Home
ဆောင်းပါး
နွားပေါင်ကိုလှီးစားနေတဲ့ အသိကန်း စစ်မိစ္ဆာခေါင်းဆောင်များ
DVB
·
May 18, 2024
MinKaungChit_18052024

မြန်မာစကားမှာ နွားပေါင်ကိုလှီးစားတဲ့ လူမိုက်လို့ တင်စားခေါ်ဝေါ်ကြတဲ့ အသုံးအနှုန်းတခု ရှိပါတယ်။ လတ်တလော စားစရာမရှိတာကို ဖြေရှင်းဖို့ မှန်ကန်တဲ့နည်းလမ်းနဲ့ အဖြေမရှာတတ်ဘဲ အလွယ်လမ်းလိုက်တတ်တဲ့သူမျိုးကို ကိုယ့်အတွက် အလုပ်လုပ်‌ပေးနေတဲ့ ခြံထဲက ခိုင်းနွားရဲ့‌ ပေါင်သားကို ဆင်ခြင်ဉာဏ်အသိ နည်းပါးစွာနဲ့ လှီးဖြတ်စားသောက်တဲ့ ဗာလနံလူမိုက်မျိုးနဲ့ ခိုင်းနှိုင်းတင်စားကြရာမှာ သုံးတဲ့စကား ဖြစ်ပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံမှာ ရောဂါကျွမ်းပြီး ဆေးမမီတော့တာမို့ နိဂုံးဆိုးနဲ့ အဆုံးသတ်ရတော့မယ့် စစ်အာဏာလု ဓားပြဂိုဏ်းက ဗိုလ်ယုတ်ကြီးတွေဟာ သူတို့ထံ သစ္စာခံနေကြတဲ့ လူ့အန္ဓ စစ်ဗိုလ်စစ်သား ခိုင်းနွားတွေကို သေမယ့်လမ်းပို့သလို မနိုင်မယ့်စစ်ပွဲ‌တွေတိုက်ခိုင်း၊ ရှေ့တန်းပို့ အသေခံခိုင်းနေကြတာမို့ နွားပေါင်ကိုလှီးစားတဲ့ လူမိုက်ထက်ကို အဆပေါင်းများစွာ မိုက်လုံးကြီးလှတာမို့ ခွင့်မလွှတ်ထိုက်ပါဘူး။

ဘာကြောင့်လို့လဲဆိုတော့ နွားပေါင်ကိုလှီးစားတဲ့ လူမိုက်ဆိုတာ သူ့အတွက် အလုပ်လုပ်‌ပေးနေတဲ့နွား သေသွားခဲ့ရင် ခိုင်းစရာမရှိရင် သူနဲ့ သူ့မိသားစုသာ ဆင်းရဲဒုက္ခရောက်နိုင်‌ပေမဲ့ စစ်ဗိုလ်စစ်သား ခိုင်းနွားတွေ မုန့်ဟင်းခါးဖြစ် အသက်ပျောက်ကြရသလို မုဆိုးမပေါင်း သောင်းချီ၊ အဖေမဲ့သားသမီးပေါင်း သိန်းချီစေခဲ့ပြီသလို အပြစ်မဲ့ပြည်သူလူထု စစ်ပြေးဒုက္ခသည် ၃ သန်းကျော် စစ်ပွဲတွေကြားထဲမှာ မြေစာပင်ဖြစ်ပြီး အိုးမဲ့အိမ်မဲ့ဖြစ်လို့ ဘဝပျက်စေခဲ့လို့ပါပဲ။

ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့တုန်းက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကနေပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ၃ နှစ်အတွင်းမှာ စစ်ဓားပြဂိုဏ်းရဲ့ အမာခံ တိုက်ခိုက်ရေးအင်အား ၃ ပုံ ၂ ပုံခန့် ယိုယွင်းပြုန်းတီးသွားပြီလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒါဟာ စစ်ဗိုလ်ယုတ်ကြီးတွေရဲ့ နွားပေါင်ကို လှီးစားခဲ့တဲ့ အကျိုးရလဒ်ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့‌‌ မေလ ၈ ရက်နေ့သတင်းမှာ ကရင်ပြည်နယ် ကော့ကရိတ်မြို့ကို နိုင်ငံအဆင့် အောင်ဇေယျစစ်ဆင်ရေး အမည်နဲ့ အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မေ ၇ ရက်အထိ တိုက်ပွဲအတွင်း စစ်ဓားပြတပ်ဘက်က ခိုင်းနွား စစ်သား ၃၀၀ နီးပါး သေဆုံးပြီး ၆၀၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းရဲ့ ဒုစစ်ကြောင်းမှူး ဗိုလ်ကျော်ဟိန်းက ပြောဆိုခဲ့တာကို ဖတ်လိုက်ရပါတယ်။

နယ်စပ်ကုန်သွယ်ရေး အကျိုးအမြတ်ကြီးမားတဲ့ မြဝတီမြို့ကို ထိန်းချုပ်နိုင်ဖို့ စစ်ဓားပြ ဒုချုပ် စိုးဝင်း ကိုယ်တိုင် ဦးစီးပြီး အောင်ဇေယျစစ်ကြောင်းကို ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနဲ့ ထိုးကော့ကိုးတို့ကို စစ်ကြောင်းကြီးသုံးကြောင်း အင်အားခိုင်းနွားစစ်သား ၃,၀၀၀ ကျော်နဲ့ ထိုးစစ်ဆင် ချီတက်လာပြီး သေမယ်မှန်းသိရက်နဲ့ ဇွတ်အတင်းတက်ခိုင်းပြီး နွားပေါင်လှီးစားကြတာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်မှာ စတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖော်ရဲ့ (၁၀၂၇) သမိုင်းဝင်စစ်ဆင်ရေးကြီးကနေ ဒီကနေ့အချိန်အထိ ခြောက်လကျော်အတွင်း နိုင်ငံအနှံ့အပြားမှာ အရှုံးတွေနဲ့သာ ဆက်တိုက်ရင်ဆိုင်လာခဲ့ရပြီး စစ်ပန်းနေတာရယ်၊ ပြည်သူနဲ့ စစ်ခင်းနေရတာကြောင့် စစ်တိုက်လိုစိတ် မရှိတော့တဲ့ စစ်ဓားပြတပ်ဟာ အသေအပျောက် များလွန်းတာမို့ ခိုင်းနွားတွေရဲ့ပေါင်မှာ အသားတောင်မရှိတော့ဘဲ အရိုးငေါငေါ ထွက်နေပြီ ဖြစ်ပါတယ်။

လက်ရှိ စစ်ရေးအခြေအနေကို ကြည့်လိုက်မယ်ဆိုရင် တိုင်းရင်းသား မိဘပြည်သူလူထုအပေါ် သစ္စာဖောက်ဖျက်ပြီး ကမ်းကုန်အောင် ရမ်းကားရက်စက်‌ခဲ့တာမို့ တနိုင်ငံလုံးရဲ့ ဘုံရန်သူ ဖြစ်ခဲ့တာမို့ သူတို့ရဲ့ အဓမ္မစစ်ဟာ အဘက်ဘက်မှာ ရှုံးနိမ့် ကျဆုံးလာခဲ့ရတာ အားလုံး မြင်နေရပါတယ်။ တနိုင်ငံလုံး အနှံ့အပြားမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတိုင်း ခွက်ခွက်လံအောင် ရှုံးနိမ့်လို့ စခန်းကုန်းထောင်ချီ၊ တပ်ရင်း‌ပေါင်းရာချီ၊ ခံစစ်ကုန်း၊ ဗျူဟာကုန်း၊ တပ်မအလိုက် ကစထ နယ်မြေများစွာ အသိမ်းခံရ၊ မြို့နယ်ပေါင်း ၅၀ ကျော် လက်လွှတ်ခဲ့ရပြီးပါပြီ။

