DVB Logo
Home
မြန်မာသတင်း
အင်တာနက်ပိတ်ဆို့မှု အဆိုးဝါးဆုံးနိုင်ငံများ၌ မြန်မာပါဝင်၊ တိုင်းနှင့်ပြည်နယ် ၁၃ ခုတွင် အင်တာနက် ဖြတ်ခံရ
DVB
·
May 17, 2024
အင်တာနက်ပိတ်ဆို့မှု အဆိုးဝါးဆုံးနိုင်ငံများ၌ မြန်မာပါဝင်၊ တိုင်းနှင့်ပြည်နယ် ၁၃ ခုတွင် အင်တာနက် ဖြတ်ခံရ
Donate to DVB

အင်တာနက်ပိတ်ဆို့မှု အဆိုးဝါးဆုံး ကမ္ဘာ့နိုင်ငံတွေစာရင်းမှာ စစ်အာဏာသိမ်းမှုနဲ့ ဖိနှိပ်မှုတွေ ခံနေရတဲ့ မြန်မာနိုင်ငံ ပါဝင်နေတယ်လို့ ဒီဂျစ်တယ်အခွင့်အရေး လှုပ်ရှားရေးအဖွဲ့ Access Now က ထုတ်ပြန်ပါတယ်။

#KeepItOn ကမ်ပိန်းအဖြစ် “ကျုံ့ဝင်လာနေသည့် ဒီမိုကရေစီ၊ ကြီးထွားလာနေသည့် အကြမ်းဖက်မှု–၂၀၂၃ ခုနှစ်အတွင်း အင်တာနက် ဖြတ်တောက်ခံရမှုများ” အမည်နဲ့ အစီရင်ခံစာသစ်ထဲမှာ ခုလို  ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

၂၀၂၃ အတွင်း မြန်မာပြည်သူတွေ ကြုံတွေ့ခံစားနေရတဲ့ အင်တာနက် ပိတ်ဆို့တားဆီးမှုတွေနဲ့ ဖိနှိပ်မှုတွေကို  မြန်မာနိုင်ငံရဲ့ သံကွန်ချာဆိုပြီး ထည့်သွင်းဖော်ပြထားပါတယ်။ 

ဒီကမ်ပိန်းကတော့ အင်တာနက်ဖြတ်တောက်မှုတွေကို အဆုံးသတ်ဖို့ ကမ္ဘာတဝန်းက တက်ကြွလှုပ်ရှားသူတွေ၊ အဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို စုစည်းကူညီဖို့ Access Now က ၂၀၁၆ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ကမ်ပိန်းတခု ဖြစ်ပါတယ်။

အစီရင်ခံစာသစ်ထဲမှာတော့ ၂၀၂၃ ခုနှစ်ဟာ အင်တာနက်ပိတ်ဆို့မှု စံချိန်တင် အဆိုးရွားဆုံး ဖြစ်ပွားခဲ့တဲ့ နှစ်တနှစ် ဖြစ်ခဲ့ပြီး နိုင်ငံပေါင်း ၃၉ နိုင်ငံမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက အနည်းဆုံး ၂၈၃ ကြိမ် အင်တာနက်ကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ခဲ့ပြီး အဲဒီ နောက်ကွယ်မှာ အကြမ်းဖက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ ဒီမိုကရေစီယန္တရားအပေါ် တိုက်ခိုက်တာတွေနဲ့ တခြားသော ရက်စက်ကြမ်းကြုတ်မှုတွေကို ဖြစ်ပွားစေကာ လူသန်းပေါင်းများစွာရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ထိပါးခဲ့တယ်လို့ ဖော်ပြပါတယ်။

၂၀၂၃ ခုနှစ်ထဲမှာ အာရှ-ပစိဖိတ် ဒေသတွင်းက ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မြန်မာ၊ နီပေါနဲ့ ပါကစ္စတန်နိုင်ငံတွေမှာ အာဏာပိုင်တွေက အင်တာနက်ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

