DVB Logo
Home
မြန်မာသတင်း
ပခုက္ကူနှင့်မြင်းခြံတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် စစ်သား ၁ ဦး ပစ်သတ်ခံရ၊ ရေဦးမြို့က စစ်သား ၁ ဦး အလင်းဝင်
DVB
·
May 17, 2024
ပခုက္ကူနှင့်မြင်းခြံတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် စစ်သား ၁ ဦး ပစ်သတ်ခံရ၊ ရေဦးမြို့က စစ်သား ၁ ဦး အလင်းဝင်
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့၊ အောင်သပြေရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုအောင်သူဟာ မေ ၁၅ ရက် မနက် ၉ နာရီခွဲလောက်က နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အုပ်ချုပ်ရေးမှူး ကိုအောင်သူနဲ့ နီးစပ်သူတဦးက “သူ့အိမ်က မြို့ရှောင်လမ်းမှာလေ။ ဧည့်စာရင်းတိုင်ချင်လို့ဆိုပြီး လာတဲ့သူတွေက ပစ်သွားတာ၊ ၇ ချက်နဲ့ နေရာမှာတင် ဆုံးသွားတယ်။ သူ့အလောင်းကိုတော့ မိသားစုကပဲ နေ့ချင်းပြီး သင်္ဂြိုဟ်ပေးလိုက်တယ်။ အသက်က ၃၃ နှစ်ရှိသေးတာ။ ငယ်သေးတယ်ဗျ။ သူ့အဖေက အုပ်ချုပ်ရေးမှူးမလုပ်ဖို့ တားသေးတယ်။ သူကကို အုပ်ချုပ်ရေးမှူးရူး ရူးတာပါဗျာ” လို့ DVB ကို ပြောပါတယ်။

အဆိုပါပစ်ခတ်မှုကို ဒေါင်းစစ်သည် People Defence Force PKU - PDF အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ရဲဘော်တဦးက ပြောပါတယ်။

“အကြမ်းဖက်စစ်တပ်နဲ့ ပေါင်းပြီး ကင်းလှည့်တာ၊ ပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးပြီး နှိပ်စက်တာ၊ အဓမ္မစစ်သားသစ် စုဆောင်းတာတွေ လုပ်နေလို့ ကျန်ခဲ့တဲ့ တလလောက်ကတည်းက သတိပေးစာပို့ထားတာကို မလိုက်နာလို့ ပစ်ခတ်ရှင်းလင်းခဲ့ရတာပါ။” 

ပခုက္ကူမြို့၊ အောင်သပြေရပ်ကွက်မှာ ပစ်သတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး ကိုအောင်သူဟာ ဒုတိယမြောက် ပစ်သတ်ခံရသူဖြစ်ပြီး သူ့အရင် အုပ်ချုပ်ရေးမှူးတဦးဟာလည်း ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ညောင်ပင်ကျေးရွာမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တပ်သားအဆင့်ရှိသူဟာ မေ ၁၄ ရက်နေ့မှာ ကင်းထောက်ဖို့ထွက်လာစဥ် ပစ်ခတ်ဖမ်းဆီးစဥ် သေဆုံးသွားခဲ့တယ်လို့ Natogyi Regional Defence Force ဆီကနေ သိရပါတယ်။

Natogyi Regional Defence Force ရဲ့ တာ၀န်ရှိသူတဦးက “ဒီကောင်က PDF သတင်းနဲ့ နယ်မြေအခြေအနေကင်းထောက်ဖို့ အရပ်၀တ်နဲ့ထွက်လာတာကို ကြိုတင်သတင်းရလို့ လမ်းကနေစောင့်ဖမ်းတာ ပြန်လည်ခုခံပြီးထွက်ပြေးတော့ ပစ်ခတ်လိုက်ရတာ နေရာမှာတင်သေသွားတယ်” လို့ ပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်သားဟာ မိတ္ထီလာမြို့ ကပစ ၃ ထောက်ပို့တပ်က တပ်သားအဆင့်ရှိသူဖြစ်တယ်လို့ NRDF ရဲဘော်တဦးက ပြောပြပါတယ်။

“သေနတ်တွေဘာတွေတော့မပါဘူး။ သူ့အလောင်းကို သူ့တပ်ကပြန်လာမသယ်လို့ ကျနော်တို့ကပဲ မီးရှို့သင်္ဂြိုဟ်ပေးလိုက်ရတယ်။”  

စစ်ကောင်စီ လက်အောက်ခံတွေအနေနဲ့ နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကို အမြန်ဆုံးအလင်း၀င်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာတော့ မေ ၁၅ ရက် မနက်က စစ်ကောင်စီတပ်သားတဦး လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ရေဦးပြည်သူ့လုံခြုံရေးအဖွဲ့ဆီက သိရပါတယ်။

အခုလို ပြည်သူဘက်ကို ရပ်တည် အလင်းဝင်ရောက်လာတာကြာင့် ရေဦးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ကျပ်သိန်း ၃၀ ချီးမြှင့်ခဲ့တယ်လို့ ရေဦးပလဖ တာဝန်ရှိသူက  ပြောပါတယ်။

“အမှတ် ၇ စစ်မြေပြင် ဆေးတပ်ရင်းက တပ်သား ထွန်းကိုကိုနိုင် အလင်းဝင်ရောက်လာတယ်ဗျ။ ကိုယ်ပိုင်အမှတ်က ၂၄၅၂၈ ပါ။ သူနဲ့အတူ MA တလက်နဲ့ ကျည် ၉၀၊ ကျည်‌ဘောက် ၂ ခုလည်း ပါခဲ့တယ်။ အခုတော့ ရဲဘော်လုံခြုံရေးအတွက် ဘေးလွတ်ရာကို ပို့ဆောင်ထားပါတယ်။”

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စစ်အာဏာရှင်ဖြုတ်ချဖို့ပဲ လုပ်ဆောင်နေတဲ့အတွက် အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်သားတွေကို နွေးထွေးစွာ ကြိုဆိုနေတာကြောင့် ရေဦးမြို့ပေါ်က စစ်သားတွေအနေနဲ့ နီးစပ်ရာ တပ်ဖွဲ့တွေဆီမှာ အလင်းဝင်ကြဖို့လည်း ရေဦး ပလဖ တာဝန်ခံက အသိပေး မေတ္တာရပ်ခံထားပါတယ်။

Photo ..... နွားထိုးကြီးသတင်းစုံ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013