‌မြန်မာပြည်မြောက်ပိုင်းမှာဆို KIA ကချင်တော်လှန်ရေးအင်အားစုတွေက ပြီးခဲ့တဲ့ မတ်လ ၇ ရက်ကစပြီး ထိုးစစ်ဆင် သိမ်းပိုက်လာရာမှာ စခန်းပေါင်း ၁၀၀ နီးပါးနဲ့ အင်ဂျန်းယန်မြို့၊ ဆင်ဘိုမြို့နဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့၊ ဆွမ်ပရာဘွမ်မြို့နဲ့ဆိုရင် မြို့ပေါင်း ၅ မြို့အထိ သိမ်းပိုက်နိုင်ခဲ့ပြီး မကြာခင် မိုးမောက်နဲ့ မံစီမြို့ကို သိမ်းပိုက်နိုင်ဖို့ မြို့တွင်းတိုက်ပွဲတွေ အပြင်းအထန် ဆင်နွဲနေသလို ပြည်နည်မြို့တော် မြစ်ကြီးနားက ဗလမင်းထင်တံတားအနီးအထိ တိုက်ပွဲတွေ ဖြစ်လာခဲ့ပါပြီ။

‌မြန်မာပြည်ရဲ့ အရှေ့မြောက်ပိုင်းမှာဆိုရင် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖော်ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ဟာ လောက်ကိုင်၊ ချင်းရွှေဟော်၊ သိန္နီ၊ ကွမ်းလုံ၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း) နဲ့ ကုန်းကြမ်းမြို့တွေကို သိမ်းပိုက်ရရှိခဲ့ပြီး TNLA တအာင်း (ပလောင်အဖွဲ့) ကလည်း ကွတ်ခိုင်မြို့၊ နမ္မတူမြို့၊ နမ့်ခမ်းမြို့၊ နမ့်ဆန်မြို့၊ မန်တုံမြို့၊ မိုင်းငေါ့မြို့၊ မိုင်းလုံမြို့ စတဲ့ မြို့ ၇ မြို့ကို သိမ်းယူနိုင်ခဲ့တာမို့ စစ်စားပြဂိုဏ်းဟာ အရေးပါတဲ့ နယ်စပ်ကုန်သွယ်ရေးကို လက်လွှတ်ဆုံးရှုံးခဲ့ရသလို စစ်အင်အားပြုန်းတီးမှု၊ ခိုင်းနွားစစ်သားပြုန်းတီးမှုဟာ ထောင်ချီရှိခဲ့ပါတယ်။

မြန်မာနိုင်ငံအနောက်ပိုင်းမှာဆိုရင် နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၆ လအတွင်း ရက္ခိုင့်တပ်တော် (AA) ဟာ ရခိုင်ပြည်နယ်က ပေါက်တော၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ချင်းပြည်နယ်က ပလက်ဝမြို့နဲ့ မောင်တောမြို့နယ်မှာရှိတဲ့ တောင်ပြိုလက်ဝဲ၊ လက်ယာ မြို့နှစ်မြို့အပါအဝင် မြို့ကြီး ၉ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်တဲ့အပြင် ဘူးသီးတောင်၊ မောင်တောဘက်တွေမှာလည်း စစ်ရေးအရ အရေးသာနေသလို ရက္ခိုင်-ဘင်္ဂလား နယ်စပ်မှာရှိတဲ့ ဘူးသီးတောင်၊ မောင်တောနဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရာရှိ အမ်းမြို့တို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ရက္ခိုင်တောင်ပိုင်းမှာလည်း သံတွဲမြို့နယ်ဘက်လည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မြန်မာနိုင်ငံရဲ့အနောက်မြောက်ပိုင်းမှာဆိုရင် ချင်းပြည်နယ်ထဲမှာရှိတဲ့ ဖလမ်းမြို့နယ်ထဲက ရိခေါ်ဒါရ်မြို့၊ ဝေဘူလမြို့၊ ထန်တလန်မြို့နယ်ထဲက နှာရိန်မြို့၊ ဟားခါးမြို့နယ်ထဲက ဆူရ်ခွာမြို့၊ မတူပီမြို့နယ်ထဲက လိုင်လင်းပီမြို့၊ ရေဇွာမြို့နဲ့ မင်းတပ်မြို့နယ်ထဲက မကွီးအိမ်နူးမြို့၊ ကျင်ဒွေးမြို့ စတဲ့ မြို့ ၈ မြို့ကို ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက် ထိန်းချုပ်ထားသလို စစ်ကိုင်းတိုင်းထဲမှာဆိုရင် ရွှေပြည်အေးနဲ့ ခါမ်းပါတ်မြို့တွေကို NUG နဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့သလို တိုင်းအတွင်း မြို့နယ်အများစုမှာ စစ်ဓားပြဂိုဏ်းရဲ့ အုပ်ချုပ်‌ရေးယန္တရား မလည်ပတ်နိုင်တော့ပါဘူး။

