DVB Logo
Home
မြန်မာသတင်း
တွန်းဇန်တွင် တိုက်ပွဲပြင်းထန်နေပြီး ဒေခံ ၃၀၀၀ နီးပါး တိမ်းရှောင်နေရ၊ ဂန့်ဂေါက နေအိမ် ၃၀၀ ကျော်ကို စစ်တပ်မီးရှို့
DVB
·
May 17, 2024
တွန်းဇန်တွင် တိုက်ပွဲပြင်းထန်နေပြီး ဒေခံ ၃၀၀၀ နီးပါး တိမ်းရှောင်နေရ၊ ဂန့်ဂေါက နေအိမ် ၃၀၀ ကျော်ကို စစ်တပ်မီးရှို့
1 / 6
Donate to DVB

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇန်မြို့မှာ စစ်ကောင်စီတပ်နဲ့ ချင်းအမျိုးသားတပ်ဦး CNF ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားနေတာကြောင့် ပြည်သူ ၃၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ ၁၆ ရက်နေ့ မနက်မှာ CNF ပူးပေါင်းတပ်ဖွဲ့တွေက တီးတိန် ခလရ-၂၆၉ တပ်ရင်းက တပ်သားတွေရှိတဲ့ တွန်းဇန်စခန်းကုန်းနဲ့ ထွေအုပ်ရုံး၊ ရဲစခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

“တိုက်ပွဲကမြို့တွင်းမှာပါ၊ ညက drone တွေနဲ့ ဗုံးသီးတွေ ချကြတယ်၊ CNF ပူးပေါင်းအဖွဲ့နဲ့ စကစနဲ့ဖြစ်တာပါ၊ လက်နက်ကြီးသံတွေ ကြားနေရတယ်၊ မြို့ထဲကတော့ အများစုရှောင်နေကြပြီ” လို့ တွန်းဇန်ဒေသခံတဦးက ပြောပါတယ်။

တိုက်ပွဲကြောင့် တွန်းဇန်မြို့ပေါ် ခေါဝုန်လေးဆန် ရပ်ကွက်၊ ခေါလိုင်ရပ်ကွက်နဲ့ အနီးဝန်းကျင်ကျေးရွာက ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။

တွန်းဇန်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက “မသန်စွမ်း နဲ့ သက်ကြီးရွယ်အိုတွေ ရှောင်တိမ်း နိုင်ဖို့ ပအဖဘက်က ကူညီဆောင်ရွက်နေပါတယ်။ CNF ပူးပေါင်းအဖွဲ့က ဒေသခံနယ်မြေခံ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ကြိုတင်ညှိနှိုင်းတာလည်းမရှိဘဲ သူ့သဘောနဲ့သူ လုပ်ချလိုက်တော့ အကုန်လုံး အခက်အခဲ ဖြစ်နေပါတယ်။ စစ်ရေးက အရေးပါပေမဲ့ လူထုအတွက် ကြိုတင်စီစဉ်ဆောင်ရွက်တာ မရှိ၊ မြို့နယ် ပအဖနဲ့လည်း ချိတ်ဆက်တာ မရှိတော့ တော်တော်ခွကျတယ်” လို့ ပြောပါတယ်။

ဒေသခံပြည်သူတွေဟာ တီးတိန်မြို့၊ ကျီခါးမြို့ဘက်တွေနဲ့ တောင်ယာတွေထဲ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၁၁ ရက်ညမှာလည်း တွန်းဇန်မြို့နယ် လုံတပ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန် ဘုရားရှိခိုးကျောင်း၊ ကျေးရွာစာသင်ကျောင်းနဲ့ လူနေအိမ် ၅ လုံးထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ရွှေဘိုရွာနဲ့‌ ရေသာရွာဘက်ကို စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေက မေ ၁၆ ရက် မနက်မှာ စစ်ကြောင်းထိုးပြီး ရွှေဘိုရွာခံတဦးကို ဖမ်းဆီးသတ်ဖြတ်ကာ နေအိမ် ၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ခင်ရန်းရွာကနေ ရေသာရွာဘက် စစ်ကြောင်းတကြောင်း၊ ‌ရွှေဘိုရွာ အနောက်ဘက်ကနေ စစ်ကြောင်းတကြောင်း၊ သင်တောရွာဘက်ကနေ စစ်ကြောင်းတကြောင်း၊ ရွှေဘို-မြောက်ခင်ရန်း ကားလမ်းမပေါ်ကနေ စစ်ကြောင်းတကြောင်း စုစုပေါင်း အင်အား ၂၀၀ လောက်ရှိ စစ်ကြောင်း ၄ ကြောင်းခွဲကာ ရွှေဘိုရွာဘက်ကို စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

မနက် ၆ နာရီဝန်းကျင်က စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား ရွှေဘိုရွာအနီးမှာ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီက ရွှေဘိုရွာကို ဝင်‌ရောက်ကာ အသက် ၈၆ နှစ်အရွယ် ဦးသာနွယ်အား သတ်ဖြတ်ခဲ့ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတဦးက “သူတို့စစ်ကြောင်းထွက်ပြီး PDF တွေက နယ်ရှင်းဝင်ကြတယ်။ ဦးသာနွယ်ကို သတ်ထားတာတွေ့ရတယ်။ ဒါပြီး နွားတကောင်လည်းသတ်တယ်၊ ဆန်တအိတ်လည်းချက် ပြုတ်စားသောက်သွားတယ်။ ရွာသူရွာသားတွေကတော့ ရွာကို အခုထိမပြန်ရဲကြသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ် မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၇၀၀ ဝန်းကျင်၊ ‌လူဦးရေ ၂,၅၀၀ ကျော် နေထိုင်တဲ့ ရွှေဘိုရွာက ‌နေအိမ် ၂၉၅ လုံးနဲ့ ရေသာရွာက နေအိမ် ၁၅ လုံး မီးလောင်ဆုံးရှုံးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ညနေပိုင်း ပြန်လည်စစ်ကြောင်းဆုတ်ချိန်မှာလည်း ရွှေဘိုရွာက သံဃာ ၇ ပါးကို မြောက်ခင်ရန်းရွာအထိ လမ်းပြ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး မေ ၁၇ ရက် မနက်မှာတော့ ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက သူတို့စစ်ကြောင်းဆုတ်ချိန် လမ်းမှာတိုက်ခိုက်ခံရမှာစိုးလို့ သံဃာတော်တွေကို ဓားစာခံအဖြစ်ခေါ်သွားတာဖြစ်နိုင်ကာ မနေ့မနက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော် ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဂန့်ဂေါဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုသားဇင်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်ကလည်း စစ်ကောင်စီက ရွှေဘိုရွာကို စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ် ၃၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး သင်တောရွာက ဒေသခံ ၇ ဦး၊ ရွှေဘိုရွာသား ၂ ဦးနဲ့ ရေသာရွာသား တဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါသေးတယ်။

ဓာတ်ပုံ-ယောအလင်းတန်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013