DVB Logo
Home
မြန်မာသတင်း
မြင်းခြံ၊ ဂန့်ဂေါနှင့် ရွှေဘိုတွင် တိုက်ပွဲဖြစ်၊ စစ်တပ်က ပြည်သူ ၅ ဦးအား သတ်ဖြတ်ပြီး ကျေးရွာများကို မီးရှို့
DVB
·
May 16, 2024
မြင်းခြံ၊ ဂန့်ဂေါနှင့် ရွှေဘိုတွင် တိုက်ပွဲဖြစ်၊ စစ်တပ်က ပြည်သူ ၅ ဦးအား သတ်ဖြတ်ပြီး ကျေးရွာများကို မီးရှို့
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာရှည်ကျေးရွာမှာ မေ ၁၃ ရက် မနက်ကနေ မေ ၁၄ ရက် ညနေအထိ ၂ ရက်နီးပါးကြာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်သား ၆၀ ကျော်သေဆုံးကာ ၈၀ နီးပါး ဒဏ်ရာရရှိသွားကြတယ်လို့ Myingyan Black Tiger – MBT တပ်ဖွဲ့ဆီကနေ သိရပါတယ်။

အင်အား ၂၀၀ ဝန်းကျင်ပါဝင်တဲ့ စစ်ကောင်စီတပ်သားတွေဟာ မေ ၁၃ ရက်မှာ ရွာရှည်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာစဥ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးများတယ်လို့ Myingyan Black Tiger – MBT တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“၂ ရက်နီးပါး နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုတွေမှာ အကြမ်းဖက် ‌ေ-တပ်ဘက်က ၆၀ ကျော် သေတယ်။ ၈၀ ကျော် ဒဏ်ရာရတော့ သူတို့စစ်ကြောင်း တန့်သွားပြီး ရှေ့မဆက်နိုင်တော့ဘူး။ ညပိုင်းရောက်မှ ‌ေ-အလောင်းတွေနဲ့ ဒဏ်ရာရတဲ့‌ေ-တွေကို ဖောကား ၂ စီးနဲ့အပြည့် ၂ ခေါက် ကတောရွာဘက်ကို သယ်သွားတယ်။”

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ မေ ၁၄ ရက် မနက်စောပိုင်း စစ်ကောင်စီ စစ်ကြောင်းကို ထပ်မံထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ရေတပ်ကနေ လက်နက်ကြီးပစ်ကူ၊ ဒရုန်းတွေနဲ့လည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်တပ်ပေါင်းစုတွေဘက်က ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့တပ်ပေါင်းစုဘက်ကလည်း ရဲဘော် ၁၅ ဦးလောက် မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့ကြတယ်” လို့ တိုက်ပွဲအတွင်း ပါဝင်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

ပြည်သူ့ကာကွယ်တပ်ပေါင်းစုတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးဒဏ်ရာရသူ များပြားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရွာရှည်ကျေးရွာအတွင်း ဝင်ရောက်ပြီး ဒေသခံပြည်သူ ၅ ဦးကို သတ်ဖြတ်ကာ ရွာဦးဘုန်းကြီးကျောင်း အပါအဝင် ရွာလုံးကျွတ် မီးရှို့သွားပြီး မရိုးကုန်းကျေးရွာက လူနေအိမ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွာရှည်ကျေးရွာ ဒေသခံတဦးက “စစ်တပ်စစ်ကြောင်းလာတော့ ရွာသားတွေ အကုန်ထွက်ပြေးကြတာ။ စစ်သားတွေက အသက်ကြီးတဲ့သူတွေကို ဘာမှမလုပ်လောက်ပါဘူး ဆိုပြီး မပြေးဘဲနဲ့ အိမ်တွေမှာ နေခဲ့ကြသူတွေနဲ့ ကျန်းမာရေးမကောင်းလို့ နေခဲ့ကြတဲ့ ရွာက အသက် ၄၅ နဲ့ ၇၀ ကြား ဒေသခံ ၅ ယောက်ကို မီးရှို့ပစ်သတ်သွားကြတယ်။ အိမ်တွေက ပစ္စည်းတွေကိုလည်း သူတို့စိတ်တိုင်းကျ Faw ကားတွေနဲ့ တင်ယူသွားကြပြီး ရွာလုံးကျွတ် မီးရှို့သွားခဲ့ကြတယ်” လို့ ပြောပါတယ်။

မီးရှို့သတ်ဖြတ်ခံလိုက်ရသူတွေဟာ ၄၅ နှစ်အရွယ် ကိုမင်းနိုင်၊ ၅၅ နှစ်အရွယ် ဦးမြင့်မောင်၊ ၆၅ နှစ်အရွယ် ဒေါ်ပေါကြည်၊ အသက် ၇၀ အရွယ် ဦးသန်းမြိုင် နဲ့ ဒေါ်မြသွင် တို့ဖြစ်တယ်လို့ ဆိုပါတယ်။

