DVB Logo
Home
မြန်မာသတင်း
ဝိုင်းမော်က စစ်စခန်း ၈ ခု ကေအိုင်အေ သိမ်းပိုက်၊ မြိုင်တွင် တိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးသေ
DVB
·
May 19, 2024
ဝိုင်းမော်က စစ်စခန်း ၈ ခု ကေအိုင်အေ သိမ်းပိုက်၊ မြိုင်တွင် တိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးသေ
1 / 2
Donate to DVB

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ မေ ၁၈ ရက် နေ့က စစ်ကောင်စီတပ်စခန်းတွေကို  ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေနဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မကွေးတိုင်း၊ မြိုင်မြို့ပေါ်က စစ်ကောင်စီ အထိုင်ချတပ်စွဲထားတဲ့ နေရာတွေကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၆ ယောက် သေဆုံးခဲ့ပါတယ်။

ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေနဲ့ ပူးပေါင်းတပ်ဖွဲ့က ဝိုင်းမော်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်စခန်း ၈ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကေအိုင်အေနဲ့ နီးစပ်သူတယောက်က “မနက် ၄ နာရီလောက်ကတည်းက ထိုးစစ်ဆင် တိုက်နေတာ။ တော်တော်များများတော့ ကေအိုင်အေက သိမ်းထားနိုင်တယ်။ ညနေ ၃ နာရီလောက်အထိ ဝိုင်းမော်မြို့နယ်ထဲက တပ်စခန်း ၈ ခုလောက်သိမ်းထားနိုင်တယ်” လို့ ပြောပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်းချထားတဲ့ ဝထောင်ဘွမ်စခန်း အင်လုံခရွာ စခန်း၊ အင်းလေးစခန်း၊ ၉ မိုင်စခန်း၊ အောင်မြေ ၁ စခန်း၊ အောင်မြေ ၂ စခန်း၊ ခမရ ၃၂၁ ပွိုင့်ကုန်းနဲ့ ကဇူးတပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေက သိမ်းပိုက် ထားပါတယ်။

ပြီးခဲ့တဲ့ မတ် ၇ ရက်နေ့ကလည်း ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းဖြစ်တဲ့  ရွှေညောင်ပင်စခန်း၊ အောင်မြေ ၁ စခန်း၊ အောင်မြေ ၂ စခန်း၊ အင်လုန်ခ ပြည်သူ့စစ်တပ်စခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

မကွေးတိုင်း၊ မြိုင်မြို့မှာတော့ မြို့ပေါ်က စစ်ကောင်စီတပ်သားတွေ အထိုင်ချ တပ်စွဲထားတဲ့နေရာတွေကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၆ ယောက် သေဆုံးခဲ့တယ်လို့ ကျားသစ်နက်တပ်မတော်-Black Leopard Army မြိုင်တပ်ဖွဲ့က မေ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မေ ၁၇ ရက်နေ့ ညနေ ၅ နာရီမှာ မြိုင်မြို့ပေါ်မီးသတ်ရုံးအနီးက စစ်ကောင်စီတပ်ဂိတ်ကို ကာကွယ်ရေးတပ်ဖွဲ့ဝင် အင်အား ၅၀ လောက်နဲ့ ၃ ဖွဲ့ခွဲပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ကျားသစ်နက်တပ်မတော် တာဝန်ရှိသူက “သူတို့ဘက်က အင်အားကတော့‌ ခန့်မှန်း ၁၀၀ လောက်ရှိမယ်ဗျ။ ၁၇ ရက်နေ့ ညနေ ၅ နာရီလောက်က စ ကပ် တယ်ဗျ။ ညနေ ၅ နာရီ ၃၀ မိနစ်မှာ လက်လုပ်လက်နက်ကြီး(၅၀ မမ)၊ လက်နက်ငယ်တွေနဲ့ ဝင်‌ရောက်ပစ်ခတ်တယ်။ အိမ်တလုံးလောက်ပဲကွာတယ်။ ညနေ ၆ နာရီ ၃၀ မိနစ်မှာ ပြန်ဆုတ်ခဲ့တယ်။ ခွေးဘက်က ကျဆုံးရှိတယ်၊ ထိခိုက်တာတွေများတယ်။ ကျနော်တို့ဘက်ကတော့ ရဲဘော်တယောက်ကျည်ရှပ်ထိတာဗျ။ ထိတာကတော့ မစိုးရိမ်ရပါဘူးဗျ” လို့ ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်ချိန် ၁ နာရီနီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၆ ယောက် သေဆုံး၊ ဒဏ်ရာရရှိသူများပြားတယ်လို့ ဆိုပါတယ်။

“သတင်းပေးသူ ပြောပြချက်အရ တိုက်ပွဲအတွင်း ၆ ကောင်သေလို့ သိရပါတယ်ဗျ။ ထိခိုက်ဒဏ်ရာရလည်း များတယ်လို့သိရပါတယ်။ သူတို့ ဆေးတပ်ဖွဲ့ဝင်နဲ့ပဲကုတယ်‌ဗျ။ အရေးပေါ်အခြေအနေတွေမှ တခြားဘက်ကို လွှဲတာပါ။ ဘယ်မှာကုနေလဲတော့ အတိအကျမသိရသေးပါဘူးဗျ” လို့ ဆက်ပြောပါတယ်။

မြိုင်မြို့ပေါ်မှာ စစ်ကောင်စီတပ်သား အင်အား ၂၀၀ လောက်ရှိပြီး မြို့ထဲလမ်းတွေမှာ စစ်ဆေးနေသလို လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013