DVB Logo
Home
မြန်မာသတင်း
ဂီတအကယ်ဒမီဆုပေးပွဲ ကျင်းပရန် စစ်ကောင်စီ စီစဉ်
DVB
·
May 16, 2024
ဂီတအကယ်ဒမီဆုပေးပွဲ ကျင်းပရန် စစ်ကောင်စီ စီစဉ်
Donate to DVB

မြန်မာနိုင်ငံဂီတနေ့ အခမ်းအနားနဲ့ ဂီတအကယ်ဒမီဆုပေးပွဲ (Music Academy Awards) ကို ကျင်းပဖို့ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)နဲ့ စစ်ကောင်စီတို့ ပူးပေါင်းစီစဉ်နေတယ်လို့ စစ်ကောင်စီပြန်ကြားရေး သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မေ ၁၅ ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှာ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းနဲ့ မြန်မာနိုင်ငံ ဂီတအစည်းအရုံးတာဝန်ရှိသူတွေ၊ ဂီတအနုပညာရှင်တွေ တွေ့ဆုံရာမှာ  ဂီတအကယ်ဒမီဆုပေးပွဲကိစ္စ ထည့်သွင်းဆွေးနွေးခဲ့တာပါ။

စစ်ကောင်စီပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက အခုအခါ ဂီတလောကသားတွေ အနေနဲ့ ဂီတစွမ်းရည်ကို စုစည်းပြသဖို့ အချိန်အခါသင့်ပြီလို့ ရှုမြင်ပြီး   ၂၀၂၄ ခုနှစ် ဇွန် ၂၇ ရက်မှာမြန်မာနိုင်ငံဂီတနေ့အခမ်းအနားကို ဂီတသမားတွေ အားလုံး ပူးပေါင်းပါဝင်ဆင်နွှဲကြဖို့ ပြောပါတယ်။

ဒါ့အပြင် ဂီတအကယ်ဒမီဆုပေးပွဲ (Music Academy Awards)ကိုလည်း ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာကျင်းပဖို့၊ ရွေးချယ်ပေးအပ်မယ့် ဂီတဆုအမျိုးအစားအရေအတွက်နဲ့ ဆုချီးမြှင့်ဖို့ ပမာဏ၊ ဆုရွေးချယ်စိစစ်ရေး အဖွဲ့နဲ့  ရွေးချယ်မှုစနစ်ပုံစံတွေဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

ဂီတအကယ်ဒမီဆုပေးပွဲကျင်းပမယ့်အပေါ် ပြည်တွင်းက တေးရေးဆရာတဦးက “ဒီအချိန် ဒါလုပ်တာ မထူးဆန်းဘူး။ ခေတ်ပျက်တိုင်းပြည်မှာ နေ၊ ခေတ်ပျက်ထဲက စစ်မိစ္ဆာတွေနဲ့ ဘယ်လိုဖြစ်ဖြစ် ဖြတ်သန်းနေရတာဆိုတော့ ဒါ လုပ်သင့်တာ၊ မလုပ်သင့်တာ သူတို့ တွေးကိုတွေးမှာမဟုတ်။ တွေးလည်း မတွေးကြလို့ ပြန်မတက်နိုင်တဲ့ တွင်းဆုံးထဲ ရောက်နေတာလေ။ သိတဲ့အတိုင်း ဒီတိုင်းပြည်မှာ ဂီတတင်မက စာပေ၊ ရုပ်ရှင်၊ အနုပညာ ဘယ်ကဏ္ဍမှာများ တိုးတက်ကောင်းမွန်လာတာရှိလို့လဲ။ ကျနော်ဆို ဘာအခမ်းအနား၊ ဘာပွဲမှ မတက်ဖြစ်တာ ကြာပါပြီ။ အနုပညာအလုပ်က လုပ်လို့ရတဲ့ စိတ်အခြေအနေနဲ့မှ ဆက်သွားနိုင်မှာဗျ။ အဲဒီတော့ ဒီပွဲအကြောင်း တိုတို ပြောရရင် လုပ်ပွဲ၊ ဘောမတဲ့ပွဲ၊ ဆုပေးတဲ့သူရော ဆုလက်ခံတဲ့သူရော ဒီပုတ်ထဲက ဒီပဲလို့ပဲ ပြောချင်တယ်ဗျာ” လို့ ပြောပါတယ်။

