DVB Logo
Home
မြန်မာသတင်း
မိုးကြီး ရေလျှံ၊ မြစ်ရေဆက်လက် မြင့်တက်လာနိုင်ဟု NUG သတိပေး
ဝေဝေ
·
August 10, 2026
Photo: NUG
Photo: NUG
Donate to DVB

ရေဘေးသင့်ပြည်သူ ၄ သိန်းကျော် ရှိလာပြီဖြစ်တဲ့ မြန်မာပြည်တွင်းမှာ အခုသီတင်းပတ်အတွက်  မိုးကြီး ရေလျှံ၊ မြေပြိုတာတွေနဲ့ မြစ်ရေဆက်လက် မြင့်တက်လာနိုင်တယ်လို့   အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဩဂုတ် ၁၀ ရက် ဒီကနေ့ သတိပေး ထုတ်ပြန်ထားပါတယ်။

သြဂုတ် ၁၀ ရက်မှ ၁၆ ရက်အထိကာလအတွင်း နေရာကွက် မိုးကြီးနိုင်တဲ့ အခြေအနေရှိလို့ နောက်ဆက်တွဲ ရေကြီးရေလျှံတာ၊ တောင်ကျချောင်းရေစီးဆင်းတာ၊ ကမ်းပါးပြိုမြေပြိုတာ၊ လျှပ်တပြက် ရေကြီးတာတွေ ဖြစ်ပေါ်နိုင်လို့ အထူးသတိပြု နေထိုင်ကြဖို့ သတိပေးထားပါတယ်။

လာမဲ့ ဩဂုတ် ၁၃ ရက်ဝန်းကျင်အတွင်း ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံဘက်ကို ရွေ့လျားလာနိုင်တာကြောင့် အနောက်တောင်မုတ်သုံလေ အားကောင်းလာနိုင်ပြီး မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမယ်ဆိုရင် မြစ်ရေတက်နေတဲ့ သံလွင်မြစ်၊ ဧရာဝတီမြစ်နဲ့ မြစ်လက်တက်က မြစ်ရေတွေ ဆက်လက် မြင့်တက်လာနိုင်ကြောင်းကိုလည်း NUG က သတိပေး ထုတ်ပြန်ထားပါတယ်။

လတ်တလော မြန်မာနိုင်ငံအနှံ့ မိုးရွာသွန်းတွေ၊ ဆည်ရေဖောက်ထုတ်မှုတွေနဲ့ မြစ်ရေလျှံတက်မှုတွေကြောင့် နိုင်ငံအထက်ပိုင်း ဒေသတွေမှာ လူဦးရေ ၄ သိန်းကျော် ရေဘေးသင့်နေပြီး သေဆုံးသူ ၁၆ ယောက်၊ ပျောက်ဆုံး ၂ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၆၁ ယောက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ ရက်ဆက်မိုးရွာသွန်းတာနဲ့ ဆည်ရေ ဖောက်ထုတ်တာတွေကြောင့် ရေကြီး ရေလျှံတာတွေ ဖြစ်ပွားနေပြီး စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီတိုင်းအတွင်း မြို့နယ် ၁၅ ခုက လူဦးရေ ၄၁၄,၈၄၃ ယောက်ခန့် ရေဘေးသင့်နေကြပါတယ်။

ရေဘေးကြောင့် သေဆုံးသူ ၁၆ ယောက်၊ ပျောက်ဆုံး ၂ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၆၁ ယောက် ရှိနေကြောင်း NUG လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်း စာနာထောက်ထားရေး ဝန်ကြီးဌာနက ဩဂုတ် ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းထဲမှာတော့ ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ကာ သေဆုံးသူ ၁၅ ယောက်နဲ့ ပျောက်ဆုံး ၂ ယောက်ကလည်း စစ်ကိုင်းတိုင်းထဲက မြို့နယ် ၁၀ ခုထဲကပဲ ဖြစ်ပြီး ဧရာဝတီတိုင်း လေးမျက်နှာမှာတော့ တယောက်သေဆုံးခဲ့ကြောင်း သိရပါတယ်။

စစ်ကိုင်းယူနစ်ထဲက အဆိုးဝါးဆုံးမြို့နယ် ၃ ခုထဲက တခုဖြစ်တဲ့ ကောလင်းမြို့နယ်ထဲမှာ ကျေးရွာပေါင်း ၂၂၀ ရှိတဲ့အထဲ ၄ ပုံ ၃ ပုံလောက်က ရေနစ်မြုပ်တဲ့ဘေးဒဏ်ကို ခံစားနေကြရပြီး လူသေဆုံးမှုတွေလည်း ရှိနေကြောင်း ကောလင်းမြို့နယ် ပြည်သူမှပြည်သူအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ကောလင်း-ကန့်ဘလူ အစပ်ကရှိတဲ့ စစ်ရှောင်တဲတွေ‌ရော ဒေသခံတွေရော အကုန်လုံးက ရေလွှမ်းလွင်ပြင်ကြီးတခု ပင်လယ်ကြီးလို ဖြစ်သွားတာပေါ့နော်။ အဆင်ပြေမဲ့နေရာကို အမြင့်နေရာလေးကို အရေးပေါ် တိမ်းရှောင်ရတာဆိုတော့ တချို့တွေဆို အသက်ပဲ ကယ်နိုင်လိုက်တယ်။ သူတို့ရဲ့ ပစ္စည်းတွေ၊ အဝတ်အထည်၊ စားစရာတွေ ဘာမှ မလုပ်ပေးနိုင်သေးဘူးပေါ့။ အခုတော့ ကျနော်တို့ လုပ်နိုင်တဲ့ဟာတွေကို တဆင့်ချင်း ဖြည်းဖြည်းချင်း ကြိုးစားပေးနေကြပါတယ်။ ကောလင်းရေက သဖန်းဆိပ် ရေပြင်ဘက်ကနေ ထောက်တဲ့ အောက်ရေပေါ့၊ အဲဒီရေလည်းရှိနေတော့ ရေက အရမ်းကြီးလည်း တက်လာတာ မဟုတ်ပေမဲ့ အရမ်းကြီးလည်း ကျမသွားသေးဘူး။ ဒါပေမဲ့ အဲဒီ အောက်ရေထောက်တဲ့ဟာက ရွာတော်တော်များများ ရေနစ်မြုပ်နေတာပေါ့။ သေဆုံးက ကျနော်တို့ သိရသလောက်ဆို ၆ ယောက်လောက်ရှိပြီ။ ၃ ယောက်က ပိုင်ရှင်ပေါ်တယ်၊ ၃ ယောက်တော့ ပိုင်ရှင်မရှိသေးဘူး။”

