံရပြီး ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာရွာတွေဟာ  မေ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ ဘူးသီးတောင်မြောက်ပိုင်းကရွာတွေဖြစ်တဲ့ မိချောင်းဈေး၊ ငရံ့ချောင်းနဲ့ ကျေးနှုတ်သီးရွာတွေကို ၃၅၀၀ ကျော် ရောက်လာတယ်လို့ ဒေသခံရိုဟင်ဂျာတွေရဲ့ ဆွေမျိုးတွေဆီက သိရပါတယ်။

ထွက်ပြေးလာသူတွေကို လမ်းခရီးမှာ ရက္ခိုင့်တပ်တော် (AA) စစ်သားတွေက ပါလာတဲ့ငွေနဲ့ တန်ဖိုးရှိတဲ့အရာကိုသိမ်းယူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။  ဘူးသီးတောင်မှာတော့ အနည်းဆုံး ဗလီ ၆ လုံးနဲ့ အိမ်ပေါင်း ၇၅၀၀ ကျော်မီးထဲပါသွားပြီလို့ ခန့်မှန်းကြပါတယ်။

ဘူးသီးတောင်ဒေသခံတဦးက “မိချောင်းဈေး ရွာဘက်ကို မနေ့ (မတ် ၁၉ ရက်) က  လူ ၅၀၀ ကျော်လောက်ရောက်တယ်။ ငရံ့ချောင်ကို ၁၀၀၀ ကျော်၊ ကျေးနှုတ်သီးကို ၂၀၀၀ ကျော် စုစုပေါင်း ၃၅၀၀ ကျော်လောက်ရောက်လာကြတယ်။ သူတို့ကိုလမ်းမှာ AA စစ်သားတွေက ပါလာသမျှ ငွေ နဲ့လက်ဝတ်လက်စားတွေ အကုန်သိမ်းသွားတယ်။ သူတို့စားစရာတောင်မပါလာကြဘူး။ AA က မောင်တောဘက်ကိုတော့သွားခွင့်မပြုဘူး။ အိမ်တွေကတော့ မြို့ပေါ်ရော ရွာတွေဘက်ကောဆိုရင် အိမ်ပေါင်း (၇၅၀၀ ကနေ ၈၀၀၀ ) လောက်အထိ မီးလောင်သွားပြီ။ မြို့ပေါ်က လူတွေအများစုက ဘူးသီးတောင်တောင်ပိုင်းက စာရင်းပြတို့ ညောင်ခြောင်းတို့မှာ ရောက်နေကြတယ်လို့ ကြားတယ်။ ဘူးသီးတောင်မြို့ပေါ်မှာက ရိုဟင်ဂျာက ၈၀ ရာခိုင်နှုန်းလောက်နေကြတာ၊ ရွာဘက်တွေ ကောဆိုရင်  ခန့်မှန်းဆိုရင် လူ ၁ သိန်းခွဲလောက်ထွက်ပြေးနေရတယ်” လို့ ပြောပါတယ်။

AA တပ်ဖွဲ့ဝင်က ရိုဟင်ဂျာတွေ ပါလာတဲ့ ပိုက်ဆံနဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ သိမ်းယူတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပက်သက်လို့ သီးခြား အတည်မပြုနိုင်သေးသလို AA ဘက်ကိုလည်း မေးမြန်းနိုင်တာ မရှိသေးပါဘူး။  ဘူသီးတောင်မြို့ပေါ်မှာလည်း ထွက်ပြေးလို့မရပဲ ကျန်နေခဲ့သူတွေရှိနေ ပါတယ်

ရိုဟင်ဂျာမိသားစု၀င်တဦးက “အခုက မြို့မနဲ့ ၅ ရပ်ကွက်မှာ လူတွေကျန်နေသေးတယ်။ မွတ်စလင်အများစုနေတဲ့နေရာပေါ့နော်။ ရခိုင်အနည်းငယ်လည်းရှိတယ်။ ဒါပေမဲ့ ပြဿနာ မဖြစ်ခင်ကတည်းက သူတို့ကထွက်သွားကြပြီ။ အထက ၁ မှာ နယ်ဘက်ကနေ အရင်ကတည်းက လာပြီး ခိုလှုံနေတဲ့ ရိုဟင်ဂျာ ၂၀၀ ကျော်လောက်ရှိတယ်။ အဲ့ဒါကို AA က ဒရုံးနဲ့ ဗုံးကြဲလိုက်တာ။ ဘယ်သူမှ မလွတ်ကြဘူး၊ သူတို့က ဗလီထဲရှိတဲ့သူတွေအကုန်မောင်းထုတ်တာ။ ၁၈ ရက်နေ့ ည ၉ နာရီ ခွဲလောက်မှာ ဆိုင်ကယ်တွေ၊ ထော်လာဂျီတွေကိုအကုန်သိမ်းယူပြီး မြန်မြန်ပြေးပါ မြန်မြန်ပြေးပါဆိုပြီး လောက်ချာတွေနဲ့ အိမ်တွေကိုပစ်တာ”လို့ ပြောပါတယ်။