#KeepItOn ရဲ့ ကမ်ပိန်းမန်နေဂျာ ဖယ်လီရှာ အန်သိုနီယိုက “၂၀၂၃ ခုနှစ်ဟာ အင်တာနက် ပိတ်မှုတွေကြောင့်​ ပိုပြီးဆိုးရွားတဲ့ ထိခိုက်မှုကြုံရတဲ့ နှစ်တနှစ် ဖြစ်ခဲ့ပါတယ်။ ပါလက်စတိုင်းမှသည် မြန်မာနိုင်ငံထိ အာဏာပိုင်တွေရဲ့ အန္တိမရည်မှန်းချက်ကတော့ လုံးဝ အဆုံးစွန် ပျက်စီးစေဖို့ဖြစ်ကာ ပြည်သူလူထု အန္တရာယ်တွေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ကြုံရချိန်တွေမှာ အင်တာနက်ကို လုံးဝပိတ်ချ ဖြတ်တောက်ပြီးတော့ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုတွေ၊ လူမှုအသိုင်းအဝိုင်း ပြိုကွဲစေဖို့ အကြီးမားဆုံး ထိုးနှက်ချက်အဖြစ် ကျရောက်စေခဲ့ပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ အဓိကတွေ့ရှိချက်တွေမှာတော့ အင်တာနက် ပိတ်ဆို့မှုတွေကြောင့် တိကျသေချာတဲ့ မှတ်တမ်းယူဖို့ ခက်ခဲလာတာ၊ လက်နက်သဖွယ် အသုံးပြုတာ၊ ကျယ်ပြန့်တဲ့ နယ်ပယ်၊ အကြမ်းဖက်မှုတွေနဲ့ အဆိုးရွားဆုံး ထိခိုက်မှုတွေကို တွေ့ရှိရကြောင်း အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။

အာဏာပိုင်တွေဟာ အင်တာနက်ပိတ်ဆို့ဖို့ အမိန့်ကို ဗဟိုအပြင် မြို့နယ်အဆင့် အာဏာပိုင်တွေကလည်း ထုတ်ပြန်လုပ်ဆောင်ခွင့် ပြုထားရုံသာမက အများပြည်သူသိရှိနိုင်ဖို့ ထုတ်ပြန်ခြင်း မရှိတာကြောင့် သူတို့ကို ခြေရာခံပြီး မှတ်တမ်းတင်ဖို့ အရပ်ဘက် အဖွဲ့အစည်းတွေအတွက် ပိုမိုခက်ခဲလာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ် တနှစ်တာအတွင်း အင်တာနက် ၃၇ ကြိမ် ပိတ်သိမ်းတာကို မှတ်တမ်းတင်နိုင်ခဲ့ပေမဲ့ ပိတ်ဆို့ခံရတဲ့ အကြိမ်အရေအတွက်မှာ လွန်စွာမြင့်မားဖွယ် ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ စစ်ဆင်ရေးတွေမှာ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ ရေဒီယိုလှိုင်းဖျက်တဲ့ ကိရိယာတွေကို တောက်လျှောက်အသုံးပြုခဲ့ပြီး စစ်ဆင်ရေး လုပ်ဆောင်ရာ ဒေသတွေမှာ ပြည်သူလူထုရဲ့ သတင်းအချက်အလက် ဖလှယ်မှုနဲ့ ဆက်သွယ်မှုတွေ ဖြတ်တောက်ဖို့ ရည်ရွယ်ချက်နဲ့ စစ်ဆင်ရေးနဲ့ တပ်ရွေ့လျားမှုတွေနဲ့ ချိန်သားကိုက် အင်တာနက်ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ကြတာလို့ ဆိုပါတယ်။

