DVB Logo
Home
မြန်မာသတင်း
တကျော့ပြန်အပူချိန်နှင့် မုတ်သုံကာလ မိုးကြီးနိုင်ဟု သတိပေး
DVB
·
May 17, 2024
တကျော့ပြန်အပူချိန်နှင့် မုတ်သုံကာလ မိုးကြီးနိုင်ဟု သတိပေး
Donate to DVB

မေလနောက်ဆုံးပတ်မှာ မုတ်သုံဝင်ရောက်လာနိုင်ပြီး မုတ်သုံဦးမှာ မိုးများနိုင်ကြောင်းနဲ့ မိုးမလာခင်‌ တကျော့ပြန်အပူချိန်ကို သတိထားဖို့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။

လာမယ့် မေလနောက်ဆုံးအပတ် မေ ၂၇ ရက်လောက်မှာ တနိုင်ငံလုံး မုတ်သုံဝင်နိုင်ပြီး မိုးရွာနိုင်ကြောင်း မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားတာပါ။ မုတ်သုံဝင်ကာစ မိုးဦးကာလမှာ မိုးများနိုင်ကာ မိုးရာသီမလာခင် မေ ၂၄ ရက် မတိုင်ခင်အချိန်ထိ တကျော့ပြန်အပူဒဏ်နဲ့ မိုးဦးကာလမှာ ဖြစ်တတ်တဲ့ မိုးကြိုးနဲ့ လေပြင်းတိုက်ခတ်မှုတွေကို သတိထားဖို့ မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်က သတိပေးထားပါတယ်။

“မိုးမစို့မပို့ရွာလိုက်တဲ့ဟာက ကျနော်တို့က ပြန်ပြီး effect ပြန်ဖြစ်နေတာပေါ့။ လောလောဆယ်မှာ ၂၄ ရက်နေ့ကို ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ပြီဆိုတဲ့အချိန် အနောက်တောင်မုတ်သုံလေက ဆွဲသွင်းမှာ၊ ဆွဲသွင်းရင် တနင်္သာရီတိုင်းကနေ တနိုင်ငံလုံး အနှံ့ကို မိုးရွာနိုင်မယ့် အနေအထား ရှိလာမယ်။ ရန်ကုန်မှာ ၂၄ ရက်နေ့မှာ ရွာရန်ရွာနှုန်းက ၉၀ ရှိတယ်။ မိုးရေချိန်က ၃၀ မီလီမီတာနီးပါးလောက် ရှိတယ်။ မုတ်သုံဦးမှာ မိုးရွာရင် လေပြင်းတိုက်တာ ရှိတယ်၊ မိုးများတာရှိတယ်၊ မိုးကြိုးပစ်တာတွေရှိတယ်၊ ရုတ်တရက် ရေကြီးတာတွေရှိတယ်။ အဲဒါတွေ အကုန်သတိထားရမှာပါ။”

ရန်ကုန်လိုမြို့ပြတွေမှာလည်း မိုးများလို့ ရေမြောင်းတွေ ရေလျှံတာတွေနဲ့ ရေမြောင်းကျွံကျတာတွေလည်း ဖြစ်တတ်တာကြောင့် သတိထားဖို့နဲ့ မေ ၂၄ ရက်မတိုင်ခင် အပူဒဏ်ကိုလည်း ဂရုပြုဖို့ တိုက်တွန်းပါတယ်။

ထူးခြားမုတ်သုံရာသီ အခြေအနေတွေနဲ့အတူ တကျော့ပြန် အပူဒဏ်ကို အညာဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မကွေးနဲ့ ညောင်ဦးလိုဒေသတွေက ပိုခံစားရမှာလည်းဖြစ်ပြီး လက်ရှိ စစ်ကိုင်းတိုင်းထဲမှာဆိုရင် စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာတွေကြောင့် နေရပ်ကို စွန့်ခွာထွက်ပြေးနေရတဲ့ အညာစစ်ရှောင်တွေက ပိုပြီး ခံစားနေကြရပါတယ်။

မိုးလေဝသပညာရှင်က “နောက်ထပ် မိုးမလာခင် အပူဒဏ်က တကျော့ပြန်လာဦးမယ်လို့ ပြောနေကြတယ်ဗျ။ ဒါပေမဲ့ အခုလာနေပြီလို့ ယူဆရမယ်ဗျ၊ အခု ၄၂ ဒီဂရီလို့သာပြပေမဲ့ တကယ်တော့ ဒီမှာခံစားနေရတာကြီးကို တိုင်းကြည့်ရင် ၄၆/၄၇ ဒီဂရီလောက်ကို ပြနေတယ်။ အဲဒီတော့ အညာမှာ တော်တော်ကို ပူလောင်တဲ့ အနေအထားရှိတယ်။ စစ်ရှောင်တွေအနေနဲ့က တချို့ဆောက်ထားတဲ့ နေရာလေးတွေဆိုရင် မိသားစု သုံးလေးငါးယောက် နေစရာ နေရာတောင် မဟုတ်ဘဲနဲ့ ကျောမှီပြီး အိပ်ရတဲ့ အနေအထားမျိုးတွေ ကျနော်တို့ တွေ့မြင်ရတယ်” လို့ ပြောပါတယ်။

မုတ်သုံမိုးဦးကို ပထမဆုံး ခံစားရမယ့် တနင်္သာရီတိုင်းထဲမှာတော့ မေ ၁၅/၁၆ ရက်ကတည်းက လေပြင်းတွေ တိုက်ခတ်ပြီး မိုးရွာနေပြီဖြစ်တယ်လို့ ဒေသခံတယောက်က မေ ၁၆ ရက် ညမှာ ပြောပါတယ်။

“ရွာတယ်၊ ရွာတာက ဒီနေ့ဆို များတယ်။ ညနေ ၅ နာရီ ၅ နာရီခွဲလောက်ကတည်းက ရွာနေတာ၊ ၃ ရက်လောက် ရှိနေပြီ။ ဒီနေ့ဆို လေတွေအရမ်းတိုက်တယ်။ အပူရှိန်ကတော့ ပူတော့ပူနေတာပဲ။”

မေ ၁၇ ရက် မိုးလေဝသအခြေအနေတွေအရ ကမ္ဘာ့အပူဆုံး ၁၅ မြို့စာရင်းမှာ ချောက်မြို့က အဆင့် ၂၊ မကွေးမြို့က အဆင့် ၁၁ နဲ့ စစ်ကိုင်းက အဆင့် ၁၅ မှာ ဆက်လက်ပါဝင်နေဆဲ ဖြစ်ပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်း ပိုမိုအားကောင်းလာပြီး နောက်မှာတော့ မုတ်သုံမိုး စတင်ရွာသွန်းချိန် ခန့်မှန်း မေ ၂၂ ရက်ရက်ကစလို့ အပူလျော့ကျနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံအတွင်း မုန်တိုင်းဝင်နိုင်ခြေကတော့ မေ ၁၇ ရက်ထိ မတွေ့ရှိရသေးကြောင်း စစ်ကောင်စီ  မိုးဇလက ထုတ်ပြန်ထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013