DVB Logo
Home
မြန်မာသတင်း
ကနဲလေး စစ်ရှောင်များ စားစရာနှင့် ရေ လိုအပ်၊ ကန့်သတ်ရွာ စစ်ရှောင်များကို ဆန်လှူဒါန်း
DVB
·
May 19, 2024
ကနဲလေး စစ်ရှောင်များ စားစရာနှင့် ရေ လိုအပ်၊ ကန့်သတ်ရွာ စစ်ရှောင်များကို ဆန်လှူဒါန်း
1 / 3
Donate to DVB

ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ကနဲလေး စစ်ရှောင်စခန်းမှာ အစားအသောက်နဲ့ သောက်ရေ လိုအပ်နေပြီး မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန့်သတ်ကျေးရွာကနေ ပုလဲမြို့နယ်အတွင်းကို လာရောက်စစ်ဘေးရှောင်ကြတဲ့ စစ်ရှောင်ပြည်သူတွေအတွက် ဆန်တင်း ၁၀၀ လှူဒါန်းခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဆီက သိရပါတယ်။

မြဝတီမြို့နယ်၊ ကနဲလေး စစ်ရှောင်စခန်းက စစ်ရှောင်ပြည်သူတွေဟာ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းချိန်ကစလို့ စစ်ရှောင်ခဲ့ရတာဖြစ်ပြီး တိုက်ပွဲအခြေအနေတွေကြောင့် နေရပ်မပြန်နိုင်တာ ၃ နှစ်ကြာပြီဖြစ်လို့ အစားအသောက်နဲ့ သောက်ရေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေနဲ့ ကူညီပေးသူတွေဆီက သိရပါတယ်။

စစ်ရှောင်စခန်းတာဝန်ရှိသူ အမျိုးသမီးတယောက်က “အစားအစာက အရေးကြီးဆုံးပဲ။ အလှူရှင် မလာတော့ ဆန်ပြုတ်ပဲ သောက်ရတယ်။ ကျန်းမာရေးအတွက် အတိအကျ လုပ်ဆောင်ပေးနိုင်တာ မရှိဘူး။ ဝမ်းပျက်ရောဂါနဲ့ ငှက်ဖျားရောဂါက အဖြစ်များတယ်။ သောက်ရေက အဆင်မပြေဘူး။ ကျေးရွာတာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီး အသိပညာပေး ဟောပြောပွဲလုပ်တာတော့ရှိတယ်” လို့ ပြောပါတယ်။

အဲ့ဒီ စစ်ရှောင်စခန်းမှာ လူဦးရေ ၄၀၀ ကျော်ရှိပြီး မွေးကင်းစကလေးနဲ့ အသက် ၁၃ နှစ်အောက် ကလေး ၁၇၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်  

စစ်ရှောင် ကလေးအများစုက သောက်သုံးရေရှားပါးမှုကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ အများအပြား ဖြစ်ပွားပြီး ရေသန့်စင်စက်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ထမင်းတနပ် ၁၅ ဘတ် အဖွဲ့ကို ဦးဆောင်သူ ကိုမင်းသွေးသစ်က “စစ်ကောင်စီ လေကြောင်းက ဗုံးချပြီး တိုက်ခိုက်တာတွေ မလုပ်ဘူးဆိုရင် စစ်ရှောင်စခန်းတွေမှာ  တကိုယ်ရေသန့်ရှင်းအတွက် လုပ်ဆောင်ရမှာတွေကို အသိပညာပေးတာ လုပ်ရမှာ။ လုံခြုံရေးအရ လူစုလူဝေးနဲ့လုပ်ဖို့ အခက်အခဲရှိတာနဲ့ ဆေးဝါးဈေးကြီးတာတွေကြောင့် လုပ်ခွင့်မသာဘဲ ဖြစ်နေတယ်” လို့ ပြောပါတယ် 

စစ်ရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ အခမဲ့ကုသပေးနိုင်မဲ့ ဆရာဝန် ရှားပါးတာ၊ ဆေးဝါးဈေးနှုန်းတွေ မြင့်တက်နေတာနဲ့ လုံခြုံရေး အခက်အခဲတွေကြောင့် စစ်ရှောင်စခန်းအများစုမှာ ငှက်ဖျားရောဂါနဲ့ ဝမ်းပျက်ရောဂါတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန့်သတ်ကျေးရွာကနေ ပုလဲမြို့နယ်ထဲကို လာရောက်စစ်ဘေးရှောင်ကြတဲ့ စစ်ရှောင်ပြည်သူ မိသားစု ၅၇ စုအတွက် မေ ၁၉ ရက်နေ့က ဆန်တင်း ၁၀၀ လှူဒါန်းခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဆီက သိရပါတယ်။

အဖွဲ့တာဝန်ရှိသူတယောက်က “မိုးရာသီဆို အလှူရှင်တွေ အရောက်နည်းတာကြောင့် ဆန်မရှိမှာကို  စိုးရိမ်နေကြတယ်ဗျ။ မိုးတွင်း ၅ လအတွက် ဆန်လိုအပ်ချက်ရှိနေတယ်။ အညာပစ်တိုင်းထောင်လေးများ အဖွဲ့က အမေရိကန်ရောက် မြန်မာများရဲ့ ကိုယ်စား ဆန်တင်း ၁၀၀၊ ကျပ်သိန်း ၅၀ ဖိုး လှူဒါန်း​ပေးခဲ့ပါတယ်” လို့ ပြောပါတယ်။

ကန့်သတ်ကျေးရွာဟာ စစ်ကောင်စီတပ်ရဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရာ ကပစ ၂၃ စက်ရုံ ပိုင်နက်အနီးမှာရှိတဲ့ အိမ်ခြေ ၃၀၀ နီးပါးရှိတဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ကန့်သတ်ရွာကို ထိန်းချုပ်ပြီး ရွာသားတွေကို ပြည်သူ့စစ်ထဲ အတင်းအကျပ် ဖိအားပေး ဝင်ရောက်ခိုင်းခဲ့တဲ့အတွက် ရွာသားတွေ ထွက်ပြေး တိမ်းရှောင်ခဲ့ကြတာလို့ ဂန့်ဂေါဒေသခံတွေက ပြောပါတယ်။

ကန့်သတ်ရွာထဲက ထွက်ပြေးလာသူ အယောက် ၂၀၀ ကျော်ဟာ ပုလဲမြို့နယ်အတွင်းမှာ စစ်ရှောင်စခန်း တည်ဆောက်ပြီး နေထိုင်နေကြတာ ၂ နှစ် နီးပါးရှိပြီလို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013