DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်တွင် စက်သုံးဆီပြတ်လပ်ပြီး ပြည်သူများ အခက်ကြုံ
DVB
·
May 17, 2024
မော်လမြိုင်တွင် စက်သုံးဆီပြတ်လပ်ပြီး ပြည်သူများ အခက်ကြုံ
Donate to DVB

ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်ရှိ ကျုံအိတ်တံတား မိုင်းခွဲခံရပြီးနောက် မော်လမြိုင်မြို့ကို ဆီကားတွေ မဝင်တော့တဲ့တွက် စက်သုံးဆီပြတ်လပ်ပြီး ဈေးနှုန်းမြင့်တက်လာတဲ့အတွက် ပြည်သူတွေ အခက်ကြုံတွေ့နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီးမှာရှိတဲ့ ကျုံအိတ်တံတား မေ ၁၁ ရက်က ဖောက်ခွဲခံရပြီးနောက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့တဲ့အတွက် ဆီကားတွေ မရောက်လာနိုင်တော့ဘဲ ဆီပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတာပါ။

မော်လမြိုင်မြို့ခံတဦးက “တံတားစအချိုးခံရပြီးတည်းက မော်လမြိုင်မှာက ဆီက တန်းဆီနေရပြီ။ အခု ရက်ကြာလာတော့ မြို့ထဲကဆိုင်တွေပါ ဆီကမရချင်တော့ဘူး။ အခုဆို မနက်မိုးလင်းရင် ဆီရတဲ့ဆိုင်ကို လိုက်ရှာနေရတာ အလုပ်တခုဖြစ်နေတယ်” လို့ ပြောပါတယ်။

တံတားအချိုးခံရပြီးတည်းက စက်သုံးဆီဈေးနှုန်း တလီတာ ၂,၀၀၀ ကျော်ကနေ ၃,၀၀၀ ကျော်အထိ တဖြည်းဖြည်းနဲ့ မြင့်တက်လာခဲ့ပြီး တချို့ဆိုင်တွေမှာ တလီတာ ကျပ် ၄,၀၀၀ အထိ ကပ်လာပြီလို့ ဒေသခံတွေက ပြောပါတယ်။

စက်သုံးဆီ ပြတ်လပ်နေတာကြောင့် စက်သုံးဆီကို မှီခိုပြီး လုပ်ကိုင်နေတဲ့ အသေးစားလုပ်ငန်း လုပ်ကိုင်‌သူတွေ အခက်အခဲ ကြုံတွေ့နေရတယ်လို့ အိုးဝေမောင်းနှင်သူတဦးက ပြောပါတယ်။

“ဆီ‌က အခု လုံးဝမရတော့တာတော့ မဟုတ်ဘူး။ တဆိုင်ကို ၅,၀၀၀ ဖိုးလောက်ရဖို့ကို ၁ နာရီလောက် တန်းဆီနေရတယ်။ မနက် အိုးဝေမောင်းဖို့ ဆီ ၁၀,၀၀၀ ဖိုးလောက်ရဖို့ကို ၃ နာရီလောက် အချိန်ပေးနေရတယ်။ အလုပ်ရှုတ်တဲ့အပြင် တခါတလေဆို ဆီလိုက်ရှာရင်း ဆီကုန်နေတာ။ တခြားအလုပ်တွေလည်း ထိခိုက်တာပေါ့။ အခုက ဘူးတွေနဲ့ ဝယ်မရတော့ အကုန် အခက်အခဲ ကြုံနေရတာပဲ။”

ဘီးလင်းမြို့၊ ကျုံအိတ်တံတားကို မေ ၁၁ ရက် မနက်အစောပိုင်းက မိုင်းဖောက်ခွဲခံရတဲ့အတွက် တံတားတစင်းလုံး တစစီပျက်စီးခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ပါတယ်။

၂၀၂၃ မတ်လက ဘီးလင်း ကျုံအိတ်တံတား ပထမတခါ အချိုးခံရတုန်းကနဲ့ ၂၀၂၄ ဖေဖော်ဝါရီက ကျိုက္ကော် မိုးကောင်းတံတား အချိုးခံရတုန်းကလည်း မော်လမြိုင်မြို့မှာ စက်သုံးဆီကားတွေ ဝင်မလာတဲ့အတွက် ဆီပြတ်လပ်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013