စစ်အာဏာသိမ်း ၃ နှစ်ကျော် ကာလ မြန်မာနိုင်ငံမှာတော့ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ ကဏ္ဍတွေ အသီးသီးမှာ ဘက်ပေါင်းစုံက ကျဆင်းလာနေခဲ့ပြီး အနုပညာကဏ္ဍကတော့ စစ် ကောင်စီ ဝါဒဖြန့်ဖို့ အသုံးချခံတွေလို ဖြစ်လာနေတာပါ။

စစ်ကောင်စီ ဩဇာခံ ရုပ်သံဌာနတွေမှာ သီချင်းဆိုပြိုင်ပွဲတွေ လုပ်နေသလို ခေတ်ဆိုးခေတ် ပျက်ထဲက ပြိုင်ပွဲတွေဟာလည်း ပိုမိုများပြားလာနေပြီး ပြည်သူ့ဘက်မျက်နှာ မမူတဲ့ အနုပညာရှင်တွေဟာလည်း ဆက်လက်ပြီးတော့ စစ်ကောင်စီနဲ့ ပူးပေါင်းပါဝင်နေကြတာပါ။

တေးရေးဆရာတဦးက “ကျနော်တို့ လုပ်ခဲ့တဲ့ ပြိုင်ပွဲတွေ သိတဲ့အတိုင်း ဒေါင်ဒေါင်မြည် အဆိုတော်တွေ မွေးထုတ် ပေးနိုင်ခဲ့တာ၊ ခုချိန်ထိ သူတို့ယုံကြည်တဲ့ လမ်းပေါ် လျှောက်နေကြတုန်းပဲ။ မတူညီတဲ့ လမ်းပေါ်က သူတွေကိုတော့ ကျနော်ဆက်မပြောလိုဘူးဗျာ။ ရန်ငါပြတ်ချိန် က ဒီအချိန်ပဲ။ အသက်န္တရာယ်ကြား တော်လှန်နယ်မြေတွေမှာ ရှင်သန်ရင်း နိုင်တဲ့အားနဲ့ တိုက်နေတဲ့ ဂီတအနုပညာရှင်တွေကိုပဲ အနုပညာရှင်လို့ သတ်မှတ်တယ်။ စစ်အုပ်စုပေးတဲ့ဆုနဲ့ လက်ခံတဲ့သူ ဘယ်သူဘယ်ဝါဘာညာဆိုတာ သမိုင်းကို ရေးနေကြတဲ့ ကျနော်တို့ လက်ရေးတွေပေါ့။ လှပတဲ့ လိပ်ပြာဆိုတာ ကျနော်တို့ကိုယ်တိုင် ထုဆစ်ကြရတာပါဗျာ”လို့ ပြောပါတယ်။

စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြသူထဲမှာ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) (ယာယီအမှုဆောင်အဖွဲ့) ဥက္ကဋ္ဌ ဦးလွင်မြင့်နဲ့ တာဝန်ရှိသူတွေ၊ သီးခြားဖိတ်ကြားထားတဲ့ ဂီတပညာရှင်တွေလို့ ဖော်ပြထားပြီး ဘယ်အဆိုတော်၊ ဂီတအနုပညာရှင် တွေ တက်ရောက်ခဲ့တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရပါဘူး။

အာဏာသိမ်း စစ်ကောင်စီဟာ နွေဦးတော်လှန်ရေးမှာ ပြည်သူ့ဘက်က ရပ်တည်တဲ့ အနုပညာရှင်တွေကို ဖမ်းဆီးအကျဉ်းချနေတာရှိသလို ပြန်လွတ်လာချိန်မှာလည်း ခံဝန်လက်မှတ်ထိုးခိုင်းပြီး အကယ်ဒမီပေးပွဲနဲ့ သင်္ကြန်ပွဲအပါအဝင် စစ်ကောင်စီ စီစဉ်တဲ့ အခမ်းအနားတွေမှာ ပါဝင်တက်ရောက်ခိုင်းနေတာ ဖြစ်ပါတယ်။ 

Photo-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013