
ဒီနေ့ကစလို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ မိုးထစ်ချုန်းရွာပြီး ဒေသတချို့မှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၁၉ ရက် ဒီကနေ့မှာ ထုတ်ပြန် လိုက်ပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေအားကောင်းနေပြီး မိုးတိမ်တောင်တွေ ဖြစ်ထွန်းအားကောင်းနေသလို လေထုမငြိမ်သက်မှုတွေလည်း ဖြစ်ပေါ်နေတာ ကြောင့် စက်တင်ဘာ ၁၉ ရက်ကနေ ၂၃ ရက်အထိ မိုးကြီးမယ်လို့ ဆိုပါတယ်။
နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်း၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။
ရန်ကုန်၊ ပဲခူး၊ မကွေး၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်း၊ ကရင်၊ မွန်နဲ့ ရခိုင်ပြည်နယ်တို့မှာတော့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။
နောက်ပြီး မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေကျရောက်ပြီး လေတိုက်နှုန်း တနာရီ ၃၅ မိုင်အထိ တိုက်ခတ်နိုင်သလို ပင်လယ်ပြင်မှာလည်း လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၉ ပေကနေ ၁၂ ပေလောက်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြတဲ့သူတွေအနေနဲ့ ရေကြီးရေလျှံမှုတွေကို ကြိုတင်သတိပြုကြဖို့ ကိုလည်း တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ကိုင်းအပါအဝင် တိုင်း ၄ ခုမှာ ရေကြီးရေလျှံမှုဒဏ်ကို နှစ်ပေါင်း ၂၀ အတွင်း အဆိုးရွားဆုံးခံခဲ့ရပြီး လူဦးရေ ၆ သိန်းကျော်အထိ ရေဘေးသင့်ခဲ့ရသလို၊ အနည်းဆုံး လူ ၃၂ ယောက် သေဆုံးပြီး ၂ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက ဩဂုတ် ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။











