DVB Logo
Home
မြန်မာသတင်း
ရောင်းချချိန် ကန့်သတ်ပိတ်ပင်ထားသဖြင့် ရန်ကုန် လမ်းဘေးစျေးသည်များ အခက်အခဲဖြစ်
DVB
·
October 31, 2025
ရောင်းချချိန် ကန့်သတ်ပိတ်ပင်ထားသဖြင့် ရန်ကုန် လမ်းဘေးစျေးသည်များ အခက်အခဲဖြစ်
Donate to DVB

ရန်ကုန်မြို့တွင်းက လမ်းဘေးဈေးသည်တွေကို ရက် ၁၀၀ စီမံချက်အတွင်း ဈေးရောင်းချချိန် ကန့်သတ်ပိတ်ပင်ထားတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ လမ်းဘေး ဈေးရောင်းချနေသူတွေက ပြောပါတယ်။

ရန်ကုန်မြို့တွင်းက လှည်းတန်း အပါအဝင် လူစည်းကားရာ နေရာတွေမှာ ရွေးကောက်ပွဲကာလ ရက် ၁၀၀ စီမံချက်အတွင်း ညနေ ၅ နာရီခွဲနောက်ပိုင်းမှ ဈေးရောင်းချဖို့ စည်ပင်သာယာက ကန့်သတ်ပိတ်ပင်ခဲ့ပါတယ်။

လူစည်းကားချိန် ဈေးရောင်းချခွင့် မရတာကြောင့် အခက်အခဲတွေ အများကြီးပဲလို့ ဈေးသည်တွေက ပြောပါတယ်။

အမျိုးသမီး ဈေးသည်တ‌ယောက်က  “အခက်အခဲတွေက အများကြီးရှိတယ်။ အခုဆို ပိုဆိုး။  အရောင်းအဝယ်ပါးတာနဲ့ လူတွေကျပ်တည်းတာနဲ့။ အခုလိုမျိုး စီမံချက်လုပ်လိုက်တာနဲ့ အဆင်မပြေဘူး။ အမတို့ ညဈေးထွက်တာ တော်တော်အဆင်မပြေလို့။ ညဈေးထွက်တော့လည်း ကိုယ်က အဲလိုရှိတာမသိဘူး။ ထွက်လာတော့မှ ရက် ၁၀၀ စီမံချက်နဲ့ ရောင်းလို့မရဘူးတဲ့။ ည ၅ နာရီခွဲမှဆိုတော့ ဒီနားလူမရှိတော့ ခဏရောင်းရသရွေ့ပေါ့။ အခက်အခဲတွေက အများကြီး” လို့ ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းတွေက လမ်းဘေးမှာရောင်းချနေတဲ့ ဈေးသည်တွေကို တွေ့ရှိရင် အတင်းအကျပ် ပစ္စည်းသိမ်းယူသွားတာတွေ ရှိတယ်လို့ ဈေးသည်တွေက ပြောပါတယ်။

အချိန်ကန့်သတ်လိုက်တာကြောင့် ရောင်းချချိန်နည်းပြီး အရောင်းအဝယ်တွေ ပါးသွားတယ်လို့ ဈေးသည်တွေက ပြောပါတယ်။

အမျိုးသား ဈေးသည်တယောက်က “အခုက သူတို့မလာခင်လေး နည်းနည်းပါးပါးရရ ထွက်ရောင်းနေရတာ။ စည်ပင်က သူတို့လာရင် ဖမ်းတယ်။ စည်ပင်တွေက မရောင်းခိုင်းဘူး။ အခက်အခဲတော့ ရှိတာပေါ့။ သူတို့က ၅ နာရီခွဲမှ စရမယ်ဆိုတော့ လူတွေက ၇ နာရီလောက်ဆိုရင် လူမရှိတော့ဘူးလေ။ လူမရှိတော့ကျ လမ်းဘေးဈေးသည်မှာက  အရောင်းအဝယ်တွေပါးသွားတော့ တနေ့တနေ့က  အရင်းအနှီးကများနေတော့ မကိုက်တော့ဘူး။ သူတို့မလာခင် အလိုက်တကြည့်နဲ့ ထွက်ရောင်းတာပေါ့။ သူတို့လာရင် ပုန်းနေရတယ်” လို့ ပြောပါတယ်။

လမ်းဘေးဈေးရောင်းချနေသူတွေဟာ မိသားစုစားဝတ်နေရေး အဆင်မပြေတာတွေကြောင့် မနက်ပိုင်း ရပ်ကွက်ဈေးအပြင် လူစည်းကားရာ လမ်းဘေးနေရာတွေမှာ အဆင်ပြေသလို ရောင်းချနေရပြီး တချို့ဈေးဆိုင်တွေ အရောင်းအဝယ်မရှိတဲ့အတွက် ဒုက္ခရောက်ကြတယ်လို့ ဈေးသည်တွေက ပြောပါတယ်။

အမျိုးသား ဈေးသည်တယောက်က “အခုချိန်မှ ဖွင့်ရတော့ တချို့ဆိုရင် မရောင်းရတော့ဘူး။ အချိန်မရှိတော့တဲ့အတွက်။ ၅ နာရီခွဲလောက်မှ ဆိုင်ဖွင့်ရတယ်လေ။ အခက်အခဲက ရှိတာပေါ့။ မရောင်းရတော့။ တော်တော်များများ ဆိုင်မဖွင့်ရတော့ ဒုက္ခ‌ရောက်တာပေါ့။ ဒီဟာလုပ်ပြီး စီးပွားရှာတာ။ ဒီဟာမရောင်းရတော့  ပြဿနာတွေ ရှိတာပေါ့” လို့ ပြောပါတယ်။

လမ်းဘေးဈေးရောင်းချခွင့် ကန့်သတ်ပိတ်ပင်တာနဲ့ ပတ်သက်ပြီး စည်ပင်သာယာဌာနကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အထက်က စီမံချက်နဲ့ခိုင်းတဲ့အတွက် လုပ်ဆောင်ရတာလို့ ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ထဲက လမ်းဘေးဈေးသည်တွေကို ဖယ်ရှားရှင်းလင်းပြီးရင် ကျူးကျော်နေအိမ်တွေကို ဆက်လက်ဖယ်ရှားသွားမယ်လို့ သိရပါတယ်။

အောင်ခန့် 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013