DVB Logo
Home
မြန်မာသတင်း
နောင်ချိုမြို့နယ်၌ စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး ကလေးငယ်အပါအဝင် ၄ ဦး သေဆုံး
DVB
·
May 18, 2024
နောင်ချိုမြို့နယ်၌ စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး ကလေးငယ်အပါအဝင် ၄ ဦး သေဆုံး
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စုအတွင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကလေးငယ် ၁  ဦးအပါအဝင် အရပ်သားပြည်သူ ၄ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့‌ ဒေသခံထံက သိရပါတယ်။

စစ်ကောင်စီတပ်စခန်းတွေကနေ မေ ၁၆ ရက် ညက ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ဟာ နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စု၊ ငါးပင်ရွာက နေအိမ်တလုံးပေါ်ကို ကျရောက်ပြီး အိပ်နေတဲ့ မြေးအဖွား ၃ ဦးထိမှန်ကာ အဲ့ဒီထဲက ၇ နှစ်အရွယ်ကလေးငယ် ၁  ဦးသေဆုံးခဲ့ပါတယ်။ 

တညတည်းမှာပဲ ပန်ဟတ်ရွာက နေအိမ်တလုံးကိုလည်း နောက်ထပ်ထိမှန်ကာ အရပ်သား ပြည်သူ ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံရွာသားတဦးက “ညောင်ကုန်းရွာဘက်က ပစ်တယ်ပြောတာပဲ၊ ပြင်ဦးလွင်က ညောင်ကုန်းပေါ့။ ညကပစ်တဲ့ လက်နက်ကြီးက နေအိမ်ပေါ်ကျတယ်။ မြေးအဘွားသုံးယောက် ထိတယ်။ ကလေးလေးတော့ သေသွားတယ်။ ကလေးနာမည်က အိုက်ရီတဲ့  ၇ နှစ် ၈ နှစ် ကလေးလေးပေါ့။ ပန်ဟတ်ရွာလည်း ညောင်ကုန်းဘက်က ပစ်တယ်ပြောတာပဲ။ တအိမ်တည်း အတူတူအိမ်နေကြတာ ၃ ယောက်လုံးသေသွားတယ်”လို့ပြောပါတယ်။

မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနယ်စပ်၊ နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာမှာ အထိုင်ချနေတဲ့စစ်ကောင်စီတပ်ကို ဧပြီ ၁၅ ရက်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်း အဲ့ဒီ ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က အင်အားတိုးချဲ့တာ လေကြောင်းနဲ့ တိုက်ခိုက်တာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ နေ့စဉ်နီးပါးပြုလုပ်နေတာပါ။

ဒေသခံတဦးက “စဖြစ်တဲ့တိုက်ပွဲကနေ အခုထက်ထိပဲ လက်နက်ကြီးကတော့ ပစ်နေတာ အခုလည်း ပစ်နေတယ် တဒုံးဒုံးနဲ့ လေယာဉ်ကော လက်နက်ကြီး တွေကောပဲ တိုက်ပွဲကပစ်နေတာ မနေ့ကလည်း ဒီနေ့လည်း ပစ် အခုလည်း ပစ်နေကြတာဟာ”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ရွာပေါင်း ၉ ရွာပါတဲ့ သပြေကုန်းကျေးရွာအုပ်စုက အရပ်သားပြည်သူတွေ နေ့စဉ် ထိခိုက်မှုတွေရှိနေပါတယ်။ ဒါ့ကြောင့် အဲ့ဒီကျေးရွာအုပ်စုက ပြည်သူလူထု ၅၀၀၀ ကျော်ဟာ အိုးအိမ်စွန့် ခွာတိမ်းရှောင်နေကြရပြီး စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူညီပေးမယ့်အဖွဲ့အစည်းတွေ မရှိဘူးလို့သိရပါတယ်။

 ခွန်ဇော်ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013