DVB Logo
Home
မြန်မာသတင်း
ပူတာအိုမြို့နယ်က စစ်ဘေးရှောင်များ စားဝတ်နေရေး အခက်အခဲဖြစ်နေ
DVB
·
May 21, 2024
ပူတာအိုမြို့နယ်က စစ်ဘေးရှောင်များ စားဝတ်နေရေး အခက်အခဲဖြစ်နေ
Donate to DVB

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ထဲက ဆွမ်ပီယန်၊ ဝဒတ်နဲ့ အင်စီယန်ကျေးရွာ ၃ ရွာက ပြည်သူတွေ စစ်ကောင်စီတပ်ရဲ့ ဘေးရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပူတာအို-ဆွမ်ပရာဘွမ်ကြား ကားလမ်းမပေါ်က ဝဒတ်ကျေးရွာနေ ပြည်သူတွေကို ပူတာအိုကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်က လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် ဆွမ်ပီယန်နဲ့ အင်စီယန်ကျေးရွာက ပြည်သူတွေဟာ မေ ၁၁ ရက်ကနေစတင်ပြီး လုံခြုံတယ်လို့ ယူဆတဲ့ တောတောင်တွေမှာ ထွက်ပြေးတိမ်းရှောင် နေထိုင်နေကြရတာပါ။

ပူတာအို ဒေသခံတဦးက “ စစ်တပ်(စကစ)က ဝဒတ်က ပြည်သူတွေကို ဒိုင်းအနေနဲ့ ဖမ်းဆောင်ပြီး ဆင်းလာတယ်။ အဲဒီလိုဆင်းလာတော့ ဆွမ်ပီယန်နဲ့ အင်စီယန်က ပြည်သူတွေလည်း ကြောက်ပြီး လုံခြုံတယ်လို့ထင်တဲ့ နေရာတွေကို ရှောင်ကြတယ်၊ အခု စစ်သား(စကစ)တွေက ဆွမ်ပီယန်ရွာထဲမှာ ရှိနေတော့ ပြန်လို့မရသေးဘူး၊ ဆွမ်ပီယန်က နေအိမ်တွေလည်း မီးရှို့ခံရတယ်” လို့ ပြောပါတယ်။

ဆွမ်ပီယန်ကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက မီးရှို့ခဲ့ပြီး ပျက်စီးသွားတဲ့ နေအိမ်အရေအတွက် အတိအကျ မသိရသေးပါဘူး။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေဟာ ပြင်ဆင်ချိန်မရဘဲ ထွက်ပြေးလာရတာကြောင့် အစားအသောက်နဲ့ နေရာထိုင်ခင်းအတွက် အခက်အခဲတွေ ဖြစ်နေတယ်လို့ တိမ်းရှောင်ပြည်သူတဦးက ပြောပါတယ်။

“ရုတ်တရက်ကြီး ဖြစ်လာတော့ ဒီအတိုင်း အဝတ်တထည် ကိုယ်တခုနဲ့ပဲ ထွက်လာရတာ၊ ဆန်တွေလည်း အများကြီး မသယ်လာနိုင်ဘူး။ တောထဲမှာလည်း မိုးကာတဲတွေနဲ့ပဲ အဆင်ပြေသလို တဲထိုးပြီးနေနေရတယ်။ အခက်အခဲက အကုန်ပဲ စားဖို့သောက်ဖို့ကော၊ နေဖို့ နေရာတွေကော၊ မိုးကာတွေက အစပေါ့။ အသက်ကြီးတဲ့သူတွေအတွက်ကော ကလေးတွေအတွက်ကော ဆေးဝါးတွေလည်း အခက်အခဲဖြစ်နေတယ်။ တောထဲမှာ တိမ်းရှောင်နေရတာ ဆိုတော့။”

မေ ၁၅ ရက်ကလည်း ဆွမ်ပီယန်ကျေးရွာက အသက် ၆၀ အရွယ် အမျိုးသမီးတဦး ထွက်ပြေးတိမ်းရှောင်ရင်း ရေနစ်ပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေ လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဝဒပ်ကျေးရွာက ပြည်သူတွေကိုလည်း ဆွမ်ပီယန်ကျေးရွာ အရောက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆွမ်ပီယန်ကျေးရွာသားတဦးထံက သိရပါတယ်။

လက်ရှိစစ်ကောင်စီတပ်သားတွေက ဆွမ်ပီယန်ကျေးရွာနဲ့ ဝဒပ်ကျေးရွာ ပတ်ဝန်းကျင်တွေမှာ ရှိနေသေးတာကြောင့် နေရပ်ပြန်ဖို့ အလှမ်းဝေးနေဆဲဖြစ်ပြီး ဆွမ်ပီယန်၊ ဝဒပ်နဲ့ အင်စီယန်ကျေးရွာ ၃ ရွာက အိမ်ထောင်စု ၂၀၀ ကနေ ၃၀၀ ကြား တောတောင်တွေမှာ တိမ်းရှောင်နေရတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013