ကူညီဆောင်ရွက်ပေးနေသူတဦးက “အဲဒီ ၅ ယောက်ကတော့ မီးရှို့အသတ်ခံရတာပါ။ ဒါပေမဲ့ ရွာကလူတွေ ပျောက်ဆုံးနေတာ ရှိသေးတယ်။ စုံစမ်းနေတုန်းရှိသေးလို့ အတိအကျပြောလို့ မရသေးဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၉ ရက်မှာ မြင်းခြံမြို့နယ်၊ ဆုံရွာတိုက်ပွဲကနေ ပြန်လာတဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တွေကို ကြိုဆိုနေတဲ့ဓာတ်ပုံတွေ လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပြီးနောက် စစ်ကောင်စီက အခုလို စစ်ကြောင်းထိုးပြီး ပြည်သူတွေကို သတ်ဖြတ် မီးရှို့တာတွေ လုပ်နေတာလို့ ၀ါရင့်နိုင်ငံရေးသမားတဦးက သုံးသပ်ပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Myingyan Black Tiger - (MBT) မြင်းခြံခရိုင်တပ်ရင်း ၉၊ မြင်းခြံခရိုင် တပ်ရင်း ၆၊ တပ်ခွဲ ၁ နောင်ရိုးပြောက်ကျားတပ်ဖွဲ့၊ Bright Star Group၊ ဗိုလ် ၆၀ တပ်ဖွဲ့၊ Popa Guerilla Force၊ Royal Eagle People Defence၊ Myingyan Danger Dynamite၊ Drone Fighter Kani - D.F.K၊ Anyar Federal Task Force၊ 27 Revolution Force၊ BGF နဲ့ အခြားညီနောင်မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြုလုပ်ခဲ့တာလို့ သိရပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ရွှေဘိုရွာကိုလည်း စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက မေ ၁၆ ရက် မနက်မှာ မီးရှို့နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။

မြောက်ခင်ရန်းရွာကနေ ရေသာရွာဘက် စစ်ကြောင်းတကြောင်း၊ ‌ရွှေဘိုရွာ အနောက်ဘက်ကနေ စစ်ကြောင်းတကြောင်း၊ သင်တောရွာဘက်ကနေ စစ်ကြောင်းတကြောင်း၊ ရွှေဘို-မြောက်ခင်ရန်း ကားလမ်းမပေါ်ကနေ စစ်ကြောင်းတကြောင်း စုစုပေါင်း အင်အား ၂၀၀ လောက်ရှိ စစ်ကြောင်း ၄ ကြောင်းခွဲကာ ရွှေဘိုရွာဘက်ကို စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ် တိုက်ပွဲဖြစ်ပွားပြီးနောက် ရွှေဘိုရွာက ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာလို့ ဆိုပါတယ်။

ဂန့်ဂေါနယ်က ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုသားဇင်က “သူတို့ ညကတည်းကစ စစ်ကြောင်းတက်ခဲ့တာ။ မနက်စောစောမှာ ကျနော်တို့တပ်ဖွဲ့တွေနဲ့ ၁ နာရီလောက် ထိတွေ့ဖြစ်တယ်။ အခု ကျနော်တို့ဘက်က နောက်ဆုတ်ပေးထားရတယ်။ ကျနော်တို့ နောက်ဆုတ်ပေးပြီး ရွှေဘိုရွာကို ဝင်မီးရှို့တယ်။ ၁၀ ခွဲလောက်က စရှို့တာ။ မြင်ရသ‌လောက်ဆိုရင် မီးရှို့ခံရတဲ့အိမ်ခြေ ၁၀ လုံးလောက်ရှိနေပြီ။ တိုက်ပွဲတွင်း ထိခိုက်မှု အခြေအနေတော့ မသိရသေးဘူး” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ် မီးရှို့နေတာကြောင့် အိမ်ခြေ ၇၀၀ ဝန်းကျင်၊ ‌လူဦးရေ ၂,၅၀၀ ကျော် နေထိုင်တဲ့ ရွှေဘိုရွာ အပါအဝင် ရေသာရွာက ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

ရွှေဘိုရွာခံတဦးက “စစ်ကြောင်းဝင်မယ်ကြားလို့ မနေ့ညနေကတည်းက ရွာကနေ ရှောင်နေကြတာ။ မနက်မှာ ရွာကို စစ်ကြောင်းဝင်ခဲ့တာပဲ။ အခုတော့ ကျမတို့က နှမ်းခါးဘက်မှာ ရှောင်နေတာ။ ကျန်တဲ့လူတွေကတော့ တောထဲလည်း ပြေးကြတယ်။ တခြားရွာတွေလည်း ပြေးကြတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက‌တော့ နယ်မြေရှင်းလင်းရေး အကြောင်းပြကာ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးကာ နေအိမ်တွေ မီးရှို့ဖျက်ဆီးပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်နေတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်ကလည်း စစ်ကောင်စီက ရွှေဘိုရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်ကာ ရွှေဘိုရွာက နေအိမ် ၃၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး သင်တောရွာက ဒေသခံ ၇ ဦး၊ ရွှေဘိုရွာသား ၂ ဦးနဲ့ ရေသာရွာသား ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ စီးပွားရေးဘဏ်မှာ အထိုင်ချ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ကို မေ ၁၆ ရက် မနက် ၄ နာရီလောက်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်တွေထံက‌ေန သိရပါတယ်။