မြန်မာနိုင်ငံ အရှေ့ပိုင်းမှာဆိုရင်လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF က ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ စတင်ခဲ့တဲ့ ၁၁၀၇ နဲ့ ၁၁၁၁ စစ်ဆင်ရေးကြီး‌တွေဟာ ၂၀၂၄ ခုနှစ် မတ်လ ၂၃ ရက်အထိ လေးလအတွင်း မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတော၊ မော်ချီး၊ နန်းမယ်ခုံနဲ့ မိုးဗြဲမြို့တွေကို ကရင်နီပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သလို ပြည်နယ်မြို့တော် လွိုင်ကော်ကိုလည်း သိမ်းယူဖို့ ဝိုင်းရံတိုက်ခိုက်နေကြပြီ ဖြစ်ပါတယ်။ ရှမ်းပြည်တောင်ပိုင်းမှာဆို မှန်ကန်ရဲရင့်တဲ့ တိုင်းရင်းသား‌တော်လှန်‌ရေးလက်နက်ကိုင် ERO တွေဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် PNLA နဲ့ ပူးပေါင်းတပ်တွေဟာ ဆီဆိုင်၊ ဟိုပုံးနှင့် လွိုင်လင်မြို့နယ်တွေမှာ စစ်ဓားပြဂိုဏ်းနဲ့ ရင်ဆိုင်တိုက်ပွဲဝင်နေကြပါတယ်။

မြန်မာပြည်အရှေ့တောင်တိုင်းမှာဆိုရင် ကရင်အမျိုးသားများအစည်းအရုံး KNU, ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA, ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) နဲ့ PDF တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဖာပွန်၊ သင်္ကန်းညီနောင်၊ ကျိုက်ဒုံ စတဲ့မြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ကော့ကရိတ်၊ မြဝတီ စတဲ့ နယ်စပ်ကုန်သွယ်ရေး အာရှလမ်းမကြီးကို သိမ်းယူနိုင်ဖို့ကိုလည်း အပြင်းအထန် စစ်ဆင်နေကြတာမို့ စစ်ကျွန် ခိုင်းနွားစစ်သားတွေ သောက်သောက်လဲ သေကျေနေပါတယ်။