မိုးသည်းတာကြောင့် မူးမြစ်ရေတက်သလို သဖန်းဆိပ်ဆည်ရေ လွှတ်လိုက်တာတွေကြောင့် နေအိမ်တွေ ရေနစ်မြုပ်တာ၊ စိုက်ပျိုးမြေဧက ထောင်နဲ့ချီ ရေလွှမ်းမိုးတာတွေနဲ့ ချောင်းကူးတံတားတွေ ပျက်စီးနေတာတွေလည်း ဖြစ်ပေါ်နေပြီး ရေဘေးသင့်ပြည်သူတွေအတွက် သောက်သုံးရေ၊ အစားအစာ၊ ဆေးဝါး၊ စက်သုံးဆီ၊ မိုးကာစ၊  ရေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ အကူအညီတွေ အရေးပေါ် လိုအပ်နေကြောင်းလည်း သိရပါတယ်။

ဒီပဲယင်းမြို့နယ်ထဲက မူးမြစ်ဘေးတလျှောက် ကျေးရွာပေါင်း ၂၁ ရွာက လူပေါင်း ၂ သောင်းခွဲကျော် ရေဘေးသင့်နေပြီး ရေစီးနဲ့ မျောပါ သေဆုံးသူ ၇ ယောက် ရှိခဲ့ပါတယ်။

ဩဂုတ် ၁၀ ရက် မနက်ပိုင်းမှာတော့ မိုးမရွာတော့ဘဲ မြစ်ရေအခြေအနေလည်း ငြိမ်သက်နေကြောင်း သိရပါတယ်။

ဒီပဲယင်းဒေသခံတယောက်က “ရေနည်းနည်းကျတယ်၊ ရေနည်းနည်းကျတယ်ဆိုတာ မနက်က နေပွင့်တာကိုး၊ ဒါပေမဲ့ ဒီပဲယင်းရော ရွှေဘိုရော ရေဝင်ထားတဲ့ ရွာတွေကတော့ အခုလောလောဆယ် ရေက အိုင်နေတုန်း၊ အဲဒီတော့ သူတို့လည်း ထွက်မရသေးဘူး။ မိုးတော့ တိတ်သွားပြီ၊ အောက်ပိုင်းမှာလေ ဒီပဲယင်း ရွှေဘိုဘက်ပေါ့နော်။ နေတော့ နည်းနည်းပြန်ပွင့်လာတယ်၊ ကောင်းကင်ကတော့ နည်းနည်း ပြန်ကြည်လာတယ်။ ဒါပေမဲ့ အဲဒီ အနိမ့်ပိုင်း မူးဘေးက ရွာတွေကတော့ အခုအချိန်ထိ မြုပ်နေတုန်းပေါ့နော်။ ရေထပ်မတက်လာတာပဲရှိတာ၊ လောလောဆယ် အရင်အနေအထားအတိုင်းပါပဲ၊ နည်းနည်းလေး ကျသွားတာပဲရှိတာ မူးမြစ်ကတော့” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ အိမ်ထောင်စု ၅၁,၀၂၈ စု၊ လူဦးရေ  ၂၂၃,၇၆၁ ယောက်၊ မန္တလေးတိုင်းမှာ  အိမ်ထောင်စု ၃၇,၅၀၀ စု၊ လူဦးရေ  ၁၅၀,၃၀၀ ယောက်၊ မကွေးတိုင်းမှာ အိမ်ထောင်စု ၁၅၂ စုက လူဦးရေ ၅၈၆ ယောက်နဲ့ ဧရာဝတီတိုင်းမှာတော့ အိမ်ထောင်စု ၈,၀၀၅ စုက လူဦးရေ ၄၀,၁၉၆ ယောက်ခန့် ရေဘေးကြောင့် ထိခိုက်နေကြောင်းလည်း သိရပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊ အရာတော်၊ ခင်ဦး၊ ရေဦး၊ ရွှေဘို၊ ဝက်လက်၊ မြင်းမူနဲ့ ဒီပဲယင်းမှာ ရေကြီးရေလျှံမှုတွေ ပြင်းထန်ဖြစ်ပွားနေတဲ့ အခြေအနေကို ထိရောက်စွာတုံ့ပြန်နိုင်ရေး၊ အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီကို  စတင် ဖွဲ့စည်း ဆောင်ရွက်နေတယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၁၀ ရက် ဒီမနက် ၈ နာရခွဲလောက်က ဒုဌဝတီမြစ်ရေနဲ့ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့်  မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ တောင်ကိုင်းကျေးရွာ၊ ဖရဲကျွန်းကျေးရွာနဲ့ ရွှေလေးကျေးရွာတို့မှာ မိသားစုတွေကို ရေဘေးလွတ်ရာသို့  ကူညီရွှေ့ပြောင်းပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013