DVB Logo
Home
မြန်မာသတင်း
ကုလားကုတ်ကျွန်း၌ စက်လှေများကို စစ်တပ်က ညဘက်သွားလာခွင့်ကန့်သတ်
DVB
·
May 21, 2024
ကုလားကုတ်ကျွန်း၌ စက်လှေများကို စစ်တပ်က ညဘက်သွားလာခွင့်ကန့်သတ်
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ရှိ ကုလားကုတ်ကျွန်းမှာရှိတဲ့ ငါးဖမ်းစက်လှေနဲ့ ခရီးသည်တင်လှေတို့ကို စစ်‌ကောင်စီတပ်က ညဘက်သွားလာခွင့်ကန့်သတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုလားကုတ်ကျွန်းမှာတပ်စွဲထားတဲ့ ပင်လယ်ရေကြောင်းကာကွယ်ရေးအမြောက်တပ်ကို မေ ၃ ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးပြီးနောက် ကုလားကုတ်ကျွန်းပေါ်က စစ်ကောင်စီတပ်တွေ ထပ်မံတိုက်ခိုက်ခံရမှာစိုးရိမ်လို့ စစ်ကောင်စီက စက်လှေတွေကို ညဘက်သွားလာခွင့်ကန့်သတ်ခဲ့တာပါ။

ငါးဖမ်းလှေနဲ့ခရီးသည်လှေအပါအဝင် ဘယ်လှေမဆို ည ၆ နာရီမှ မနက် ၆ နာရီအတွင်း ညမထွက်ရအမိန့် စစ်ကောင်စီတပ်ကထုတ်ခဲ့ပြီး မလိုက်နာဘဲ ထွက်တဲ့လှေတွေကို ပစ်ခတ်ဖမ်းဆီးသွားမယ်လို့ အသိပေးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ကုလားကုတ်ကျွန်းမှာနေထိုင်သူတဦးက"PDF တွေက ပင်လယ်ထဲက မဖြစ်နိုင်တဲ့စခန်းကို ဝင်တိုက်ပြီး ရအောင်ဖောက်ထုတ်သွားတော့ ကြောက်ပြီးပိတ်လိုက်တာဟုတ်မယ်။ ညဘက်ဆို ဘယ်လှေမှကိုပေးမထွက်တာ။ နေ့ဘက်ဆိုရင်တောင် မှတ်ပုံတင်ကအစ အသေစစ်နေတာ။ ညဘက်ထွက်ရင် ပစ်ရမယ်ဆိုပြီး ပြောထားတယ် " လို့ ပြောပါတယ်။

နေ့ဘက်တွေမှာ ထွက်တဲ့လှေတွေအနေနဲ့ဘယ်နေရာသွားသွား စစ်သင်္ဘောဆီသွားပြီး မှတ်ပုံတင်ပြကာ သတင်းပို့ရပြီး ညဘက်မဖြစ်မနေသွားရတဲ့လှေတွေအနေနဲ့ ပိုက်ဆံပေးရသလို သူတို့သတ်မှတ်ထားတဲ့ အချက်ပြမီးကိုသာတပ်ဆင်ရတယ်လို့ ‌ငါးဖမ်းလှေသမားတဦးက ပြောပါတယ်။

စစ်ကောင်စီရေကြောင်းအမြောက်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်နိုင်တာဟာ ငါးဖမ်းလှေတွေနဲ့ ချိတ်ဆက်မှုရှိနိုင်တယ်ဆိုပြီး စစ်ကောင်စီတပ်သားတွေက မေ ၈ ရက်မှာ ကုလားကုတ်ကျွန်းပေါ်ရှိ ငါးဖမ်းစက်လှေသမားတွေကို အစည်းအဝေး‌ခေါ် မေးမြန်းပြီးမှတ်ပုံတင်တွေ စစ်ဆေးခဲ့ပါတယ်။

ကုလားကုတ်ကျွန်းပင်လယ်ရေကြောင်းကာကွယ်ရေးတပ်ကို မေ ၃ ရက်နေ့မှာ တပင်ရွှေထီးစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၂ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေရရှိခဲ့သလို စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တပင်ရွှေထီးစစ်ကြောင်းထံက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013