
ကမ္ဘာကြီးပူနွေးလာမှုကို ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးရပ်စ်အထိ ကန့်သတ်ဖို့ အရေးကြီးကြောင်း ဖီဂျီမှာ ကျင်းပတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံမှာ အဓိကအချက်အနေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။
တူရကီနိုင်ငံမှာ ကျင်းပမဲ့ နိုဝင်ဘာလ COP 31 မတိုင်မီ ကမ္ဘာ့နိုင်ငံများရဲ့ ဝန်ကြီးအဆင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ ၃၁ ကြိမ်မြောက် ရာသီဥတုဆိုင်ရာ အစည်းအဝေး မတိုင်မီ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုမှာ ထိခိုက်မှုအရှိဆုံး ပစိဖိတ်နိုင်ငံတွေက ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုတွေကို အဓိကထား ဆွေးနွေးဖို့ ကြိုးစားနေပါတယ်။
ဦးစားပေးလုပ်ဆောင်ရမဲ့အထဲမှာ ရာသီဥတုပြောင်းလဲရေးမှာ အသုံးပြုဖို့ ပိုကောင်းတဲ့ ဘဏ္ဍာ ငွေရဖို့၊ အပူအချိန်ကို ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးရပ်စ်ထက် မကျော်အောင် ထိန်းသိမ်းထား ဖို့တွေ ပါဝင် ပါတယ်။
လက်ရှိ ကမ္ဘာကြီးရဲ့ အပူချိန်ဟာ စက်မှုခေတ်မတိုင်မီကထက် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးရပ်စ် ပိုပူ နေပြီး မကြာမီ အဲဒီပမာဏကို ကျော်သွားမယ်လို့လည်း ကုလက ပြောထားပါတယ်။
ဩစတြေးလျ ရာသီဥတုဝန်ကြီး ခရစ်ဘိုဝမ်က “ရာသီဥတုအပြောင်းအလဲ ခံရတဲ့ နိုင်ငံတွေက ဘဏ္ဍာငွေလိုအပ်တာကြောင့် ငွေကြေးရရှိဖို့ လိုပါတယ်။ ငွေကြေးပိုလိုအပ်တဲ့ နိုင်ငံတွေက ငွေကြေးအနည်းဆုံးပဲ ရကြပါတယ်။ ဒါကို ပြောင်းလဲရပါမယ်” လို့ ပြောပါတယ်။
၃၁ ကြိမ်မြောက် ကမ္ဘာ့ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲမတိုင်မီ ဖီဂျီနဲ့ တူဗာလူတို့မှာ ဒီတပတ် အကြို ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
၃၁ ကြိမ်မြောက် ကမ္ဘာ့ရာသီဥတု ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ညီလာခံကို တူရကီနိုင်ငံက အိမ်ရှင် အဖြစ် အန်တာရာမြို့မှာ လက်ခံကျင်းပမှာဖြစ်ပြီး ဩစတြေးလျနိုင်ငံက ဦးဆောင်ဆွေးနွေးမှာ ဖြစ်ပါတယ်။
Source: Reuters