PDF ရဲဘော် ကိုတာနောစိုးကြီးက “အလစ်ဝင်ရောက်ပြီး ပစ်ခတ်ခဲ့တယ်။ စစ်သား ၂ ဦးကတော့ နေရာတင် သေဆုံးမယ်ဗျ။ ကျနော်တို့လည်း အပိုင်ပစ်ခတ်ပြီး ပြေးခဲ့တော့ အထိအခိုက်‌ေတာ့ မရှိခဲ့ဘူး” လို့ DVB ကို ပြောပါတယ်။

ပစ်ခတ်ခံရပြီးနောက် ဘဏ်ရှေ့ကနေ လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ကောင်စီတပ်က စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“စစ်ကောင်စီဘဏ်အ‌စောင့်စစ်သား‌တွေကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ပစ်ခတ်တယ် ဆိုတာတော့ သိတယ်ဗျ။ စစ်သားသေဆုံးတယ်၊ မသေဆုံးဘူး ဆိုတာတော့ အတည်ပြုလို့ မရဘူး။ မနက်ခင်းပိုင်းကတော့ အဲဒီဘဏ်အနီး သွားကြည့်သေးတယ်။ အဲလိုသွားကြည့်တော့ စစ်ကောင်စီဘက်က တားဆီးစစ်ဆေးတာတွေ လုပ်‌ေနတာ မြင်ခဲ့ရတယ်။”

ရွှေဘိုမြို့၊ ရန်မျိုးအောင်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ အထိုင်စခန်းလည်း မေ ၁၅ ရက် မနက် ၇ နာရီခွဲက ဒရုန်းယာဉ်နဲ့ ဗုံးသီးချ တိုက်ခိုက်ခံရတယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။

ရပ်ကွက်နေ ပြည်သူတဦးက “ကနဦး ကောင်းကင်ပေါ်ကနေ ဒရုန်းတစီးပျံတာ တွေ့ရတယ်။ အဲလိုပျံသွားပြီး ရန်မျိုးအောင် ဘုန်းကြီးကျောင်းထဲကနေ ပေါက်ကွဲသံ ၂ ချက် ကြားလိုက်ရတယ်။ စစ်သားတွေရဲ့ အော်ပြီး ဆဲဆိုတဲ့အသံတွေ ကြားရတယ်။ လက်နက်ငယ်တွေနဲ့ အဲဒီဒရုန်းကို ပြန်ပစ်တဲ့အသံတွေလည်း ကြားရတယ်။ ဒရုန်းချလို့ စစ်သားအသေအဆုံးကတော့ မသိရဘူးလေ။‌ စစ်ကောင်စီရှိတဲ့ နေရာတွေကိုလည်း ဘယ်သူကမှ မသွားရဲကြဘူး။ စစ်ကောင်စီဘက်ကလည်း သူတို့နေတဲ့နေရာကို ပြည်သူတွေ အဝင်အထွက် မလုပ်ရဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ အခုလို ဒရုန်းချတိုက်ခိုက်ခံရပြီး ဘုန်းကြီးကျောင်းအနီး ရပ်ကွက်အတွင်း အရပ်ဝတ်တွေနဲ့ ကင်းပုန်းဝပ်တာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက “ဒရုန်းက ၂ လုံးချ တိုက်ခိုက်ခဲ့တာဗျ။ အဲဒီဘုန်းကြီးကျောင်းထဲနေတဲ့ စခတွေက လမ်းသွားလမ်းလာတွေကို လုံခြုံရေးအရဆိုပြီး ဖမ်းစီးစစ်ဆေးတာတွေ လုပ်တယ်။ အဲလိုလုပ်ပြီး အတင်းအဓမ္မ ပိုက်ဆံတောင်းတာတွေ လုပ်တယ်။ ကျနော်တို့ ဒရုန်းချတာကြောင့် စခတွေ အသေအပျောက်တော့ ရှိမယ်ဗျ၊ ကျနော်တို့ စုံစမ်းနေဆဲပါပဲ” လို့ ပြောပါတယ်။

တိုက်ခိုက်မှုကို နယ်စည်းမခြား ရွှေဘိုသား ဒရုန်းတပ်ဖွဲ့မှ အဆင့်မြင့် fix winds နည်းပညာမြင့် လေယာဉ်ပုံစံ ဒရုန်းယာဉ်နဲ့ တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံး အခြေအနေကိုတော့ DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013