DVB Logo
Home
မြန်မာသတင်း
ကနီတွင် စစ်ကောင်စီ ဗုံးကြဲ၊ ပြည်ကြီးမဏ္ဍိုင်တွင် ဂိတ်နှင့် ရဲစခန်း တိုက်ခိုက်ခံရ
DVB
·
May 19, 2024
ကနီတွင် စစ်ကောင်စီ ဗုံးကြဲ၊ ပြည်ကြီးမဏ္ဍိုင်တွင် ဂိတ်နှင့် ရဲစခန်း တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဝင်မနားရွာနားကို စစ်ကောင်စီက မေ ၁၈ ရက်နေ့မှာ လေကြောင်းက ဗုံးကြဲသွားလို့ ဒေသခံတယောက် ဒဏ်ရာရပြီး တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲက  စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေနဲ့ ရဲစခန်းတို့ကို ဒေသခံ တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကနီမြို့နယ်၊ ဝင်မနားရွာနားက တောတဲ တနေရာကို မေ ၁၈ ရက်နေ့ ည ၁၂ နာရီအချိန်က ကလေးမြို့က လာရောက်တဲ့ Y 12 လေယာဉ်နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထောက်ကြံအိုင်ရွာသားတယောက်က “ဗုံးချတာက ဒေသအခေါ် ကျောက်ဖြူကုန်းပေါ့။ ထောက်ကြံအိုင်ရွာအနောက်ဘက် ဝင်မနားရွာကြား ဖိုးမဲချောင်းအနီး တောတဲကို ပစ်သွားတာဗျ။ လူကတော့ တဦးထိတာပေါ့ဗျ။ အခုတော့ ဆေးကုနေတယ်။ ဘာကြောင့်ပစ်တာလဲတော့ မသိရဘူးလေ။ စစ်ကောင်စီတပ်ကတော့ ဒီ အနီးတဝိုက်ကို ပစ်ခတ်နေတာပဲ။ ဘာတွေ သတင်းအမှားတွေရထားတယ်တော့ မသိရဘူး” လို့ ပြောပါတယ်။

အခုလေယာဉ်နဲ့ တိုက်ခိုက်ခဲ့တဲ့ နေရာနဲ့ အနီးဆုံး အုမ္မရွာ၊ တောင်ကိုးလုံးရွာတို့ကိုလည်း ပြီးခဲ့တဲ့ ‌မတ် ၁၇ ရက်နေ့က ဗုံးကြဲပစ်ခတ်ခဲ့ပါသေးတယ်။

ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တယောက်က “ဗုံးကြဲတဲ့နေရာကို ကျနော်တို့ သွားကြည့်ခဲ့တယ်။ ဗုံးက ပေါင် ၅၀၀ ဗုံးဗျ။ ချသွားတာက ဗုံးသီးတလုံးပဲ ချသွားတာ။ ထိခိုက်သူကတော့ ကျနော်တို့ ဆေးကုသပေးနေရတယ်” လို့ ပြောပါတယ်။

ကနီမြို့မှာ ပြီးခဲ့တဲ့ မတ် ၂ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးချိန်ကစလို့ ကနီမြို့နယ် အုမ္မရွာ၊ ကင်းရွာ၊ တောင်ကိုးလုံးရွာ၊ နတ်ကြီးရွာတို့ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ပစ်ခတ်တာတွေ ရှိခဲ့ပြီး  လူနေအိမ် အဆောက်အဦတချို့လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့မှာတော့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေနဲ့ ရဲစခန်းတို့ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

မေလ ၁၇ ရက်နေ့ မနက် ၇ နာရီအချိန်မှာ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းက ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့  Dragon Squad UAV Force ရဲ့ ပြန်ကြားရေးတာဝန်ခံဖြစ်သူက ပြောပါတယ်။

တချိန်တည်းမှာပဲ မနက် ၇ နာရီခွဲအချိန်မှာ ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာရွာမှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးတံတားဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းက‌ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့  ပြောပါတယ်။

Dragon Squad ရဲ့ ပြန်ကြားရေးတာဝန်ခံက “ပြည်ကြီးမဏ္ဍိုင် ရဲစခန်းကို ဗုံးကြဲပြီး လေညာတံတားဂိတ်မှာ အင်အား ၁၀ ကျော်စုနေတယ်လို့ သတင်းရတော့ ၇ နာရီခွဲမှာ အဲဒီဂိတ်ကိုပါ ထပ်ချတာပါ။ စကစအင်အားစုနေချိန် ဗုံးသီးသွားကျတော့ ဘန်ကာအောက် အတင်းပြေးကြတာပါ” လို့ပြောပါတယ်။

ဒရုန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပြီး ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ပြောပါတယ်။

တိုက်ခိုက်မှုမလုပ်ဆောင်ခင် မေ ၁၆ ရက်နေ့ ညမှာ  စစ်ကောင်စီက  မြိတ်-ကော့သောင်း ကားလမ်းပိုင်းတိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူတွေကို တောင်ငယ်ရွာကနေ ရေလမ်းက တဆင့် ပြည်ကြီးမဏ္ဍိုင်ဘက်ကို ပို့ဆောင်ခဲ့တာ တွေ့ရတယ်လို့ ပြောပါတယ်။

“တောင်ငယ်က ၁၀၂၀ တိုက်ပွဲမှာ ကျတဲ့ စစ်သားအလောင်းတွေ လူနာအယောက် ၇၀ နီးပါးကို ခမရ ၅၅၉ နဲ့ ခမရ ၅၆၀  လေညာကိုလာပို့တယ်။ ညဘက် လူမမြင်အောင်ပေါ့။ အဲဒီ လူနာ လူသေအလောင်းတွေ တပ်ရင်းမှာ အလုပ်ရှုပ်နေချိန်မှာ မနက်ကျတော့ ကျနော်တို့ drone နဲ့ ဗုံးသီး ထပ်ကြဲတော့ ပိုပြီးရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်” လို့ သူက ဆက်ပြောပါတယ်။

မြိတ်-ကော့သောင်းကားလမ်းပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေ များပြားခဲ့ပြီး မေလအစောပိုင်းလောက်ကဖြစ်တဲ့ စစ်ကောင်စီရဲ့ ဗျူဟာအရအရေးပါတဲ့ ၁၀၂၀ စခန်းသိမ်း တိုက်ပွဲတွေမှာတုန်းက ထိခိုက်သေဆုံးတဲ့ စစ်သားတွေကို တောင်ငယ်ရွာကတဆင့် ဘုတ်ပြင်းမြို့ကို စက်လှေနဲ့ ပို့ဆောင်ခဲ့ပါသေးတယ်။

လက်ရှိအချိန်ထိလည်း မြိတ်-ကော့သောင်းကားလမ်ပိုင်းမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ခရီးသွားကားတွေအနေနဲ့ မှန်ချမောင်းနှင်ကြဖို့နဲ့ သတိထားသွားလာကြဖို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အသိပေး ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013