အင်တာနက်ပိတ်ဆို့မှု အကျယ်အဝန်းမှာတော့ မြန်မာနိုင်ငံက တိုင်းနဲ့ ပြည်နယ် ၁၄ ခုထဲက ၁၃ ခုဟာ အင်တာနက်ဖြတ်တောက်မှုတွေ ကြုံတွေ့နေရပြီး မြို့နယ် ၈၀ ကျော်ကတော့ နှစ်ကုန်ပိုင်းအထိ အင်တာနက်ပိတ်ဆို့မှုတွေနဲ့ ဆက်လက်ရင်ဆိုင်နေရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် အနည်းဆုံး ပိတ်သိမ်းမှု ၁၁ ကြိမ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဒါမှမဟုတ် စစ်ရာဇဝတ်မှုကြီးတွေနဲ့ ဆက်စပ်နေပြီး အများစုကတော့ လူနေရပ်ကွက်တွေထဲက အရပ်သားတွေကို ပစ်မှတ်ထားတဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတဝန်းက မြို့နယ်ပေါင်းများစွာမှာလည်း အင်တာနက် ပိတ်​ဆို့ခံထားရတဲ့ ရက်ပေါင်းဟာ ၈၅၀ ကျော်ခဲ့ပြီဖြစ်ကာ ​ရခိုင်ပြည်နယ်မှာတော့ လက်နက်ကိုင် ပဋိပက္ခတွေ ပိုမိုပြင်းထန်လာတာကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူတွေအနေနဲ့ အင်တာနက်ပိတ်ဆို့ခံရမှုကြောင့် သတင်းရယူ သိရှိနိုင်မှု မရှိသလောက် ဖြစ်နေတယ်လို့ ဆိုပါတယ်။

Access Now အဖွဲ့ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ လေ့လာသုံးသပ်သူ မဝေဖြိုးမြင့်က “စစ်တပ်က မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေရာမှာ အင်တာနက်ပိတ်ဆို့တာကို လက်နက်သဖွယ် အသုံးပြုနေပြီး ​​သတင်းရယူခွင့်ကို ပိတ်ပင်တာ၊ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်တာ လုပ်ဆောင်ဖို့ ခက်ခဲအောင် လုပ်ဆောင်နေသလို ဒေသတွေကိုလည်း တနေရာကနေ တနေရာ ဆက်သွယ်လို့မရအောင် လုပ်ဆောင်နေပါတယ်။ စစ်တပ်ထိန်းချုပ်မှုတွေအောက်မှာရှိတဲ့ သန်းနဲ့ချီတဲ့ လူတွေရဲ့ ရှင်သန်ရေးအတွက် စစ်တပ်ရဲ့ အွန်လိုင်းနဲ့ မြေပြင်မှာရော ဖိနှိပ်မှုတွေအတွက် တာဝန်ခံဖို့ ဆက်ပြီး ဖိအားပေးဖို့ လိုသလို တဖက်မှာလည်း နိုင်ငံတကာအသိုက်အဝန်း အနေနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ထိန်းချုပ်မှုအောက်က ကင်းလွတ်တဲ့ လွတ်လပ်တဲ့ အင်တာနက်ကွန်ရက်တွေ အစားထိုး တည်ဆောက်နိုင်ရေးအတွက် ရှိသမျှ အရင်းအမြစ်ကို ပေါင်းစုကာ ပူးပေါင်းလုပ်ဆောင်ပေးဖို့ လိုပါတယ်” လို့ ပြောပါတယ်။

#KeepItOn ရဲ့  အစီရင်ခံစာထဲမှာ ၂၀၂၃ ခုနှစ် တနှစ်တာအတွင်း မြန်မာနိုင်ငံမှာ အင်တာနက် ၃၇ ကြိမ် ပိတ်သိမ်းမှုဟာ ကမ္ဘာ့နိုင်ငံတွေထဲ ဒုတိယအများဆုံးဖြစ်နေပြီး အိန္ဒိယကတော့ ၁၁၆ ကြိမ်နဲ့ အများဆုံးဖြစ်နေတယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ အီရန်၊ ပါလက်စတိုင်း၊ ယူကရိန်း၊ ပါကစ္စတန်၊ အီရတ်၊ အဇာဘိုင်ဂျန်၊ အီသီယိုးပီးယားနဲ့ ဆီနီဂေါနိုင်ငံတွေက အင်တာနက်ပိတ်ဆို့မှု အဆိုးဝါးဆုံးနိုင်ငံတွေအဖြစ် ရှိနေပါတယ်။

Source: Accessnow

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013