DVB Logo
Home
မြန်မာသတင်း
မြင်းခြံတွင် စစ်ကြောင်းမိုင်းခွဲခံပြီး ဗျူဟာမှူးနှင့် ၅ ဦးသေ၊ လင်းဇင်းရဲစခန်း တိုက်ခိုက်ခံရ
DVB
·
May 19, 2024
မြင်းခြံတွင် စစ်ကြောင်းမိုင်းခွဲခံပြီး ဗျူဟာမှူးနှင့် ၅ ဦးသေ၊ လင်းဇင်းရဲစခန်း တိုက်ခိုက်ခံရ
1 / 2
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာရှည်ကျေးရွာရွာကို မီးရှို့ဖျက်ဆီးပြန်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်လို့ ဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၆ ဦး သေဆုံးပြီး မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်း နယ်မြေရဲစခန်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့​တယ်လို့ သိရပါတယ်။

စလင်းမြို့နဲ့ ၁၃ မိုင်အကွာမှာရှိတဲ့ လင်းဇင်းနယ်မြေရဲစခန်းကို မေ ၁၈ ရက်နေ့ မနက် ၅ နာရီဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့​တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “နှစ်ဖက်ပစ်ခတ်မှုက ၁ နာရီကျော် ကြာတယ်။ စခန်းသိမ်းဖို့ပဲ။ ဒါပေမယ့် သူတို့ဘက်က စစ်ကူတွေရောက်လာလို့ လက်နက်အင်အား၊ လူအင်အားမမျှတာနဲ့ ပြန်ဆုတ်ခဲ့ရတယ်” လို့ ပြောပြပါတယ်။

စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတာကိုတော့ မသိရသေးဘဲ လင်းဇင်းနယ်မြေရဲစခန်းမှာ စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အဲဒီရဲစခန်းကို မကြာခဏတိုက်ခိုက်ခဲ့ပေမယ့် အခုအချိန်အထိ စခန်းသိမ်းတိုက်ပွဲ မဆင်နွှဲနိုင်သေးပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ကျနော်တို့ လက်နက်ခဲယမ်းကို အလှူရှင်တွေရဲ့ ပံ့ပိုးမှုနဲ့ဝယ်နေရတာ။ အထက်က ချပေးတယ်ဆိုပေမယ့် အရမ်းနည်းတယ်။ အဲ့ဒါကြောင့် လူအင်အားရှိပြီး ခရီးမတွင်တာ” လို့ ပြောပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာတော့ ရွာရှည်ကျေးရွာရွာကို မီးရှို့ဖျက်ဆီးပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မေ ၁၆ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်မှာ ပေပါမိုင်း၊ ပဒေသာမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၆ ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။

MP9 PDF တာ၀န်ရှိသူတယောက်က “ခွေးတွေက ရွာရှည်ရွာနဲ့ PDF စခန်းတွေကို မီးရှို့ပြီးအပြန် ကိုင်းရွာဘက်အရောက်မှာ ပေပါမိုင်း၊ ပဒေသာမိုင်းတွေနဲ့ မိုင်ဆွဲတိုက်ခိုက်လိုက်တာ။ ခွေးတပ်ဗျူဟာမှူးနဲ့ ခွေးသား ၅ ကောင် ငရဲရောက်သွားပြီး ၁၁ ကောင်က ကျိုးကန်းပြတ်သတ်ကုန်တယ်” လို့ ပြောပါတယ်။

တိုက်ခိုက်မှုကို MP9 PDF၊ မိုင်းရာဇာ၊ တလုပ် PDF၊ One PDF၊ MGN 9 Star နဲ့ ပုဂံပြည် ဘီလူးတပ်တို့ ပူးပေါင်းခဲ့တာဖြစ်ပြီး ပဒေသာမိုင်း ၃ လုံးနဲ့ ပေပါမိုင်း ၁ လုံး အသုံးပြု မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

MGN 9 Star က ရဲဘော်တယောက်က “ဗျူဟာမှူးနာမည် မသိရသေးဘူးဗျ။ သူ့အလောင်းကို ဆီမီးခုံဆိပ်ကမ်းကို စစ်သင်္ဘောနဲ့ သယ်သွားတယ်။ နောက်ထပ် ဗျူဟာမှူးအသစ်ထပ်ရောက်ပြီး ကိုင်းရွာဘက်မှာ တိုက်ပွဲဆက်ဖြစ်နေတယ်” လို့ ပြောပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်က ဗျူဟာမှူးအပါအ၀င် ၆ ယောက် သေဆုံးတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုလာတာမရှိသလို ဒီဗွီဘီအနေနဲ့လည်း သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

အခု တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းဟာ မေ ၁၃ ရက်နဲ့ ၁၄ ရက်က ရွာရှည်ကျေးရွာကိုဝင်ရောက်ပြီး ဒေသခံပြည်သူ ၅ ယောက်ကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့သလို ဘုန်းကြီးကျောင်းအပါအဝင် ရွာကိုလည်း မီးရှို့သွားခဲ့တယ်လို့ သိရပါတယ်။

Photo - Bagan Orge Force

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013