ဘူးသီးတောင်မှာကျန်နေခဲ့တဲ့သူတွေကို ထွက်ခွာခွင့်မပေးဘဲ ARSO ၊ ARSA ၊ ARA စစ်ကောင်စီ တွေနဲ့ပတ်သတ်မှုရှိမရှိ AA က စစ်ဆေးမယ်လို့ သိရပါတယ်။ သူတို့ကို တနေရာတည်းမှာ စုနေခိုင်းထားပြီး အစားအသောက်နဲ့ ဆေးဝါးတွေကိုတော့ AA က အကူအညီပေးတယ်လို့ ဖုံညိုလိပ်ရွာသားက ပြောပါတယ်။

ဖုံညိုလိပ်ရွာနေ ရိုဟင်ဂျာတဦးက “ ဦးလှဖေ၊ အတွင်းဒပ်ပြင်ချေ၊ ဖုံညိုလိပ်၊ စာရင်ပြ၊ ညောင်ချောင်း၊ အဲ့ဒိရပ်ကွက်တွေကတော့ လူမရှိကြတော့ဘူး။ သူတို့တတွေ ထွက်သွားတုန်း ကတော့ AA ကအကူအညီပေးပြီး ရွေ့ပေးတယ်။ ၅ ရပ်ကွက်မှာပိတ်မိနေတဲ့ သူတွေကိုတော့  ဘယ်မှ သွားခွင့်မပေးဘဲ တနေရာထဲမှာပဲ စုပြီးထားတယ်။ သူတို့ကို ARSO,ARSA ARA စစ်ကောင်စီတွေနဲ့ ပသတ်မှုရှိမရှိစစ်ဆေးဦးမယ်တဲ့။  အခုတော့ အဲ့လူတွေက တချို့ဆိုရင် လမ်းပေါ်မှာအိပ်ရတယ်။ တချို့ထောင်ရှေ့မှာ တဲထိုးနေရတယ်။ လူတွေအရမ်းကြပ်ညပ်နေတယ် ဘယ်လောက်ရှိမလဲဆိုတာတော့ ခန့်မှန်းလို့မရသေးဘူး”လို့ ပြောပါတယ်။

AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ဘူးသီးတောင်မြို့နယ်ထဲမှာတပ်စွဲထားတဲ့  စစ်ကောင်စီ စခန်းတွေအားလုံးကို တိုက်တုတ်သိမ်းပိုက်လိုက်ပြီးတဲ့နောက်မှာ ရာပေါင်းများစွာရှိတဲ့ ARA,ARSO,ARSA အဖွဲ့တွေက ဒီဒေသထဲမှာပဲ ထွက်ပြေးနေဆဲရှိနေပြီး မွတ်စလင်ရွာတွေမှာ ပြည်သူတွေကို အကာအကွယ်ယူပြီး တိုက်ခိုက်ဖို့ ရှိနေပါတယ်။

ဒါကြောင့် ပြည်သူတွေ လုံခြုံစိတ်ချရတဲ့နေရာတွေကို ရွေ့ပြောင်းနေကြဖို့ကို ကြိုတင်ပြီး တိုက်တွန်းထားကြောင်း DVB ကို ဖြေကြားပေးခဲ့ပါတယ်။

လက်ရှိမှာတော့ သေဆုံးပျောက်ဆုံးတဲ့ ရိုဟင်ဂျာဘယ်လောက်ရှိတယ်၊ မီးရှို့ခံတဲ့အိမ် ဘယ်လောက်ရှိတယ်ဆိုတာကို ဆက်လက်ဆုံစမ်းနေဆ ဖြစ်ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ အရှေ့တောင်အာရှပါလီမန်အမတ်များအဖွဲ့ (APHR) ကတော့  ရခိုင်ပြည်နယ်မြောက်ပိုင်း အေအေသိမ်းပိုက်ထားတဲ့ နယ်မြေတွေရှိ ရိုဟင်ဂျာတွေ အစုအပြုံလိုက်သတ်ဖြတ်မှု မဖြစ်အောင် အမြန်ဆုံး လုပ်ဆောင်ဖို့ ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာကို မေ ၁၉ ရက်က အရေးပေါ် တိုက်တွန်းတောင်းဆိုထားပါတယ်။

  မင်းညို

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013