
ဘင်္ဂလားပင်လယ်အော်မှာ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းဖြစ်နေပြီး တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသဌာနက ဇူလိုင် ၄ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
ဒီမနက် ၁၀ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း- အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း ဖြစ်သွားပြီလို့ နေ့လယ် ၁၂ နာရီမှာ ထုတ်ပြန်ပါတယ်။
ပြီးတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေဟာ အားအလွန်ကောင်း နေတာကြောင့် ဒီမနက်ကနေ ဇူလိုင် ၁၂ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာတော့ နေရာကွက် မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံမိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်သလို လှိုင်းအမြင့် ၉ ပေကနေ ၁၁ ပေလောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
လေဖိအားနည်းရပ်ဝန်းရဲ့အရှိန်ကြောင့် မိုးသည်းသည်းထန်ထန် ရွာတာနဲ့အတူ လေပြင်းတိုက်တာ၊ ရုတ်တရက် ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေဖြစ်နိုင်လို့ ကုန်းမြင့် ဒေသနားမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုတဲ့အန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေနားမှာ နေထိုင်ကြသူတွေ အနေနဲ့ ရေကြီး၊ ရေလျှံတာတွေကို ကြိုတင်သတိပြုနိုင်ကြဖို့လည်း သတိပေးထားပါတယ်။