မွန်ပြည်သစ်ပါတီမှ ခွဲထွက်လာတဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) – NMSP AD အဖွဲ့တွေဟာ မြန်မာပြည်သူလူထုဘက်မှာ ရပ်တည်လာခဲ့ကြပြီး စစ်အာဏာရှင်တပ်ကို ဆန့်ကျင်တိုက်ခိုက်လာကြတာမို့ မွန်ပြည်နယ်ထဲမှာလည်း ကျိုက်မရောမြို့နယ် အပါအဝင် ကော့ဘိန်းစခန်းထိ ရောက်ရှိလာတာမို့ ပြည်နယ်မြို့တော် မော်လမြိုင်မြို့နဲ့ ကီလို ၃၀ လောက်သာ ဝေးပါတော့တယ်။ လမ်းအားလုံး နေပြည်တော်သို့ဆိုတဲ့ ဆောင်ပုဒ်ဟာ အကြောင်းမဲ့ ပေါ်လာတာ မဟုတ်ပါဘူး။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် တိုင်းရင်းသားပြည်သူလူထုရဲ့ ဘုံရန်သူဖြစ်တာမို့ တနိုင်ငံလုံးမှာ အရူးမီးဝိုင်းသလို ဝိုင်းဝန်းတိုက်ခိုက် ချေမှုန်းတာ ခံနေရတာမို့ ကျဆုံး၊ ဒဏ်ရာရ၊ ထွက်ပြေး၊ လက်နက်ချ၊ ပြည်သူ့ထံခိုလှုံ အလင်းဝင်လာကြလို့ စစ်အင်အား အလွန်အမင်း ပြုန်းတီးခဲ့ရပေမဲ့ အသိကန်း ဉာဏ်မွဲ သီလမွဲတဲ့ စစ်ဓားပြဂိုဏ်းခေါင်းဆောင်တွေဟာ ကြံရာမရတဲ့အဆုံး စစ်ရှုံးမှာသိပါလျက်နဲ့ စားစရာမရှိလို့ ကိုယ့်ရဲ့ခိုင်းနွားပေါင်သားကို လှီးစားတဲ့ လူမိုက်ပမာ စစ်ဗိုလ်စစ်သား နင်းပြားတွေကို သူတို့လိုအပ်နေတဲ့ ငွေကြေးနဲ့ ဂုဏ်သိက္ခာအတွက် ထိုးစစ်ပွဲကြီးတွေ ဆင်နွှဲခိုင်းပြီး ပြန်အစားမရနိုင်တဲ့ လူ့အသက်တွေကို စတေးပြီး ဇွတ်အတင်း အသေခံခိုင်းဖို့ သေတွင်းကို ပို့နေကြဆဲ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောခဲ့တဲ့ ပြီးခဲ့တဲ့ ၃ နှစ် အတွင်းမှာ စစ်ဓားပြဂိုဏ်းရဲ့ အမာခံ တိုက်ခိုက်ရေးအင်အား ၃ ပုံ ၂ ပုံခန့် ယိုယွင်းပြုန်းတီးသွားပြီဆိုတဲ့ သဘောက ဗာလနံ စစ်ဗိုလ်ချုပ်ကြီးတွေဟာ နွားပေါင်လှီးစားရင်း သူတို့ရဲ့ စစ်ခိုင်းနွားမှာ အသားတုံး ကြွက်သား ၃ ပုံ ၂ ပုံ ပဲ့ရွဲ့ ကုန်ဆုံးသွားပြီး အရိုးပေါ်အရေတင် ဖြစ်ပွားပြီဆိုတဲ့ သဘောပါပဲ။ ဒါကြောင့်လည်း အသားအစားထိုးဖို့ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး ပြည်သူပြည်သားတွေရဲ့ သားသမီး လူငယ်လူရွယ်တွေနဲ့ ဖြည့်တင်းပြီး သူတို့အတွက် အသေခံခိုင်းလာကြပြန်တာ ဖြစ်ပါတယ်။

ပြည်သူလူထုက လက်မခံတော့တာမို့ ဘယ်လိုဆေးမြီးတိုနဲ့ကုကု ဆက်လက်ရှင်သန်ဖို့ လုံးဝမဖြစ်နိုင်တော့တဲ့ စစ်အာဏာရှင်စနစ် မကောင်းဆိုးဝါးကောင်ကြီးဟာ နွားပေါင်ကို လှီးစားနေတဲ့ အသိကန်း စစ်မိစ္ဆာခေါင်းဆောင်တွေရဲ့ မိုက်မဲရူးသွပ်မှုကြောင့် ပိုမိုလျှင်မြန်တဲ့နှုန်းနဲ့ နိဂုံးချုပ်လို့ မြန်မာ့လူဘောင်ကနေ ပျောက်ကွယ် အဆုံးသတ်ရမှာ မလွဲဧကန် အမှန်ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024